ဖိုးရှုပ်။ ။ အိုးမိုင်ဂေါ့ဒ် … ။
ရုက္ခစိုး။ ။ မလန့်ပါနဲ့ သတင်းထောက်ရာ၊ ငါပါ ကွ။ မင်းတို့ ငါ့ဆီပေါ်မလာတော့ ငါက လိုက်လာရတာပေါ့။ ဘယ်လိုဖြစ် တာလဲ၊ လက်ထဲမှာလည်း အင်္ဂလိပ်သတင်းစာနဲ့၊ လန့်ပြီး အော်တာလည်း အင်္ဂလိပ်လိုအော်တယ်၊ မင်းဆီက အင်္ဂလိပ်နံ့ နံလိုက်တာကွာ။
ဖိုးရှုပ်။ ။ နံလည်း မတတ်နိုင်ဘူး၊ အနောက်တိုင်းမှာသုံးတဲ့ ဘိုစကားကိုတော့ ကျင့်ထားရမယ်ဗျ။ ဒါမှ သူတို့ကို ဖားတဲ့ အခါ၊ ပြီးတော့ ဆဲတဲ့အခါ စိတ်သွားတိုင်း ကိုယ်ပါနိုင်မယ်။
ရုက္ခစိုး။ ။ အင်း … ကောင်းလိုက်တဲ့ရည်ရွယ်ချက်။ ဒါနဲ့ ပရောဂျက် (အင်န်ဂျီအို) တခုမှာ အလုပ်ရတယ်ဆိုတဲ့ ဟိုကောင် ကြွက်စုတ် မတွေ့ပါလား။ မဟုတ်မှလွဲရော အလုပ်သစ်မှာ အလုပ်ပိနေပြီထင်တယ်။
ဖိုးရှုပ်။ ။ အလုပ်ပိတာမဟုတ်ဘူး၊ အလုပ်ပြုတ်သွားတာဗျ၊ ပြုတ်သွားတာ။ အခု ခရီးထွက်နေတယ်။
ရုက္ခစိုး။ ။ ဟုတ်ရဲ့လားကွာ။ ခုမှ အလုပ်ဝင်ခါစ ရှိသေးတယ်။ ဒီကောင်က ဘိုလိုရေးတာရော ပြောတာရော ပြီးတော့ ကျောင်းပညာ၊ ပေါင်းသင်းဆက်ဆံရေး၊ အတွေ့အကြုံ အားလုံး ကောင်းတယ်ဆို။ ဘာလဲ … အမျိုးသမီးမဟုတ်လို့ အလုပ်မခန့်ချင်တာလား။
ဖိုးရှုပ်။ ။ ကျား-မ ပြဿနာမဟုတ်ဘူးဗျ။ အဓိက ပြဿနာက ဖိုးရှုပ်က ပြည်ပရောက်အတိုက်အခံတယောက် ဖြစ်နေလို့ ဆိုပဲ။
ရုက္ခစိုး။ ။ ဟိုက် … မြတ်စွာဘုရား။ အင်န်ဂျီအိုတွေ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြည်ပြေးဆိုတဲ့ ပြည်ပရောက်အတိုက်အခံသမားတွေနဲ့ပဲ တွဲလုပ်၊ ပေါင်းလုပ်နေတာ မဟုတ်ဘူးလား။ ရန်ကုန်သတင်းစာထဲမှာ ဒီလိုပဲ ရေးထားတာ ဖတ်ဖူးတယ်။
ဖိုးရှုပ်။ ။ နိုး … နိုး … မဟုတ်တော့ဘူး ဦးရုက္ခစိုးရဲ့။ နိုင်ငံခြားအဖွဲ့အစည်းတွေက နေပြည်တော်ကို အာရုံကျနေကြတာ။ ဖိုးရှုပ်တို့လို အတိုက်အခံတွေ လှုပ်ရှားလာတာ သက်တမ်း အနှစ် ၂၀ ရှိပြီ၊ ဒီမိုကရေစီရဲ့အရိပ်တောင် မမြင်ရသေးဘူး တဲ့။ funding လည်း ပေးရ၊ မျက်မာန်လည်း ရှနေကြတယ်။
ရုက္ခစိုး။ ။ ဒါကတော့ကွာ ဒီအတိုက်အခံတွေက ပြည်ပကို တိမ်းရှောင်ရ ပြေးရတဲ့သူတွေပဲ မဟုတ်လား။ ဒီမိုကရေစီရဖို့ ငါ နိုင်ငံခြားထွက်မယ် ဆိုတဲ့သူတွေမှ မဟုတ်တာကွာ၊ ဒီမိုကရေစီအာမခံချက် ဘယ်ပေးနိုင်ပါ့မလဲ။
ဖိုးရှုပ်။ ။ ဆရာတွေက နေပြည်တော်နဲ့ ရွှေလမ်းငွေလမ်းဖောက်မယ်ဆိုတော့လည်း အကြောင်းပြချက်ရှာတာပေါ့။ နယ်စပ်ဒေသကို ဦးစားမပေးတော့ဘူး၊ ပြည်ပြေးတွေနဲ့ မတွဲတော့ဘူးပေါ့ဗျာ။
ရုက္ခစိုး။ ။ အဲဒီဆရာတွေ နယ်ပြောင်းပြီး လှုပ်ရှားတာလည်း သဘာဝကျပါတယ်။ ငါတောင်မှ တောင်ပေါ်မှာပျင်းလို့ မင်းတို့ဆီ ဆင်းလိုက်လာရတာပဲ ကြည့်လေ။
ဖိုးရှုပ်။ ။ ဒီဆရာတွေက အပျင်းပြေ ကွင်းပြောင်းတာတော့ မဖြစ်နိုင်ပါဘူးဗျာ။
ရုက္ခစိုး။ ။ ဒါဆို … စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ တွဲလုပ်လို့ အဆင်ပြေတယ်၊ ဒါကြောင့် ပြောင်းချင်တယ် ဆိုတာရော မဖြစ်နိုင်ဘူးလား။
ဖိုးရှုပ်။ ။ ဟာဗျာ … ဂလိုဘယ်ဖန်းအဖွဲ့ကြီးတောင် စိတ်ဓာတ်ကျပြီး ထွက်သွားတာ သိပ်မကြာသေးဘူး။
ရုက္ခစိုး။ ။ ဘာလဲကွ ဂလိုဘယ်ဖန်း … ။
ဖိုးရှုပ်။ ။ ကုလသမဂ္ဂရဲ့ ရန်ပုံငွေပရောဂျက်ကြီးလေဗျာ။ ကန့်သတ်၊ တားမြစ်တာတွေများလို့ နောက်ဆုတ်သွားတာလေ။
ရုက္ခစိုး။ ။ သြော် … ငါ မှတ်မိပြီ။ အင်း … ဒီဆရာတွေလည်း စမ်းကြည့်ချင်တဲ့သဘောဖြစ်ပါလိမ့်မယ်။ ပြီးတော့ သူတို့မှာ တခြား လူမမြင်နိုင်တဲ့ မက်မောစရာတွေလည်း ရှိရင် ရှိမှာပေါ့။
ဖိုးရှုပ်။ ။ လူမမြင်ဘူးဆိုတော့ နတ်တွေရော မြင်ရသလား၊ မက်မောစရာ ဘာတွေ မြင်ရသလဲ။
ရုက္ခစိုး။ ။ ဟီးဟီး … ငါလည်း မမြင်ရပါဘူးကွာ။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း အားမကိုးရပါဘူး။ ကဲဗျာ … တကူးတကလာတဲ့အတွက် ကျေးဇူးပါပဲ။ ကျနော်လည်း သွားစရာရှိလို့ သွားလိုက်ပါဦးမယ်။ နောက်မှ တွေ့မယ်ဗျာ။
ရုက္ခစိုး။ ။ ဟေ့ … နေပါဦး၊ ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန်ခဲ့တယ် တဲ့။ သတင်းသမားပြန်ရင် ပုလင်း … အဲ … အချက်အလက်တွေတော့ ကျန်ခဲ့မှဖြစ်မယ်။ အချက်အလက် နည်းနေသေးတယ်၊ ပြောစမ်းပါဦး ကြွက်စုတ်ကို ကန်ထုတ်လိုက်တဲ့ဆရာတွေအပြင် ဘယ်သူတွေ နေပြည်တော် သွားချင်သေးသလဲ။
ဖိုးရှုပ်။ ။ အကူအညီပေးရေးအဖွဲ့တဖွဲ့ဗျာ။ ဥရောပက အစိမ်းရောင်နိုင်ငံရေးအဖွဲ့ရဲ့ လက်အောက်ခံလို့ ပြောတာပဲ။ သူတို့က နေပြည်တော်ဗိုလ်ချုပ်ကြီးတွေကို သိပ်ချစ်တဲ့စကားတွေ ပြောပြောနေတယ်။ ဥရောပမှာတော့ သူတို့က လက်ဝဲတွေပဲ၊ ဒါပေမယ့် မြန်မာပြည်မှာတော့ ဗိုလ်ချုပ်ကြီးတွေကို အရမ်းချစ် ဆိုပဲ၊ သွားပြီ ဦးရုက္ခစိုးရေ၊ ဂွတ်ဘိုင်။
ဦးရုက္ခစိုးလည်း ဖိုးရှုပ်ကို ကြည့်ပြီး ကျန်ခဲ့လေသည်။ ဖိုးရှုပ်က လမ်းလျှောက်ရင်း သီချင်းနားထောင်ရန် အမ်ပီသရီးပလေယာကို ဖွင့်ပြီး စိုင်းထီးဆိုင်၏ သီချင်းများကို ရွေးလိုက်သည်။ “အချစ်မှာ မျက်စိမရှိပါ” ဟူသောသီချင်းက ပထမဆုံး ထွက်ပေါ်လာလေသည်။ ။
< Prev | Next > |
---|