ငြိမ်းချမ်းရေး အတွက် တိုက်ပွဲရှိရမယ်

ချင်းမိုင် ရုက္ခစိုး ခြေထောက်တွင် ဗွေပေါက် နေသည်။ ဝါရှင်တန်မှ ပြန်လာသည်မှာ မကြာသေး၊ မြန်မာပြည် တနေရာသို့ ရောက်သွား ပြန်သည်။ နေရာ အတိအကျ ပြောရလျှင် သတင်းထောက် ဖိုးရှုပ်၏ စီစဉ်ပေးချက်အရ အရေးကြီး ပုဂ္ဂိုလ်တဦးနှင့် တွေ့ဆုံရန် ဂေါက်ကွင်းတခုတွင် ရောက်နေခြင်း ဖြစ်သည်။ အနှီပုဂ္ဂိုလ်မှာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး  ပြုလုပ်ထားသည့် အဖွဲ့တခုမှ ဖြစ်သည်။ “ဒီလူနဲ့ တွေ့လိုက်ပါ၊ စိတ်ဝင်စားစရာ ကောင်းပါတယ်” ဟု ဖိုးရှုပ်က ဆို၏။

ဦးရုက္ခစိုးက ဂေါက်ကွင်းတွင် ကြိုတင် ရောက်နေသည်။ “ပြန်လာတဲ့အခါ ကျနော့်အတွက် လက်ဆောင်တခု ဝယ်ခဲ့ဗျာ” ဟူသော ဖိုးရှုပ်၏ စကားများကို စဉ်းစားနေမိသည်။ ခုတလော ဖိုးရှုပ်ကို ကြည့်ရတာ ပြောင်ပြောင် ရောင်ရောင် မရှိ။ “လခ မရတာ ကြာပြီဗျာ” ဟုလည်း ညည်းပြတတ်သည်။ ထို့ကြောင့် အပြန်တွင် ဖိုးရှုပ်အတွက် လက်ဆောင် တခုခု ဝယ်ရန် ဆုံးဖြတ် လိုက်သည်။

ထိုသို့ တွေးနေခိုက် ဂေါက်ကွင်းထဲသို့ ကားတစီး ဝင်လာသည်။ ကားပေါ်မှ လူတဦး ဆင်းလာသည်။ ဦးရုက္ခစိုး တွေ့လိုသူဖြစ်သည်။ ဦးရုက္ခစိုးက သွားရောက် နှုတ်ဆက်လိုက်သည်။

ရုက္ခစိုး။     ။ တွေ့ရတာ ဝမ်းသာပါတယ် ဗိုလ်မှူး။ နေကောင်းရဲ့လား။

ဗိုလ်မှူး။     ။ ကောင်းပါတယ်ဗျာ။ ကျနော် အစည်းအဝေးတခု တက်နေလို့ နောက်ကျသွားတယ်။ မလွယ်ဘူးဗျို့။ ငြိမ်းချမ်းရေး ယူထားလို့ အပစ်အခတ်တွေ ရပ်လိုက်ပေမယ့် စည်းဝေးတာတွေ၊ ဆွေးနွေးတာတွေ အဆက်မပြတ် လုပ်နေရတာတော့ စိတ်ညစ်ရတယ်ဗျာ။ ဂေါက်သီးရိုက်တာက အရေးကြီးတော့ ပျက်ကွက်လို့ မဖြစ်ဘူး။ ဟဲဟဲ … ။

ဦးရုက္ခစိုးတို့ စကားပြောနေခိုက် အမျိုးသမီးငယ်တဦး ကားထဲမှ ထွက်လာသည်။ ကားထဲမှ ဂေါက်အိတ်ကြီးကို ဆွဲထုတ်လာသည်။ ကားရှေ့ခန်းတွင်လည်း အမျိုးသမီးငယ်တဦး ထိုင်နေသည်။

ရုက္ခစိုး။     ။ သြော် … ဒီကောင်မလေးလည်း ဂေါက်သီး ရိုက်တယ်နော်။ ကောင်းတယ်ဗျာ၊ နိုင်ငံတကာမှာလည်း အမျိုးသမီးတွေ … …

ဦးရုက္ခစိုးစကား၏ မဆုံးမီ ဗိုလ်မှူးက ကြားဖြတ် ပြောလိုက်သည်။

ဗိုလ်မှူး။     ။ ဒီကောင်မလေးက ကျနော့် ဂေါက်အိတ် သယ်ဖို့ ခေါ်ခဲ့တာပါ။

ရုက္ခစိုး။     ။ ကားထဲက ကောင်မလေးကရော ဂေါက်သီး မရိုက်ဘူးလား။

ဗိုလ်မှူး။     ။ သူလား၊ သူက ဒါတွေ စိတ်မဝင်စားပါဘူး။

ရုက္ခစိုး။     ။ အင်းလေ ငယ်သေးတာကိုး။ သူက ဗိုလ်မှူးရဲ့ သမီးထင်တယ်။

ဗိုလ်မှူး။     ။ သူက … ကျနော့်ရဲ့ အင်း … ဘယ်လိုခေါ်မလဲ၊ … ကျနော်ရဲ့ ဟိုဟာဗျာ။ ဟဲဟဲဟဲ … ခင်ဗျားတို့ ဗမာစကားကလည်း ပြောရ ခက်လိုက်တာ။ ဟဲဟဲဟဲ … ။

ရုက္ခစိုး။     ။ ဟုတ်ပြီ၊ ဟုတ်ပြီ၊ သဘောပေါက်ပြီ။

စကားပြော ဆင်ခြင်ရန် ဦးရုက္ခစိုး ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။ ဗိုလ်မှူး ဆိုသူက ဂေါက်ရိုက်တံ တချောင်းပြီး တချောင်း ပြောင်းလဲ၍ ရိုက်သည်။ ဂေါက်သီးကို မကြာခဏ ချော်ပြီး ရိုက်မိရာ ရုက္ခစိုးက မမြင်ချင် ယောင်ဆောင်နေရသည်။

ဗိုလ်မှူး။     ။ ကျနော့်ကားကို ဘယ်လိုမြင်လဲ၊ 2005 မော်ဒယ်လ် ဗျ။ ဝယ်တုန်းကတော့ ကိုးဆယ် ပေးရတယ်။ နည်းနည်းပါးပါး ရှိုင်းလိုက်တာ သိန်းတရာကျော် သွားပြီ။

ရုက္ခစိုး။     ။ ကျနော်က ကားအကြောင်းတွေ မသိပါဘူး။ စောစောက ဗိုလ်မှူးပြောတော့ ဒီနေ့ အစည်းအဝေးလုပ်တယ်ဆို၊ ဘာများ ထူးထူးခြားခြား ရှိလဲ။

ဗိုလ်မှူး။     ။ အလကားပါဗျာ။ ရဲဘော်တချို့က သူတို့မှာ ဖိနပ်စီးစရာတောင် မရှိဘူး ဆိုပြီး မီဒီယာကို ပြောလိုက်တဲ့ ကိစ္စပါ။ အဲဒါ ပြောတဲ့ရဲဘော်တွေကို စည်းကမ်းအတိုင်း အရေးယူဖို့ ကိစ္စပါ။

ရုက္ခစိုး။     ။ သြော် … ဟုတ်လား။

ဗိုလ်မှူး။     ။ မလွယ်ဘူးဗျာ။ လူကြီးတွေက အလုပ်များပါတယ်ဆိုမှ ဒီကောင်တွေက သိပ် ဒုက္ခပေးတယ်ဗျာ။

ဂေါက်သီးရိုက်သည့်အချိန် ကြာလာသည်နှင့်အမျှ ဂေါက်အိတ် သယ်သည့် အမျိုးသမီးငယ်၏ ခြေလှမ်းများက နှေးလာသည်။ ဦးရုက္ခစိုးတို့၏နောက် ခပ်လှမ်းလှမ်းတွင် ကျန်ရစ်ခဲ့သည်။

ရုက္ခစိုး။     ။ ဂေါက်အိတ်က ထမ်းရတာ တော်တော် လေးပုံရတယ်။ ကောင်မလေး မောနေပြီ ထင်တယ်။ ဘာကြောင့်  ယောက်ကျားလေးတွေကို ဂေါက်အိတ် မထမ်းခိုင်းတာလဲ။

ဗိုလ်မှူး။     ။ ဟာ … ဂေါက်အိတ်သယ်တာ ကောင်မလေးတွေကိုပဲ တာဝန်ပေးရမှာပေါ့။ အဲဒီလို မလုပ်ရင် တခြား ဗိုလ်မှူးတွေက အထင်သေးမှာ။

ရုက္ခစိုး။     ။ သြော် … ဟုတ်လား။

ဗိုလ်မှူး။     ။ ငြိမ်းချမ်းရေး ယူထားတယ် ဆိုပေမယ့် ကျနော်တို့ဘဝက မငြိမ်းချမ်းပါဘူးဗျာ။ ဘယ်ဗိုလ်မှူးက ဘယ်လို ကားမျိုး ဝယ်သလဲ၊ သူဆောက်တဲ့ အိမ်အသစ် က ငါဆောက်တဲ့ အိမ်ထက် ကြီးသလား ဆိုတာတွေ အချိန်ပြည့် နားစွင့်နေရတယ်။ အကျောခံလို့ မဖြစ်ဘူး။ သူ့ဧည့်ခန်းထဲမှာ နိုင်ငံခြား အရက်ပုလင်း ရှိတယ် ဆိုရင် ကိုယ့်ဧည့်ခန်းမှာလည်း ရှိမှ ဖြစ်မယ်။

ရုက္ခစိုး။     ။ သြော် …  အခုလို ဂေါက်သီးလာရိုက်မှပဲ ဗိုလ်မှူးရဲ့ စိတ်တွေ ငြိမ်းချမ်းရေး ရတော့မှာပဲ။ တခု မေးချင်သေးတယ်၊ အိမ်တွေ အများကြီး ဆောက်ထားပြီး ဘာလုပ်သလဲ။

ဗိုလ်မှူး။     ။ ဒါကတော့ လွယ်တယ်ဗျ၊ ကျနော့်ဇနီးတွေကို တအိမ်တယောက် ထားလိုက်တာပေါ့။ သူတို့က အတူတူနေလို့ မဖြစ်ဘူးလေ။ စောစောတုန်းက ကားထဲမှာ တယောက် တွေ့တယ် မဟုတ်လား။ သူ့အတွက် အိမ်တလုံး ဆောက်ရဦးမယ်၊ အလုပ်တွေက သိပ်များတယ်ဗျာ။ ဂေါက်သီးကလည်း မရိုက်လို့ မဖြစ်ဘူး။ ဂေါက်သီးရိုက်တာ ဂုဏ်ရှိတယ်ဗျ။ ဟဲဟဲ … ။

ရုက္ခစိုး။     ။ ဟုတ်ပြီ ဗိုလ်မှူးရေ၊ ကဲ … စကားပြောလို့တော့ ကောင်းပါရဲ့၊ ပြန်ပါဦးမယ်။

ဦးရုက္ခစိုးက ငြိမ်းချမ်းရေး ဗိုလ်မှူးကို နှုတ်ဆက်ပြီး ဂေါက်ကွင်းမှ ပြန်ခဲ့သည်။ အပြန်လမ်းတွင် သတင်းထောက် ဖိုးရှုပ်အတွက် လက်ဆောင်တခုခု ၀ယ်ရန် သတိရလိုက်သည်။ မည်သည့် လက်ဆောင်ပစ္စည်း ဝယ်ရမည် ဆိုသည်ကိုလည်း အလွယ်တကူ စဉ်းစားမိလေသည်။ ဤသို့ဖြင့် ဦးရုက္ခစိုးသည် ၎င်း စံမြန်းရာ ချင်းမိုင်မြို့သို့ ပြန်ရောက်လာသည်။

နောက်တနေ့ နံနက်တွင် ဦးရုက္ခစိုး ရှိရာ ဒွိုင်ဆူထေ့ တောင်ပေါ်သို့ ဖိုးရှုပ် ရောက်လာသည်။

ရုက္ခစိုး။     ။ ခွေးကောင်လေး၊ လာ … လာ … ငါ မင်းကို မျှော်နေတာ။

ဖိုးရှုပ်။     ။ ဘယ်လိုလဲ၊ ငြိမ်းချမ်းရေး ဗိုလ်မှူးနဲ့ တွေ့ခဲ့တယ် မဟုတ်လား၊ သူ ဘာပြောလဲ၊ ပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်မယ်တဲ့လား။

ရုက္ခစိုး။     ။ အဲဒါတွေ နောက်မှ ပြောတာပေါ့ကွာ၊ ငါ မင်းအတွက် လက်ဆောင် ဝယ်လာတယ်။

ဖိုးရှုပ်။     ။ ဟာ … ဦးရုက္ခစိုးက တယ်ဟုတ်ပါလား။ တကယ်ဝယ်လာတယ်နော်။ အားနာစရာကြီးဗျာ။

ရုက္ခစိုး။     ။ ကဲ … အားနာတာတွေ ခဏထား၊ ငါ မင်းကို မေးမယ်၊ မင်း … အိမ်ကြီး အိမ်ကောင်းတွေနဲ့ မနေချင်ဘူးလား။ ဧည့်ခန်းထဲ နိုင်ငံခြား အရက်ပုလင်းတွေ အပြည့်ကွာ။

ဖိုးရှုပ်။     ။ (တံတွေးတချက် မြိုချလိုက်ပြီး) ဘယ်လိုမေးလိုက်ပါလိမ့် ဦးရုက္ခစိုးရာ။

ရုက္ခစိုး။     ။ နောက်ဆုံးပေါ် ကားတွေနဲ့၊ ပြီးတော့ ဇနီးမယားတွေနဲ့ကွာ။ ညနေဘက်ဆို ဂေါက်ရိုက်ထွက်ရမယ်ကွာ။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးလက်ဆောင်က ဘာလဲဗျ၊ အရက်ပုလင်းလား။ ကားလား။ မိန်းမလား။ အိမ်လား။

ရုက္ခစိုး။     ။ လက်ဆောင်ကတော့ ဟော … ဟိုအပင်အောက်မှာပဲ၊ မင်း … သွားဖွင့်ကြည့်ပေတော့။

ဖိုးရှုပ်က အပင်အောက်သို့ ကြည့်လိုက်ရာ အိတ်ကြီးတလုံးကို တွေ့ရသည်။ အိတ်ကြီးရှိရာသို့ သွားပြီး ဖွင့်ကြည့်လိုက်သည်။

ဖိုးရှုပ်။     ။ ဟိုက် … ဦးရုက္ခစိုးရေ၊ သေနတ်တွေပါလားဗျ။

ရုက္ခစိုး။     ။ အေး … ဟုတ်တယ်ကွ။ အဲဒါ မင်းတို့ သတင်းထောက်တွေ အတွက်ပဲ။ မင်း ပေါက်ကရတွေ ရေးမနေနဲ့တော့။ ဒါတွေကို သုံးပြီး နယ်စပ်မှာ လက်နက်ကိုင်အဖွဲ့ ဖွဲ့ပေတော့။ အဖွဲ့ကို ကြီးထွားအောင် တဖြည်းဖြည်း တိုးချဲ့။ ပြီးရင် အပစ်အခတ် ရပ်စဲရေး လုပ်။ ဒါဆိုရင် မင်းလည်း နောက်ဆုံးပေါ်ကားတွေ ဝယ်၊ အိမ်ကြီးကြီးတွေ ဆောက်၊ ဇနီးမယားတွေယူပြီး အဲဒီအိမ်တွေမှာထား၊ ဂေါက်သီးလည်း ရိုက်ပေါ့ကွယ်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်