“ဒီနိုင်ငံအပေါ် ထားရှိတဲ့သဘောထားက ပြောင်းမှာမဟုတ်ဘူး”

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးအသစ်ဖြစ်သူ မစ္စတာ အင်ဒရုး ဟင်းန် (Mr Andrew Heyn)သည် မကြာသေး မီက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ၍ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုနှင့်ပတ်သက်ပြီး ဆွေးနွေးခွင့် ရခဲ့သည်။ သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချနိုင်ရေးအတွက် ရနိုင် သမျှသော အချက်အလက်များအား အာရုံစိုက် လေ့လာနေသည်ကိုလည်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။ ထို့ကြောင့် ဧရာဝတီက သံအမတ်ကြီး ဟင်းန်နှင့် ဆက်သွယ်၍ မေးမြန်းဖြစ်ခဲ့ပါသည်။

ယခု တွေ့ဆုံမေးမြန်းမှုတွင် သံအမတ်ကြီး ဟင်းန်းက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ရသည့် အတွေ့အကြုံ၊ သူ၏ တာဝန်အသစ် သံအမတ်ကြီးဘ၀၏ စိန်ခေါ်မှုများကိုလည်း ဆွေးနွေးထားပါသည်။

မေး။   ။ ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့အရေးယူမှုတွေအပေါ်မှာ ရပ်တည်ချက် ဘယ်လိုရှိတယ်ဆိုတာကို သံအမတ်ကြီးအနေနဲ့ ပြောပြပေးနိုင်ပါသလား။

ဖြေ။   ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရတာရယ်၊ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုနဲ့ ပတ်သက်လို့ သူနဲ့ လူကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးခွင့်ရတာတွေဟာ အင်မတန်ကြီးမားတဲ့ အခွင့်အရေးတရပ် ဖြစ်ပါတယ်။ သူ ရှင်းရှင်းပြောတာကတော့ အခုဟာ အချက်အလက် ရှာဖွေစုဆောင်းတဲ့ ကာလပါ။ သူ့အနေနဲ့ မူဝါဒရေးရာ ရပ်တည်ချက်ဖော်ပြဖို့အထိ အခြေအနေ မရှိသေးပါဘူး။ သူသိလို တာက (မြန်မာနိုင်ငံအပေါ်) လက်ရှိချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို သိချင်တယ်။ ဒီအပေါ်မှာ ဘယ်လိုမျိုး အရေးယူ ဆောင်ရွက်နေကြတယ်။ လက်တွေ့မှာ အခု ပိတ်ဆို့ဒဏ်ခတ်မှုတွေအပေါ် အကဲဖြတ် ဆန်းစစ်လေ့လာချက်တွေ ရှိ မရှိ သူသိချင်နေတယ်။ သူ့အနေနဲ့ တိတိကျကျ အကြံပြုချက်တခုလုပ်ဖို့ စောလွန်းပါသေး တယ်။ သူ့အနေနဲ့ အချက်အလက်တွေကို အရင်သိချင်နေတာပါ။ ပြီးတော့ သူ့ပါတီနဲ့ ဆွေးနွေးပါမယ်။ ကျနော်မျှော်လင့် တာက ကျနော်တို့ သူနဲ့တွေ့ဆုံရတဲ့ အစည်းအဝေးက လာမယ့်များစွာသော အစည်းအဝေးတွေထဲက ပထမအစလို့ ဆိုချင် ပါတယ်။ သူနဲ့ သူ့ပါတီအဖွဲ့ဝင်တွေ၊ မြန်မာနဲ့ နိုင်ငံတကာ ပြောရေးဆိုခွင့်ရှိသူတွေနဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပေးတွေ့သင့် တယ်လို့ လည်း ကျနော်တို့က စစ်အစိုးရကို တိုက်တွန်းလိုပါတယ်။

မေး။  ။ သူ့ကို မကြာသေးမီက တရားရုံးဆုံးဖြတ်ချက်အပြီး အကျယ်ချုပ်ချထားတဲ့ အခြေအနေနဲ့ပတ်သက်လို့ ရော ပြောဆိုဖြစ်ကြပါသလား။ သူ့အနေနဲ့ အကောင်းမြင်ရှိနေတယ်လို့လည်း ခန့်မှန်းရပါသလား။

ဖြေ။ ကျနော်က များမကြာခင် အခုနှစ်ဆန်းပိုင်းက တရားခွင်ကာလမှာ သူနဲ့တခါ တွေ့ခဲ့ဖူးပါတယ်။ အခုတကြိမ်ကတော့ သူနဲ့ ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးပြောဆိုရတာပါ။ သူက လေးစားဖွယ်ကောင်းလောက်အောင် ပြောဆိုတတ်ပါတယ်။ ကိစ္စတွေအပေါ် အလေးအနက်ရှိပြီး တည်ကြည်မှုလည်း ရှိပါတယ်။ သူက သူ့အိမ်အကျယ်ချုပ် အခြေအနေတွေကို မပြော ပါဘူး။ ကျနော်တို့ ပြောဆိုဆွေးနွေးကြတဲ့အချက်က စစ်အစိုးရက မေတ္တာရပ်ခံထားသလို ဒဏ်ခတ်ပိတ်ဆို့မှု ကိစ္စအပေါ်မှာ ပဲ ကန့်သတ်ထားပါတယ်။ အစည်းအဝေးတခုလုံးမှာ သူက အပြုသဘောဆောင်ပါတယ်။ ဆွေးနွေးမှုတွေကို အကောင်း မြင်ဘက်က ချဉ်းကပ်ပါတယ်။

မေး။   ။ အရင် သံအမတ်ကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ မာ့က် ကန်းနင်း (Mark Canning) က ပြောစမှတ်ဖြစ်လောက် အောင် စစ်အစိုးရ မူဝါဒတွေအပေါ်မှာ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် ၂၀၀၇ ခုနှစ် စက်တင်ဘာ လနဲ့ အောက်တိုဘာလ ဆန္ဒပြပွဲတွေ အကြမ်းဖက် ချေမှုန်းခဲ့တဲ့ နောက်ပိုင်းမှာပါ။ အခု မြန်မာခေါင်းဆောင်တွေနဲ့ ခင်ဗျား တို့ အကြားက လက်ရှိအနေအထား ဆက်ဆံရေးကို ဘယ်လိုပြောချင်ပါသလဲ။ မြန်မာနိုင်ငံအတွက် ခင်ဗျားရဲ့စံပေတံက ဘယ်လို ရှိပါသလဲ။

ဖြေ။   ။ သံအမတ်တိုင်းမှာ သူတို့ရဲ့ ထူးခြားတဲ့ ဟန်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အဓိကကျတာကတော့ အလုပ်ထဲမှာက UK နိုင်ငံရဲ့သဘောထားအမြင်ကို ကိုယ်စားပြုရတာပါ။ ကျနော်ထင်တာကတော့ မာ့က်က အသေအချာ ပြောထားခဲ့ပါ တယ်။ သူပြောတာက "မြန်မာပြည်ဆိုင်ရာ UK သံအမတ်ကြီး ပြောင်းကောင်း ပြောင်းလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့က ဒီနိုင်ငံအပေါ် ထားရှိတဲ့သဘောထားက ပြောင်းမှာမဟုတ်ဘူး" လို့ ပြောထားပါတယ်။ ကျနော်တို့က ဒီနိုင်ငံကို မြန်မာ ပြည်သူတွေ အကျိုးအတွက် ငြိမ်းချမ်းတဲ့၊ အင်အားစုအများ ပါဝင်ဆောင်ရွက်နိုင်ပြီး ရေရှည်တည်တံ့တဲ့ ပြေလည်မှု ရလာ စေဖို့၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍတွေမှာ တိုးတက်ဖွံ့ဖြိုးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်မြင်ရစေဖို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။ ဒါတွေအပြင် အစိုးရကိုယ်နှိုက်ကလည်း ကိုယ့် ပြည်သူတွေကို ကာကွယ်ပေးမယ်၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်၊ မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ဓလေ့ထုံးတမ်း လက္ခဏာတွေ၊ ယဉ်ကျေးမှုတွေကိုလည်း မြှင့်တင်ပေးတဲ့ အစိုးရ မျိုး ဖြစ်လာစေဖို့ လိုပါတယ်။

မေး။   ။ အရင် သံအမတ်ကြီး မာ့က် ကန်းနင်းဟာ မြန်မာပြည်အရေး စောင့်ကြည့်လေ့လာသူတွေနဲ့ သတင်းထောက်တွေ အတွက် အင်မတန် တန်ဖိုးရှိပါတယ်။ သူက ဗြိတိသျှနိုင်ငံထုတ် သည် ဂါးဒီးယန်း (The Guardian) သတင်းစာမှာလည်း မြန်မာနဲ့ ပတ်သက်ပြီး ပုံမှန်ဘလော့ရေးလေ့ ရှိပါတယ်။ ဒါတွေဟာ ခင်ဗျား ဆက်ပြီးလုပ်ဆောင်နိုင်ဖို့ သူက အမွေကောင်း ချန်ထားခဲ့တဲ့ သဘောလို့ ပြောနိုင်မလား။

ဖြေ။   ။သည် ဂါဒီးယန်း သတင်းစာကြီးက ကျနော့်ကိုလည်း သံအမတ်ကြီးများရဲ့ဘလော့ (ambassador's blog) ကဏ္ဍ အတွက် မေတ္တာရပ်ခံ ထားပါတယ်။ အခုလင့်ခ်မှာ ကျနော့်ကြိုးပမ်းချက်ကို ခင်ဗျားကြည့်နိုင်ပါတယ်။ 
http://www.guardian.co.uk/world/blog/2009/oct/09/aung-san-suu-kyi-burma 

မေး။   ။ မြန်မာနိုင်ငံမှာ ဗြိတိသျှသံအမတ်ကြီး တာဝန်ထမ်းဆောင်ရတဲ့ အတွက် အခက်ခဲဆုံး စိန်ခေါ်မှုတွေက ဘာ တွေပါ လဲ။ အရင်က ဗြိတိန်နဲ့ မြန်မာအကြား ရှိခဲ့တဲ့ သမိုင်းကြောင်းကြောင့် အခုလက်ရှိ စစ်အစိုးရနဲ့ ဆက်ဆံရေးမှာ ပြဿနာ ရှိပါ သလား။

ဖြေ။   ။ အခုတာဝန်ကို ယူရတဲ့အတွက် ကျနော့်အတွက်တော့ ဂုဏ်ပြုသလို ခံစားရပါတယ်။ ကျနော့်အရင်တာဝန်က အိုင်ယာလန်မှာပါ။ တာဝန်ယူရစဉ်မှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးက အထူးခက်ခဲနေတဲ့ ကာလပါ။ အဲဒီမှာရော မြန်မာနိုင်ငံမှာရော နှစ်နေရာစလုံးမှာပါ။ အရေးကြီးတဲ့အချက်က ရှေ့ကို မှန်းမျှော်ကြည့်ဖို့ရယ်၊ ကျနော်တို့ သမိုင်း ကြောင်းအရ ဆက်စပ်ခဲ့တဲ့ အနေအထားက ကောင်းတဲ့အချက်တွေကို ကြိုးစားတည်ဆောက်ဖို့ရယ်၊ အရင် ကျနော်တို့ ဆက်သွယ်မှုတွေမှာ အထူး ခက်ခဲရှုပ်ထွေးဖွယ် နောက်ဆက်တွဲပြဿနာတွေကို သတိကြီးကြီးထား ကိုင်တွယ်ဖို့ပါပဲ။

မေး။   ။ မကြာသေးမီက အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်လက်ထိန်းသိမ်းထားရှိတဲ့ တချိန်တည်းမှာပဲ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံ စကားပြောမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလိုချဉ်းကပ်မှုမျိုးကို ဘယ်လိုယူဆပါသလဲ။

ဖြေ။   ။ သံတမန်ရေးမှာ ပထမဦးဆုံး ဥပဒေသကတော့ အခြားနိုင်ငံတခုရဲ့နိုင်ငံခြား ဆက်ဆံရေး မူဝါဒရွေးချယ်မှုတွေနဲ့ ပတ်သက်လို့ ပြောရတဲ့အခါ သတိကြီးကြီးထား ပြောဆိုကိုင်တွယ်ဖို့ပါပဲ။ ဒါပေမယ့် UK က အမေရိကန် ပြည်ထောင်စုရဲ့ ချဉ်းကပ်မှုကို ကြိုဆိုပါတယ်။ ဒီအချက်က ဥရောပသမဂ္ဂ ရပ်တည်ချက်နဲ့ ပိုလို့နီးစပ်လာစေပါတယ်။ ဒီနည်းအားဖြင့်ပျော့ ပြောင်းညင်သာမှုနဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေတခုကနေ ပိုတိုးလာတဲ့ တစုံတရာ အနေအထားအထိ ဖြစ်လာစေနိုင် ပါတယ်။

အခုအချိန်အထိတော့ အမေရိကန်ပြည်ထောင်စုရော၊ အခြား ဥရောပသမဂ္ဂနိုင်ငံတွေပါ ပိတ်ဆို့ဒဏ်ခတ်မှုတွေရော၊ အခြား ကန့်သတ် ပိတ်ပင်ထားတာတွေရော ဆက်ရှိနေတုန်းပါ။ ဒါပေမယ့် ကျနော်တို့ အားလုံးက သေချာရှင်းလင်းအောင် ပြော နေတာက ကျနော်တို့ ဖြေလျှော့ပေးဖို့ အသင့်ရှိနေတယ်။ ဖယ်ရှားပေးဖို့ အသင့်ရှိနေတယ်။ ဒါပေမယ့် ကျနော်တို့ အလေး ထား ဦးစားပေးတဲ့ကိစ္စတွေမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရလာဖို့ လိုအပ်ပါတယ်။ ဒါတွေကတော လူ့အခွင့်အရေး ကိုလေးစားလိုက်နာတာ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ၊ တိုင်းရင်းသားတွေ နဲ့ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာတာ၊ ပြီးတော့ လာမယ့်နှစ် ရွေးကောက်ပွဲမှာ မျှတမှုရှိဖို့ ကိစ္စတွေပါ။

မေး။   ။ ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂရဲ့ဒဏ်ခတ်အရေးယူမှု ကိစ္စတွေမှာ အခိုင်အမာ ထောက်ခံခဲ့တဲ့ နိုင်ငံပါ။ လက်ရှိတော့ အမေရိကန်အစိုးရ ရပ်တည်ချက်ကို ရောင်ပြန်ဟပ် ဖော်ပြနေပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ အနေနဲ့ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကိစ္စတွေမှာ လမ်းခွဲရမယ့် အခြေအနေကို ကြိုမြင်မိပါသလား။ အနောက်နိုင်ငံတွေကရော တနိုင်ငံချင်း အနေအထားနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းလာနိုင်တဲ့ အခြေအနေ ရှိပါသလား။

ဖြေ။   ။ ဥရောပသမဂ္ဂရဲ့ဒဏ်ခတ်ပိတ်ဆို့မှုကို အဖွဲ့ဝင် ၂၇ နိုင်ငံက သဘောတူညီထားပါတယ်။ ဥရောပသမဂ္ဂ တခုလုံးက နောက်ခြေတလှမ်းတိုးဖို့ အားလုံးသေချာ သဘောတူညီပြီးတဲ့အခါမှသာ ဖယ်ရှားဖို့ ဖြစ်နိုင်ပါတယ်။

မေး။   ။ အခုကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် ဆက်လက်ဆင်နွှဲနေတဲ့ စစ်ရေးထိုးစစ် တွေမှာ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သိမ်းကျုံး သတ်ဖြတ် မုဒိမ်းကျင့်တာတွေ အစီရင်ခံစာ အမြောက်အများ ရရှိနေပါတယ်။ စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို နယ်ခြားစောင့်တပ်တွေ အဖြစ် အသွင်ပြောင်းလာစေရေး ဖိအားပေးနေပါတယ်။ တိုင်းရင်းသားအရေးကို ဘယ်လိုထင်မြင်ပါသလဲ။

ဖြေ။   ။ ငြိမ်းချမ်းတဲ့၊ တရားမျှတတဲ့၊ အင်အားစုအားလုံး ပါဝင်နိုင်တဲ့ အဖြေရှာမှုကသာ မြန်မာနိုင်ငံမှာ ရေရှည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သော့ချက်ဖြစ်ပါတယ်။ ဆိုလိုတာက သူတို့ရဲ့နစ်နာခံစားနေရမှုတွေ၊ အာဏာ အလွဲသုံးစား ပြုမှု တွေကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုင်တွယ်ဖြေရှင်းပေးရမယ်။ အဲဒါအပြင် မြန်မာနိုင်ငံရဲ့တိုင်းရင်းသားလူမျိုးစု တွေရဲ့ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ လူမှုရေး၊ စီးပွားရေး အခွင့်အရေးတွေကိုလည်း လေးစားလိုက်နာဖို့ လိုပါတယ်။ လုံလောက် တဲ့ အကာအကွယ်ပေးမှု မရှိရင်၊ အင်အားစုအားလုံး ပါဝင်ဆောင်ရွက်မှု မရှိရင် အဲသည်အဖြေဟာ ရေရှည်ခံမယ့် အဖြေ မဟုတ်ပါဘူး။

မေး။   ။ စစ်အစိုးရက ၂၀၁၀ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာကိုရော ဘယ်လိုမြင်ပါသလဲ။ မြန်မာနိုင်ငံသား အများစုက အထူးသံသယ ရှိနေကြပါတယ်။ နိုင်ငံတကာ မိသားစုအနေနဲ့ အထူးသဖြင့် အနောက်နိုင်ငံ တွေအနေနဲ့ အခုရွေးကောက်ပွဲဟာ တရားမျှတဖို့၊ လူအများ ယုံကြည်လက်ခံလာစေဖို့၊ အင်အားစု အားလုံးပါဝင်နိုင်စေဖို့ ဘယ်လို အခန်းကဏ္ဍက ဆောင်ရွက်ပေးနိုင်ပါမလဲ။

ဖြေ။   ။ ကျနော်တို့ သေချာရှင်းပြီးသားပါ။ အခုရွေးကောက်ပွဲက လူအများ ယုံကြည်လက်ခံမှု ရှိဖို့ လိုတယ်။ လွတ်လပ်ပြီး တရားမျှတမှုဆိုတဲ့နေရာမှာ နိုင်ငံတကာ စံချိန်စံနှုန်းတွေကိုလိုက်နာဖို့ လိုပါတယ်။ ဆိုလိုတာက အတိုက်အခံ နိုင်ငံရေး ပါတီတွေကလည်း လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ရှိရမယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရမယ်။ စသဖြင့် လို အပ်ပါတယ်။ အခု အခြေအနေအတိုင်း ဆက်ရှိနေရင် နိုင်ငံတကာ စံချိန်စံနှုန်းတွေကို ပြည့်မီမှာ မဟုတ်ပါဘူး။ ကျနော်တို့ က ဒီက အာဏာပိုင်တွေကို ဆက်ပြီး ဖိအားပေးနေမှာပါ။ ရွေးကောက်ပွဲပြီးနောက်ပိုင်း အစိုးရအနေနဲ့ ပြင်ပကမ္ဘာ့နိုင်ငံတွေ အမြင်မှာ တရားဝင်မှုရှိတဲ့ အစိုးရမျိုး ဖြစ်လာစေဖို့ ကျနော်တို့ ဆက်လက်ဖိအားပေးကြမှာပါ။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး အင်ဒရူး ဟင်းန် (Andrew Heyn)နှင့် တွေ့ဆုံမေးမြန်းထားသည့် Getting the Facts First ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်