တေးရေး ဆရာ၊ ကဗျာ ဆရာ မြင့်မိုးအောင်နှင့် တွေ့ဆုံခြင်း

တေးရေး ဆရာ ကဗျာ ဆရာ မြင့်မိုး အောင်သည် အာဆီယံ ၁၀ နိုင်ငံ အမျိုးသား သီချင်း (Anthem) ပြိုင်ပွဲတွင် ၎င်းကိုယ်တိုင် ရေးသားသည့် When We Are One သီချင်းဖြင့် ဆန်ခါတင်အဆင့်အထိ ပါဝင်အရွေး ခံခဲ့ရသူဖြစ်သည်။ ထို့ကြောင့် ၎င်းပြိုင်ပွဲအပါအဝင် မြန်မာ့ခေတ်ပေါ် ဂီတ လောကအကြောင်းနှင့်ပတ်သက်၍ ဧရာဝတီမဂ္ဂဇင်းက မေးမြန်းဖော်ပြလိုက်ပါသည်။

မေး။     ။ ကိုမြင့်မိုးအောင်အနေနဲ့ ဒီပြိုင်ပွဲနဲ့ ပတ်သက်လို့ နည်းနည်းလောက်ပြောပြပေးပါဦး။

ဖြေ။     ။ အာဆီယံ သီချင်းပြိုင်ပွဲ လုပ်မယ်ဆိုပြီး ယဉ်ကျေးမှု ဝန်ကြီးနဲ့ ပြန်ကြားရေး ဝန်ကြီးက ပူးပေါင်း ကြေညာချက် ထုတ်ပါတယ်။ ပြည်တွင်း အဆင့် ပြိုင်ပွဲမှာ စုစုပေါင်း အပုဒ် ၆၀ နီးပါး ဝင်ပြိုင်ပါတယ်။ အဲဒီထဲကမှ ၁၃ ပုဒ်ကိုရွေးပြီး အာဆီယံ ပထမ အဆင့်ကို ဝင်ပြိုင်ပါတယ်။ ၁၃ ပုဒ်ထဲမှာ ကိုသစ်မင်း ပါတယ်၊ ဓီရာမိုရ် ၂ ပုဒ် ပါတယ်၊ နောက်ကို သန်းမြတ်စိုး၊ ဒေါ်ကေဂျာနူးတို့ ပါပါတယ်။ တချို့နိုင်ငံက ၁၆ ပုဒ်အထိ ဝင်ပြိုင်ကြ ပါတယ်၊ အာဆီယံ ၁၀ နိုင်ငံက စုစုပေါင်း ၉၉ ပုဒ် ပြိုင်တယ်လို့ သိရပါတယ်။ အဲဒီထဲက ဆန်ခါတင် ၁၀ ပုဒ်ကို ရွေးပါတယ်။ ဆန်ကာတင် ထဲမှာ ကျနော့် သီချင်း ပါတာပါ။ တချို့ နိုင်ငံ တွေဆို ဆန်ကာတင် ထဲတောင် မပါဘူးလို့ သိရပါတယ်။ နောက်ဆုံး အဆင့်ကိုတော့ ဒီလ ၂၁ ရက်နေ့က ကြေညာတယ်။ ထိုင်းနိုင်ငံက ရသွားတယ်လို့ သိရပါတယ်။

မေး။     ။ သီချင်းကို ဘယ်လိုပုံစံနဲ့ တင်ဆက်ရတာပါလဲ။

ဖြေ။     ။ အင်္ဂလိပ် ဘာသာနဲ့ ၁ မိနစ်အတွင်း ရေးရတာပါ။ ပထမ ပြိုင်ပွဲမှာတော့ ကြိုက်တဲ့ တူရိယာနဲ့ ပြိုင်နိုင်တယ်။ ဒါပေမယ့် သူတို့က ပီယာနိုနဲ့ ပြိုင်တာ ပိုလိုလားတယ် ဆိုလို့ ပီယာနိုနဲ့ လုပ်ပေးလိုက်ပါတယ်။ ဆန်ခါတင်ထဲ ဝင်သွားတော့ အော်ခက်စထရာ (သံစုံ) ပုံစံ ပြန်လုပ်ပေးရပါတယ်။ ကျနော်တို့ဆီက ပညာရှင် အနေနဲ့ ဦးတင်ဦးသောင်းက သွားပြီး ပြန်လာတော့ ကျနော် ဆန်ခါတင်ထဲ ပါတယ်လို့ ပြောတယ်။ အဲဒီမှာ သံစုံ တီးဝိုင်းနဲ့ သီချင်းကို ပြန်လုပ်ပေးရတယ်။ အဲဒါကို ဒီလ ၁၂ ရက်နေ့ အရောက် ပို့ရပါတယ်။

မေး။     ။ ခုလို နိုင်ငံတကာ အဆင့် ပြိုင်ပွဲမှာ ဆန်ခါတင် အဆင့် ပါတဲ့အတွက် ကိုမြင့်မိုးအောင်ရဲ့ ခံစားမှုကို ပြောပြပေးပါဦး။

ဖြေ။     ။ တချို့ကတော့ ဒီလို ပြိုင်ပွဲမျိုးမှာ ဝင်ပြိုင်တာ မကြိုက်ဘူး ပေါ့ဗျာ။ အနုပညာဆိုတာ လွတ်လပ်တယ်ပေါ့။ ဒါလည်း မှန်ပါတယ်။ တပိုင်းကတော့ ကိုယ့်နိုင်ငံ ရေမြေနဲ့ ပတ်သက်လို့ ကိုယ့်ဒေသနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ ဂီတနဲ့ တတ်နိုင်သလောက် လုပ်ပြရတာပဲလေ။ ပြိုင်တဲ့ ထဲမှာလည်း အမျိုးအစား ကွဲပါသေးတယ်။ တချို့ကတော့ အာဆီယံကြီးက အရမ်း ဂုဏ်သိက္ခာကြီးတယ် ဆိုတာမျိုးပေါ့ ... သူတို့ပေးတဲ့ အချက် အလက်တွေ အများကြီးနဲ့ ရေးတာရှိတယ်။ ကျနော်ကတော့ အဲလိုမထင်ဘူးဗျ။ ဒီအာဆီယံ နိုင်ငံတွေဟာ ချစ်ချစ်ခင်ခင်နဲ့ အမှန်တရားအတွက် ပူးပေါင်း လုပ်ဆောင်ကြမယ် ဆိုတာမျိုးပေါ့ … အချက် အလက် ကြီးတွေ သိပ်ပြီး ဦးစားမပေးဘူး။ တချို့ အမှတ်ပေး ဒိုင်တွေကတော့ ကြိုက်ချင်မှ ကြိုက်မယ်ပေါ့ဗျာ ...။

မေး။     ။ ဒါ့အပြင် လက်ရှိမှာ ကိုမြင့်မိုးအောင် အနေနဲ့ ဂီတအနုပညာနဲ့ ပတ်သက်ပြီး ဘာတွေ ထူးထူးခြားခြား လုပ်နေတာများ ရှိပါသေးသလဲ။

ဖြေ။     ။ မြဝတီ ရုပ်သံအတွက်တော့ တခုလုပ်နေတာ ရှိပါတယ်။ အဲဒါကတော့ တေးရေးတွေနဲ့ ပတ်သက်ပြီး ... သူတို့ အကြောင်းလေးတွေကို အင်တာဗျူးလုပ် သူတို့ သီချင်းလေးတွေ ပြန်လွှင့်မယ့် အစီအစဉ်ပါ။ စတီရီယို တေးရေးတွေနဲ့ စလုပ်ပေမယ့် နောက်ပိုင်းမှာ မိုနိုတွေလည်း ပါလိမ့်မယ် ထင်တယ်။ ဘောင်ကြီးတော့ ခတ်မထားဘူး။ သီချင်း ဆိုဖို့ကိုတော့ မြဝတီ ရုပ်သံက လုပ်တဲ့ မယ်လိုဒီဝေါလ် အဆိုပြိုင်ပွဲမှာ ဆုရခဲ့တဲ့ သူတွေ၊ နောက်ပြီး အရည်အချင်း တကယ်ရှိပေမယ့် ဂီတလောကက ပျောက်ကွယ် နေတဲ့သူတွေ ဆိုပါမယ်။ ပထမဆုံး ဒီဇင်ဘာ ၁၂ ရက်နေ့ ၈ နာရီ သတင်းအပြီးမှာ ကိုနေဝင်း အကြောင်းကနေ စလွှင့်ပါမယ်။ နောက်ခံ အဆိုကတော့ တပိုင်းက စည်သူလွင် ဆိုမယ်၊ နောက်တပိုင်းက သျှီဆိုပါမယ်။ နောက်ထပ် ကျနော်တို့ လုပ်ထားတာလေး တခုကတော့ နယူးအေ့ခ်ျ မြန်မာဆိုတဲ့ အဖွဲ့လေး ဖွဲ့ထားတာပါ။ ကျနော်ရယ် နောက် ဂီတ ပညာရှင် တဦးဖြစ်တဲ့ ကိုအောင်နီ ဆိုတာပါမယ်။ အဓိကကတော့ မြန်မာ့ရိုးရာ ပုံစံကို ခေတ်ပေါ်ဂီတနဲ့ ရောစပ်မှာပါ။ ကိုယ်ပိုင်သံစဉ် တွေပါပဲ။ ပထမဆုံး ဗုဒ္ဓကို ပူဇော်တဲ့ ဂီတ အမျိုးအစားလေးတွေ လုပ်ကြည့်မှာပါ။

မေး။     ။ မြန်မာ့အနုပညာ ဈေးကွက်က လတ်တလော ကျဆင်းနေတာ တွေ့ရတော့ ကိုမြင့်မိုးအောင်တို့လို ကြိုးစားနေသူတွေရဲ့ အခက်အခဲကို ပြောပြပေးပါဦး။

ဖြေ။     ။ ပြောရရင်တော့ ရုပ်ရှင် ဗီဒီယိုမှာ ဈေးကွက်က ခိုးကူးခွေမရှိဘူး။ ဒီတော့ မျိုးဆက်သစ် တွေလည်း အများကြီး ဝင်လာတယ်၊ မျိုးဆက်ဟောင်း တွေလည်း ရိုက်နေရတယ်။ ကျနော်တို့ ဂီတမှာကျတော့ အသစ်တွေ မလုပ်နိုင်ဘူး။ အသစ်လုပ်တာနဲ့ အကျိုးအမြတ်က ဘာမှ မကျန်ဘူး။ မျိုးဆက်သစ်က ဝင်မလာ နိုင်တဲ့အပြင် လူဟောင်းတွေပါ ပျောက်ကွယ် ကုန်တယ်လေ။ ဒီကြားထဲက ဝါသနာပါတဲ့ သူတွေက ယုံကြည်သလောက် လုပ်နေရတာပါ။

မေး။     ။ ကိုမြင့်မိုးအောင် အနေနဲ့ ဂီတလောက တခုလုံးအပေါ်မှာ ဘယ်လိုမြင်လဲ။ သုံးသပ်ပေးပါဦး။

ဖြေ။     ။ မြန်မာ ဂီတလောကကတော့ ခက်ခဲကြပ်တည်း ပါတယ်။ ခိုးကူခွေ ကိစ္စကစလို့ ပြဿနာတွေ အများကြီးပဲ။ အဲဒါတွေကို တဦးတယောက်ထဲ ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး။ အားလုံးဝိုင်းပြီး အဖြေရှာပြီး ကြိုးစားမှ တကယ့်အနုပညာ စစ်စစ်တွေ ထွက်ပေါ်လာနိုင်မှာပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်