RFA က ဧရာဝတီစကားဝိုင်း (ဇူလိုင် ၂၈၊ ၂၀၁၀)

{play}images/stories/podcasts/rfa.07.29.10.mp3|[AUTOPLAY]|transparent[BGCOLOR]|[AUTOREPLAY]{/play}
{wd file=images/stories/podcasts/rfa.07.29.10.mp3 name='အသံဖိုင်ရယူရန်'}
လွတ်လပ်တဲ့ အာရှအသံ (RFA) ရေဒီယို ပရိသတ်အတွက် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေတဲ့ “ဧရာဝတီ” စကားဝိုင်း အစီအစဉ်ဖြစ်ပါတယ်။

အခုတပတ်မှာ နိုင်ငံရေးပါတီပါတီတွေရဲ့ ရွေးကောက်ပွဲဆိုင်ရာ မူဝါဒတွေကို မိတ်ဆက်မှုများရှိလာသော်လည်း မြန်မာပြည်သူများ လက်တွေ့ရင်ဆိုင်နေရတဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုဘ၀လုံခြုံရေး၊ နိုင်ငံခြားရေး၊ လုံခြုံရေး စတဲ့ နယ်ပယ်တွေမှာ ဘယ်လိုမူဝါဒတွေကို ကျင့်သုံးသွားမယ်ဆိုတဲ့ တိကျတဲ့ ပြောဆိုမှုများ မတွေ့ရသေးဘဲ ရှေ့လာမယ့် မဲဆွဲစည်းရုံးရေးကာလဟာ ပါတီများအကြား အပြိုင်အဆိုင်ထက် တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ပြီးဆုံးသွားမလားဆိုတာကို ဧရာဝတီမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ ကိုကျော်စွာမိုး၊ ဧရာဝတီ ရွေးကောက်ပွဲစာမျက်နှာကို တာဝန် ယူထားတဲ့ ကိုထက်အောင်နဲ့ ရွေးကောက်ပွဲသတင်းနဲ့ ရွေးကောက်ပွဲဆိုင်ရာ သုတေသနလုပ်နေတဲ့ ကိုခက်ထန်တို့က ဆွေးနွေးထားပါတယ်။

ကိုကျော်စွာမိုး ။    ။ ဧရာဝတီ စကားဝိုင်းမှ ကြိုဆိုပါတယ်။ မင်္ဂလာပါခင်ဗျာ။ ကျနော်ကတော့ ကျော်စွာမိုးပါ။ ဒီတပတ် ကျနော်နဲအတူ ဝင်ရောက်ဆွေးနွေးမယ့် သူတွေကတော့ ရွေးကောက်ပွဲစာမျက်နှာကို တာဝန်ယူထားတဲ့ ကိုထက်အောင်နဲ့  ကျနော်တို့ ဧရာဝတီမှာ ရွေးကောက်ပွဲသတင်းကို ရေးသားပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သုတေသန လုပ်နေတဲ့ ကိုခက်ထန်တို့ ဝင်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကိုထက်အောင်နဲ့ ကိုခက်ထန်ရေ၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလကတော့ မြန်မာပြည်မှာ မရောက်သေးဘူးပေါ့ဗျာ။ ဒါပေမယ့် မကြာခင်မှာ ရောက်လာလိမ့်မယ်။ ကျနော် မျှော်လင့်ကြည့်တာတော့ မဲဆွယ်စည်းရုံးရေး ကာလကလည်း သိပ်ပြီးတော့ စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်လို့ မထင်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာမှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေနဲ့  မြန်မာပြည်က မဲဆွယ်စည်ရုံးမှုတွေဟာ တော်တော်လေးကို ကွဲပြာခြားနားလိမ့်မယ်လို့ ကျနော်ထင်တယ်ဗျ။

ကိုထက်အောင် ။    ။ နိုင်ငံတကာမှာတော့ မဲဆွယ်စည်ရုံးတယ်ဆိုတဲ့ ကိစ္စကတော့ ပါတီတစ်ခုနဲ့တခု အပြိုင်အဆိုင်ကို မဲဆွယ် စည်းရုံးကြတာပေါ့ဗျာ။ မြန်မာပြည်မှာတော့ မဲဆွယ်စည်းရုံးရေးဟာ တိုးတိုးတိတ်တိတ်နဲ့များ ဖြစ်သွားမလားလို့တောင် အောက်မေ့ရတယ်။

ကိုကျော်စွာမိုး ။    ။ ဟုတ်တယ်ခင်ဗျ။ အဲဒါကြောင့်ပဲ မြန်မာပြည်က မဲဆွယ်စည်းရုံးမှုဟာ ဘယ်လောက်အထိ အမှန်တကယ် အသက်ဝင်ပြီးတော့ လှုပ်လှုပ်ရှားရှား ဖြစ်တဲ့ကာလ တခုဖြစ်ပါ့မလားဆိုတာ စိုးရိမ်စရာပေါ့ဗျာ။ ဒါပေမယ့်လည်းပဲ  အခု ဖွဲ့စည်းထားတဲ့ ပါတီပေါင်း ၄ဝ ကျော်ဟာ သူတို့ရဲ့ မူဝါဒတွေကိုလည်း အတိအလင်း ဖော်ပြသွားပြီးပြီ။ ဆိုတာ့ မဲဆွယ်စည်ရုံးရေးကာလမှာ အဲဒီပါတီရဲ့ မူဝါဒတွေပေါ်မှာ အခြေခံပြီးတော့ပဲ မဲဆွယ်စည်ရုံးမှုတွေ လုပ်မှာကိုး။ ဆိုတော့ ကျနော်တို့ အနည်းနဲ့ အများကတော့ မဲဆွယ်စည်ရုံးမှုကာလမှာ ပြည်သူကို ဘယ်လို မဲဆွယ်စည်းရုံးမလဲဆိုတာကို ရုပ်လုံးဖေါ်ကြည့်လို့ ရလိမ့်မယ်ထင်တယ်။

ကိုထက်အောင် ။    ။ ဟုတ်တယ်ခင်ဗျ။ ပြည်သူတွေ အနေနဲ့ကလည်း နှစ်ပေါင်း ၂ဝ မှာ ကျင်းပတဲ့ ရွေးကောက်ပွဲတခုကို ဖြတ်သန်းရတော့မှာ ဖြစ်တဲ့ အခါကျတော့ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးဟာ ဘယ်လိုမျိုးလဲဆိုတာ သူတို့ သိထားဖို့တော့ လိုတယ်ဗျ။

ကိုကျော်စွာမိုး ။    ။ ဟုတ်ကဲ့ ကိုထက်အောင်ရေ။ အဲ့တော့ ပါတီတခုချင်းရဲ့  သူတို့ရဲ့  နိုင်ငံရေးမူဝါဒတွေ၊ စီးပွားရေးမူဝါဒတွေ အသေးစိပ် မပြောခင်မှာ ကျနော်တို့တွေ နိုင်ငံတကာမှာလုပ်တဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်ရုံးရေး နည်းစနစ်တွေကို RFA ပရိသတ်တွေကို နည်းနည်းတော့ ရှင်းပြပါလားဗျ။

ကိုထက်အောင် ။    ။ နည်းစနစ်ဆိုလို့လေ ဟို … သိပ် ကြီးကြီးကျယ်ကျယ်ကြီးတော့ မဟုတ်ဘူးပေါ့ဗျာ။ အခြေခံကြတဲ့ ရိုးရှင်း တဲ့ မဲဆွယ်စည်ရုံးရေး နည်းစနစ် သုံးလေးချက်ကို ကျနော်ပြောချင်တယ်ဗျ။ အဓိကကျတဲ့ အချက်ကတော့ နိုင်ငံရေး ပါတီတွေဟာ မဲဆွယ်စည်ရုံးရေး ကာလကို ရောက်လာပြီ ဆိုတဲ့အခါမှာ သူတို့ကို မဲထည်မယ့် မဲဆန္ဒရှင်တွေကို ပါတီ အနေနဲ့ နိုင်ငံရေးသတင်းစကားပေါ့ဗျာ၊ အင်္ဂလိပ်လို ပြောရရင်တော့ Political Message ပေါ့ဗျာ။ အဲဒါကို အဓိက ပေးနိုင်ဖို့ အရေးကြီးတယ်ဗျ။

ကိုခက်ထန် ။    ။ အဲဒီတော့ ကိုထက်အောင်ရေ။ နိုင်ငံရေးသတင်းစကားပေါ့နော်။ အဲဒါက ဘယ်လိုမျိုးလဲဆိုတာ နည်းနည်း    အသေးစိပ် ပြောပြလို့ ရမလားခင်ဗျ။

ကိုထက်အောင် ။    ။ ဥပမာ ပြောရရင်ပေါ့ဗျာ။ ပါတီတခုက သူတို့ရဲ့  နိုင်ငံရေးသတင်းစကားက “လူထုအတွက် ငြိမ်းချမ်းရေး ဒီမိုကရေစီရေးနဲ့ ကြွယ်ဝချမ်းသာရေး” ဆိုပြီးတော့ ပြောလိုက်မယ်ဆိုရင် မဲဆန္ဒရှင်တွေကတော့ ဟာ...ဒီပါတီကတော့ဖြင့် တိုင်းပြည်ငြိမ်းချမ်းရေး လုပ်ပေးတော့မယ်၊ ဒီမိုကရေစီရေးအတွက် သူတို့ကလုပ်ပေးမယ်။ ငါတို့ ပြည်သူပြည်သားတွေ ကြွယ်ဝချမ်းသာရေးအတွက် လုပ်ပေးတော့မယ်ဆိုတဲ့ဟာကို သူတို့ ချက်ချင်း သိသွားမယ်ဗျ။ ဆိုတော့ ဒီသတင်းစကားက ဒီပါတီရဲ့ ဆောင်ပုဒ်လည်း ဖြစ်သွားနိုင်သလို နိုင်ငံရေး ရည်မှန်းချက်ဆိုတဲ့ဟာမျိုးလည်း ဖြစ်သွားတာပေါ့ဗျာ။ 

ကိုကျော်စွာမိုး ။    ။ ဒါပေမယ့်ဗျာ၊ တခြားနိုင်ငံမှာ လုပ်သလိုမျိုး အမေရိကန် ပြည်ထောင်စုမှာပဲဖြစ်ဖြစ်၊ ထိုင်းနိုင်ငံမှာပဲဖြစ်ဖြစ် ပေါ့ဗျာ၊ ဘယ်နိုင်ငံမှာပဲ ရွေးကောက်ပွဲလုပ်လုပ် အဓိကအားဖြင့် လူထုကို မဲဆွယ်စည်းရုံးတဲ့ အခါမှာ လယ်သမား အလုပ်သမား စီးပွားရေးသမား ပညာရှင် ဒါတွေအားလုံးကို ခွဲခြမ်းစိပ်ဖြာပြီးတော့မှ လူထုစည်းရုံးမှုတွေလုပ်တာကိုး။ ဆိုတော့ ဥပမာအားဖြင့် တခြားနိုင်ငံတွေမှာလုပ်တဲ့ မဲဆွယ်စည်းရုံးမှုတွေ အကုန်လုံးဟာဆိုရင် ကျနော်တို့တွေ့ရတာ အဓိက ပြောတဲ့ဟာတွေက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လုံခြုံရေး၊ ပြီးတော့ နိုင်ငံခြားရေးပေါ့ဗျာ။ ဒီမူဝါတွေတခုလုံးကို အသေးစိပ်ပြောဆိုပြီးတော့မှ မဲဆွယ်စည်ရုံးရတာကိုး။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ မဲဆန္ဒရှင်တွေကလည်း ဘယ်ပါတီကိုတော့ ပိုပြီးတော့ နိုင်ငံရေးအရ ဒါမှမဟုတ်လည်း ကျန်းမာရေးအရ၊ ပညာရေးအရ စည်းရုံးမှုတွေ ရှိတာကိုး။ ဥပမာအားဖြင့်ဗျာ ၂ဝဝ၁ ခုနှစ်မှာဆိုရင် ဒီထိုင်းနိုင်ငံမှာဆိုရင်  အရင်တုန်းက ဝန်ကြီးချုပ်ဟောင်း သက်ဆင် ဆိုရင်လည်းပဲ သူ့ရဲ့  အဓိက လူကြိုက်အများဆုံး မဲဆွယ်စည်ရုံးမူ ဝါဒတခုက ဘာလဲဆိုတော့ ဆင်းရဲချို့ တဲ့ တဲ့လူတွေကို ပြည်သူ့ကျန်းမာရေးအရ ဘယ်လိုမျိုး ငွေကြေး သက်သက်သာသာနဲ့ ကုသခွင့်ပေးမလဲ ဆိုတဲ့ဟာမျိုးတွေပေါ့ဗျာ။ ဒါတွေက တကယ်တော့ သူ့ကိုမဲတွေ အများကြီးပေးစေအောင် ဖြစ်သွားတဲ့ မဲဆွယ်စည်းရုံးမှုပဲဗျ။ ဒါပေမယ့်ဗျာ အဲဒီလိုမျိုးမဲဆွယ်စည်းရုံးမှုတွေ အဲဒီလိုမျိုး မူဝါဒတွေကို အသေးစိပ် ကိုင်တွယ်ပြောဆိုတာတွေကို မြန်မာပြည်မှာ ခုထက်ထိမတွေ့ရသေးဘူး။ နောက်လည်း တွေ့လာမယ့်ပုံ မပေါ်ဘူးဗျ။

ကိုခက်ထန် ။    ။ အဲဒီမှာ အခုကျနော်မြင်တာတော့ပေါ့နော်၊ အခု အဓိကဆိုလို့ရှိရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရှိတယ်။ ကျန်တဲ့ပါတီတွေကတော့ သူနဲ့ ယှဉ်ရင် အရမ်းကြီးအားနည်းတာပေါ့ဗျာ။ အဲဒီမှာ ကျနော် ဘာသွားတွေ့လဲဆိုတော့ တဖက်မှာရှိတဲ့ပါတီတွေက USDP ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှအပ ပေါ့နော်၊ ဒီပါတီက အခုဆိုလို့ရှိရင် သူတို့ရဲ့ မူဝါဒတွေကို မီဒီယာကနေတဆင့် သူတို့ ဖော်ပြလာတယ်။ ဒါပေမယ့် အဲဒီမှာ ဘာတွေ့လည်းဆိုတော့ ဒီကြံ့ခိုင်ဖြိုးရေးပါတီ အနေနဲ့က သူတို့ အခုဘာတွေလုပ်နေလဲဆိုရင် သူတို့က လမ်းတွေဆောက်ခဲ့ပြီး၊ တံတားတွေဖောက်ခဲ့ပြီး၊ ကျောင်းတွေ တက္ကသိုလ်တွေ တည်ထောင်ခဲ့ပြီး သူတို့လုပ်ပြီးခဲ့ပြီဆိုပြီးတော့ ပြပြီး အဲဒီအပေါ်မှာ မူတည်ပြီးတော့ မြို့ နယ်မှာ စည်းရုံးရေး ဆင်းနေတာကို တွေ့ရတယ်ဗျ။ အဲဒီတော့ မဲဆွယ်စည်ရုံးရေး နှစ်ခုကြီးက အဲဒီလိုမျိုး မညီမျှမှုသဘောကို တွေ့နေရတယ်။

ကိုထက်အောင် ။    ။ ဟုတ်တယ်ခင်ဗျ။ ကျနော် ဒီနှစ်အစောပိုင်းက သွားပြီးတော့ လေ့လာခဲ့တဲ့ သီရီလင်္ကာနိုင်ငံမှာ ဆိုလည်းပဲ  အာဏာရပါတီက သူ့ပါတီရဲ့  အဓိက နိုင်ငံရေးသတင်းစကားပေါ့ဗျာ၊ မဲဆန္ဒရှင်တွေကို ပေးတာက မကြာသေးခင်က သူတို့ရရှိလိုက်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးပေါ့ဗျာ။ တမီလ်ကျားသူပုန်တွေကို တိုက်ခိုက် နှိမ်နင်းလိုက်နိုင်တဲ့ အောင်ပွဲကို သူတို့က အဓိက နိုင်ငံရေးသတင်းစကားအဖြစ် သူတို့က ပေးတယ်။ ခုနက ကိုခက်ထန်ပြောသလို နိုင်ငံထဲမှာ လုပ်နေတဲ့ ဖွံ့ဖြိုးရေးကို သူတို့က အကြီးအကျယ် ဒါ လူထုအတွက် ဘယ်လောက် အလုပ်လုပ်ပေးနေပါတယ်ဆိုတဲ့ဟာမျိုးတွေ ပြောတယ်ပေါ့ဗျာ။ တဆက်တည်းမှာ ကျနော်ပြောချင်တာက ခုန သတင်းစကားပေါ့နော် တခုထဲနဲ့တင် နိုင်ငံရေးပါတီတွေဟာ လူထုမဲတွေကို ရသွားတာတော့ မဟုတ်ဘူး။ ခုနက ကိုကျော်စွာပြောသလိုပဲ ဒီ Message ရဲ့  အောက်မှာ မဲဆန္ဒရှင်တွေအတွက် မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေနဲ့ လုပ်ငန်းစဉ်တွေ ဆိုတာကို အတိအကျကို အသေးစိပ် ချရတယ်။ အဲဒီနေရာမှာ ပညာရေးအတွက်ဆို ပညာရေးအတွက် လုပ်ငန်းစဉ်တွေက ဘာ၊ ကျန်းမားရေးအတွက် လုပ်ငန်းစဉ်တွေကဘာ၊ အဲဒါတွေကို အတိကျချရတယ် ။ နောက်တခုက နိုင်ငံရေးပါတီတွေ အင်မတန်မှ အရေးကြီးတဲ့ အချက်က မဲဆန္ဒရှင် သုတေသနလုပ်တဲ့ Voter Research ဆိုတာ အဲ့ဒါအရေးကြီးတယ်။ မဲဆန္ဒရှင်ဆိုတာ အမျိုးမျိုးရှိတယ်။ တောင်သူလယ်သမားရှိတယ်၊ ကုန်သည်ပွဲစားရှိတယ်။ လယ်သမားကို သွားပြီးတော့ ဥပဒေအကြောင်း သွားပြောရင် ဘာမှမသိဘူး။ လယ်သမားကို လယ်ယာအခွင့်အရေး အကြောင်းကို ပြောတော့မှ လယ်သမားက သိမယ်။ အဲဒီလိုပဲ စက်မှုဇုန်တွေက အလုပ်သမားတွေကို သွားပြီးတော့ စပါးကို လွတ်လွတ်လပ်လပ် ရောင်းဝယ်ခွင့် ပေးမယ်ဆိုပြီးတော့ သွားပြောနေရင် သူတို့နဲ့ ဘာမှမဆိုင်ဘူး။ အဲ့ဒီတော့ မဲဆန္ဒရှင် အမျိုးအစားပေါ် မူတည်ပြီးတော့လည်း မဲဆွယ် စည်ရုံးတတ်ရမယ် ဆိုတဲ့ဟာက အဲဒါအဓိက မဲဆွယ်စည်းရုံးရေး နည်းစနစ်တွေထဲက အရေးကြီးတဲ့ နည်းစနစ်တခုပေါ့ဗျာ။

ကိုကျော်စွာမိုး ။    ။ ကိုထက်အောင်ကတော့ အဓိက ပါတီတွေကို Tip ပေးနေတာပေါ့လေ။ ပါတီတွေ ဘယ်လို မဲဆွယ် စည်ရုံးသင့်လည်းဆိုတာ ဒါက လမ်းညွှန်ပေးနေတဲ့ သဘောပဲဗျ။ အဲဒီတော့ ပါတီတွေကို ကြည့်ကြည့်မယ်ဆိုရင် ကျနော်တို့ အခုလက်ရှိ ရှိတဲ့ပါတီတွေထဲကပေါ့နော်၊ နည်းနည်း အထင်ကရဖြစ်တဲ့ပါတီ ဒီမိုကရက်တစ်ပါတီတို့၊ အမျိုးသား ဒီမိုကရေစီ အင်အားစုတို့ ဒီဘက်ကဆိုရင်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ရှိမယ်ဗျ။ သူတို့ရဲ့ ပါတီမူဝါဒတွေကို ကျနော်တို့ ဖတ်ကြည့်တဲ့ အခါကျရင် ခင်ဗျားတို့လည်း တွေ့လိမ့်မယ် ထင်တယ်။ ဘာမှ အသေးစိပ် ပညာရေးနဲ့ ပတ်သက်ပြီးတော့ စီးပွားရေးနဲ့ ပတ်သက်လို့ အသေးစိပ် မတွေ့ရဘူးဗျ။ ယေဘူယျအားဖြင့် သူတို့ပြောတာတွေ အကုန်လုံးက ဒီမိုကရေစီရေး လူ့အခွင့်ရေး ငြိမ်းချမ်းရေး ဒါတွေအကုန်လုံးကိုပဲသူတို့ ယေဘုယျဆန်တဲ့ message ပေါ့ဗျာ။ မူဝါဒတွေကို ကိုင်တွယ် ပြောဆိုတာလေးရှိတယ်။ ဆိုတော့ ခုနလိုမျိုး အသေးစိပ်မူဝါဒတွေကိုတော့ တခုမှ ကျနော်တို့ မတွေ့ရဘူးဗျ။

ကိုခက်ထန် ။    ။ ဟုတ်တယ်ဗျ။ ကိုကျော်စွာမိုးနဲ့ ကိုထက်အောင်ရေ၊ ကျနော်လည်း အဲဒီပါတီ မူဝါဒတွေ ဖတ်ကြည့်တယ်။ ဖတ်ကြည့်တဲ့အခါမှာ သူတို့ ရေးထားတာတွေက ပြတ်ထွက်သွားတာမျိုး မရှိဘူး။ မရှိဘဲနဲ့ လောလောဆယ်မှာ စစ်အစိုးရ တအား ငြိုငြင်မယ့် စိတ်ကွက်မယ့် ဟာမျိုးတွေကိုများ တမင် ရှောင်ထားသလားလို့တောင် ထင်မိတယ်။

ကိုထက်အောင် ။    ။ နောက်တချက်ကလည်းဗျာ အခုက နိုင်ငံရေးပါတီတွေက သတင်းမီဒီယာတွေမှာ ရနိုင်တဲ့ Space ကလည်း ကျဉ်းနေတဲ့အခါကျတော့ သူတို့ဟာသူတို့ရဲ့  မူဝါဒတွေကို ခပ်ကျဉ်းကျဉ်း စာမျက်နှာလေးပေါ်မှာပဲ ဖော်ပြရတဲ့ဟာက ဒါက ကျနော်က အကောင်းမြင်ဘက်ကနေ တချက်လှည့် ကြည့်ကြည့်တာပေါ့ဗျာ၊ ဖော်ပြနေရတဲ့ အတွက်ကြောင့် ဒီလို ကျယ်ကျယ်ပြန့်ပြန့် မဖော်ပြနိုင်တာလားပေါ့။  သို့ပေမယ့် လက်ရှိ ဖော်ပြထားတဲ့ဟာအရ ကြည့်မယ်ဆိုရင် ဥပမာ အမျိုးသား ဒီမိုကရေစီ အင်အားစုပေါ့ ဒါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေပြီးတော့ ခွဲထွက်လာတဲ့ အင်အားစု၊ သူကတော့ ဘာပြောထားလည်းဆိုတော့ တစ်ဦးချင်း ပုဂ္ဂလိက လွတ်လပ်ခွင့်ကို သူတို့ရဲ့ ပါတီရဲ့ ရည်မှန်းချက်အဖြစ်ထားမယ်။ ဒါကတော့ ကျနော်ထင်တယ် လစ်ဘရယ် ဒီမိုကရေစီပေါ့ဗျာ။ လွတ်လပ်တဲ့ ဒီမိုကရေစီစနစ်ရဲ့  ဒါ စံနှုန်းတခုလို့ထင်တယ်။

ကိုကျော်စွာမိုး ။    ။ ကိုထက်အောင်ပြောသလို မီဒီယာမှာ ပါဝင်နိုင်တဲ့ အနေထား နည်းပါးမှုပေါ့နော်၊ အဲဒါထက်စာရင် ကျနော်ထင်တာက လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ဖြစ်တယ်လို့ ကျနော်က ပိုထင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ နိုင်ငံရေးအခြေအနေရ အဖြူနဲ့ အမည်း မြန်မာပြည်က ဖြစ်နေတယ်ဗျာ။ ပညာရေးစနစ်တို့ နိုင်ငံရေးစနစ်တို့တွေဟာ ဘာကြောင့် မကောင်းဘူးလဲလို့ လူအများစုက သုံးသပ်တဲ့အခါမှာ လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရပေါ့ဗျာ၊ စစ်အစိုးရကြောင့် မကောင်းဘူးလို့ သုံးသပ်တယ်။ စစ်အစိုးရ ဖိနှိပ်သူတွေ မရှိတော့ဘူးဆိုလို့ရှိရင် ဒါကောင်းသွားမယ်ပေါ့။ ဆိုတော့ ဒါကြောင့်မို့လို့ ကျနော်ထင်တယ် ဒီပါတီစုရဲ့  မူဝါဒတွေကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီပန်းတိုင်ကို သွားရေးတို့၊ လူ့အခွင့်ရေးတို့ အဲ့ဒါမျိုး အချက်အလက်တွေပဲ ပိုပြီးတော့ အာရုံစိုက်တယ်လေ။ ဒီထက်ပိုပြီးတော့ အသေးစိပ်စရာမလိုတဲ့ သဘောမျိုး တွေ့ရတယ်။

ကိုထက်အောင် ။    ။ ကိုကျော်စွာပြောတာ မှန်သင့်သလောက် မှန်ပါတယ်။ ရှေ့ လာမယ့် မဲဆွယ်စည်းရုံးတဲ့ ကာလကို ရောက်ပြီးဆိုရင်တော့ ကျနော်တို့ မျှော်လင့်ထားတာပေါ့ဗျာ၊ နိုင်ငံရေးပါတီတွေ အနေနဲ့ ဒီထက်ပိုပြီးတော့ တိကျတဲ့ပေါ့ဗျာ လူထုထဲမှာ တကယ်ဖြစ်နေတဲ့ ပြဿနာတွေကို ဖော်ထုတ်ပြီးတော့ သူတို့ပါတီတွေက ဘယ်လို ဆောင်ရွက်နိုင်တယ်ဆိုတာမျိုးကို ပြောသင့်တယ်လို့ ထင်တယ်။ ဥပမာဗျာ ကျနော်တို့ တိုင်းပြည်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာ ပြဿနာ အများကြီးရှိတယ်။ လူအများစုက ဆင်းရဲနေတယ်၊ ကျန်းမာရေး အာမခံစနစ်ဆိုတာ တခြားနိုင်ငံတွေမှာရှိသလို ကျနော်တို့ နိုင်ငံမှာ အဲ့ဒီစနစ် မရှိသေးဘူး။ ဆေးရုံသွားရင် ဆေးမရှိတာနဲ့ ဆေးဖိုး မတတ်နိုင်တာနဲ့ ဒီပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲ။ ပညာရေးမှာဆိုလည်း အရည်အသွေးမြင့်တဲ့ ပညာရေးစနစ်ကို ဒါ မိဘတွေက သူတို့ သားသမီးတွေအတွက် လိုချင်ကြတယ်။ ဒီကိစ္စရပ်တွေက တိတိကျကျ ပြောဖို့လိုအပ်တဲ့ ကိစ္စရပ်တွေပေါ့ဗျာ။

ကိုခက်ထန် ။    ။ အဲဒီမှာ ကျနော် တခုပြောချင်တာက ခုနက ကိုထက်အောင် ပြောသွားတာပေါနော်။ ဒီလိုအသေး စိပ်ဟာတွေကို၊ လိုအပ်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ လိုတယ်ပေါ့နော် နိုင်ငံရေးပါတီတွေက။ ဒါပေမယ့် ကျနော်တခါ ပြန်တွေးကြည့်ပြန်တော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှအပပေါ့နော်၊ ကျန်တဲ့ပါတီတွေဟာ ဒီပြည်သူလူထုအတွက်ကို ဒါတွေလုပ်ပေးမယ်၊ ဒါတွေလုပ်ပေးပါ့မယ် ဆိုပြီးတော့ မူဝါဒအသေးစိပ်တွေကို ပြောဖို့နေနေသာသာပေါ့နော် အခု မီဒီယာကနေတဆင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့်တို့၊ တခါ သူတို့တွေ ပြောဆိုလိုက်တဲ့အခါမှာ မီဒီယာမှာ ဆင်ဆာဖြတ်တောက်တာတို့ ဆိုတော့ သူတို့ပါတီကိုယ်တိုင်ရဲ့  ရပိုင်ခွင့်တွေတောင် ပြန်ပြီးတော့မှ သူတို့တွေ လုပ်ယူနေရတယ်၊ တောင်းဆိုနေရတယ် ဆိုတဲ့ အနေအထားကို ကျနော်တို့ တွေ့နေရတယ်။

ကိုကျော်စွာမိုး ။    ။ ဟုတ်တော့ ဟုတ်တယ်။ ပြည်သူ သူတို့ကို မဲပေးမယ့် မဲဆန္ဒရှင်တွေကို ဘယ်လို ကူညီဖို့ နေနေသာသာ သူတို့ဘာသာ သူတို့တောင်မှလည်း ပါတီလေး မပြုတ်သွားအောင် ရပ်တည်နေရတာကိုး။ သူတို့မှာ ဖိနှိပ်မှုတွေရှိနေတယ်၊ ဖိနှိပ်ခံနေရတယ်။ နောက်တချက်က ငွေရေးကြေးရေးက သူတို့မှာ အဆင်ပြေတာတွေ မရှိဘူးလို့ ကျနော်တို့ တောက်လျှောက် ကြားနေရတယ်။  ဆိုတော့ အဲဒီလိုကြားထဲမှာ သူတို့ကို မဲထည့်မယ့် မဲဆန္ဒရှင်တွေကို ဘယ်လို ကူညီရမလဲစာရင် သူတို့ ဘယ်လိုရပ်တည်ရမလဲဆိုတာ ပြဿနာ ပိုကြီးနေပုံရတယ်။

ကိုထက်အောင် ။    ။ ဒီနေရာမှာ။ နည်းနည်း အံ့ဩစရာကောင်းတာ တခုက ကရင်ပြည်သူ့ပါတီပေါ့ဗျာ။ ဒေါက်တာ ဆိုင်မွန်သာတို့ ပါတီပေါ့ဗျာ။ ဒေါက်တာဆိုင်မွန်သာဆိုတာ အများသိတဲ့အတိုင်းပဲ၊ ဒါအစိုးရနဲ့ အများဆုံးနီးစပ်တယ်။ သူတို့ပါတီရဲ့  မူဝါဒမှာဆိုရင် အစိုးရဘက်က လိုက်ပြီးတော့ ကြိုပြီးတော့ပြောနေသလိုမျိုး။ ဘာလဲဆိုတော့ ပါတီစုံ ဒီမိုကရေစီ ကျင့်စဉ်တွေဖြစ်တဲ့ လွတ်လပ်စွာ စည်းရုံးခွင့်တို့၊ လွတ်လပ်စွာဆွေးနွေး ရေးသားခွင့်တို့ဆိုတာ အမျိုးသားရေးဖြစ်တဲ့ တည်ငြိမ်မှုတို့ စည်းလုံးညီညွတ်မှုတို့ အချုပ်အချာတည် တံ့ခိုင်မြဲမှုတို့ လွတ်လပ်ရေးအဓွန့်ရှည်မှုတို့ စကားလုံးကြီးတွေကတော့ အကြီးကြီးပေါ့ဗျာ၊ အဲဒါတွေကို အဟန့်အတား ဖြစ်လာနိုင်ဖွယ် ရှိတဲ့အတွက်ကြောင့် အကန့်အသတ်နဲ့သာ ခွင့်ပြုသွားနိုင်မယ့် အခြေအနေ ရှိတယ်ဆိုပြီးတော့ ပြောထားတယ်ဗျ။ အံ့ဩစရာပဲဗျ။ သူတို့က တောင်းဆိုရမယ့်အစား အစိုးရဘက် ရှေ့ နေလိုက်ပြီးတော့ ဒါ မဲဆွယ်စည်းရုံးမှုကာလ မရောက်သေးဘူး၊ အခုထဲကနေ သူတို့ အဲဒီလိုပြောနေတယ်။

ကိုခက်ထန် ။    ။ အဲဒီတော့ အဲဒီနေရာမှာ ဒီလို ပါတီမှုဝါဒထုတ်ပြန်ချက်မျိုးကို ဖတ်လိုက်တဲ့အခါမှာ သူတို့ပါတီဟာ ပြည်သူ့အတွက်လား ဒါမှမဟုတ် လက်ရှိအာဏာရှိနေတဲ့ အစိုးရအကြိုက်လားဆိုတာ သွားပြီးတော့ ပြတ်ပြတ်သားသား မြင်နေရတယ်။

ကိုကျော်စွာမိုး ။    ။ ဒါပေမယ့် ကိုထက်အောင်နဲ့ ကိုခက်ထန်ရေ၊ အဲဒီဟာကတော့ သူတို့ တပါတီထဲ မဟုတ်ဘူးလေ။ ကျနော်မြင်တာ ပါတီပေါင်း ၄၄ ပါတီထဲမှာ အများစုက အဲဒီတိုင်းပဲလို့ ကျနော်တော့ပြောချင်တယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ တခြား တိုင်းရင်းသားပါတီ တချို့ ရော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတွေရော ဒီဘက်က တခြားပါတီတွေရော ဒီလိုမျိုး အစိုးရနဲ့အများကြီး နီးစပ်တဲ့ မူဝါဒတွေ အများကြီး ချမှတ်ထားတာ တွေ့ရတယ်ဗျ။

ကိုထက်အောင် ။    ။ အဲဒီအပြင်ကို အရင်တုန်းက ပါတီအဟောင်းတွေ ရှိတယ်ဗျ။ ဥပမာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ။ ဒါဆိုရင်တာ ဒါ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့  ထူထောင်ထားတဲ့ ပါတီပေါ့ဗျာ။ ဒီပါတီက မူဝါဒတွေကတော့ ပြောမယ်ဆိုရင် တခြားပါတီတွေထက်စာရင် နည်းနည်းလေး စုံတယ်လို့ ပြောလို့ရတယ်။ စုံတယ်ဆိုတာလည်း တခြားမဟုတ်ဘူးဗျ။ ဘယ်ပါတီကမှ နိုင်ငံခြားရေးမူဝါဒ အကြောင်းကို မပြောဘူး။ ဒါပေမယ့် သူ့မှာ နိုင်ငံခြားရေးမူဝါဒတွေ ပါလာတယ်။ ဒါပေမယ့် ဒီဝါဒတွေဟာ အသစ်မဟုတ်ဘူးဗျ။ ဦးနု ကိုင်စွဲခဲ့တဲ့ လွတ်လပ်တက်ကြွတဲ့ ဘက်မလိုက်တဲ့ ကြားနေရေးဝါဒဆိုတဲ့ဟာပဲ။ အဲဒါအပြင်ကို စီးပွားရေးမူဝါဒမှာဆိုလည်း အစိုးရ အရင်းရှင်စနစ်၊ ကြည့်ရတာ လက်ရှိစစ်အစိုးရကို စောင်းပြောတယ်ထင်ပါတယ်။ အဲဒီဟာကို ရောက်မသွားဖို့ အတွက်ကို Free market economy ပေါ့၊ လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်ကို သွားချင်တယ် ဆိုတဲ့ဟာမျိုးကို ပြောတယ်။ နောက်တခုက ဦးနု မသေခင်မှာ ပြောခဲ့တဲ့ “ချေ” နှစ်ချေ၊ “ချေ” နှစ်ချေ ဆိုတာကတော့ဗျာ၊ “လက်စားမချေရေး” “သင်ပုန်းချေရေး”။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက်ကို ဒီမူဝါဒတွေကို ကိုင်စွဲမယ်ဆိုပြီးတော့ အဲလိုပြောခဲ့တာရှိတယ်ဗျ။

ကိုကျော်စွာမိုး ။    ။ ဟုတ်ကဲ့။ ကိုထက်အောင်။ ဒါပေမယ့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလကတော့ မရောက်သေးဘူးပေါ့လေ။ ခုနက ကိုခက်ထန်ပြောသလိုပဲ၊ ကျန်တဲ့ပါတီတွေကတော့ မဲဆွယ်စည်းရုံးမှု မရသေးဘူး။ ဒါပေမယ့် USDP ပါတီကတော့ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေပြီးပေါ့လေ။ လုပ်တဲ့အခါမှာလည်း သူတို့ ပြီးခဲ့တဲ့ ၁၉၈၈ နောက်ပိုင်းမှာ ကတည်းက တည်ဆောက်ခဲ့တဲ့ လမ်းတွေ တံတားတွေကိုပြပြီးတော့ ကဲ … ငါတို့တော့ မင်းတို့အတွက် တည်ဆောက်ပေးထားတယ်။ အဲဒီတော့ မင်းတို့က ငါတို့အပေါ်မှာ အကြွေးတွေ တင်သလိုလိုမျိုး အဲလို မဲပေးပါဆိုတဲ့ သဘောမျိုးတွေကိုတော့ တွေ့နေရတယ်ဗျ။ ဒါကိုက လက်ရှိ မဲဆွယ်စည်းရုံးရေးကာလမှာ မမျှတတဲ့ ဟာပေါ့လေ။

ကိုခက်ထန် ။    ။  ဟုတ်ကဲ့၊ အခု ဒီရက်ထဲမှာ ဆက်တိုက်ပေါ့နော်။ အစိုးရပိုင်သတင်းစာကနေ သူတို့ တောက်လျှောက် ဘာတွေတည်ဆောက်ခဲ့ပြီ၊ ဘာတွေလုပ်ပေးခဲ့ပြီ ဆိုပြီး အချက်အလက် စာရင်းဇယားနဲ့ အဲဒီမှာ သူက ဘာနဲ့ သွားပြီး နှိုင်းယှဉ်ပြလည်းဆိုတော့ ၈၈ တုန်းက ဒီလောက်ပဲရှိတယ်။ အခုသူတို့ ဒီလောက်လုပ်ခဲ့ပြီ။ အဲဒီလိုမျိုးပေါ့ဗျာ ချည်ပြီး တုပ်ပြီး ပေါ့ဗျာ မဲဆွယ်တာ။ ဒါပေမယ့် သူက တိုက်ရိုက်မပြောဘူး သွယ်ဝိုက်ပြီးတော့ ငါတို့ဒါတွေ လုပ်ခဲ့ပြီးပြီဆိုတော့ ခုနက ကိုကျော်စွာ ပြောသလိုပေါ့၊ ကျနော်တို့က အကြွေးရှိနေတဲ့သဘော ဖြစ်နေတယ်။ အဲဒီတော့ ကျနော်က ဘာသွားပြီ သတိရလဲဆိုတော့ ကျနော်တို့ငယ်ငယ် ကျောင်းသွားတော့ လမ်းဘေး မျက်လှည့်ဝိုင်းလေးတွေ ရှိတယ်ဗျ။ မျက်လှည့်ဝိုင်းလေးတွေဆိုတော့ သူတို့က ဒီ ဆေးတို့၊ အဆောင်တို့ ရောင်းတာကိုး။ ကိုယ်က သွားကြည့်မိတယ်။ သွားကြည့်တဲ့အခါမှာ ရွှန်းရွှန်းဝေအောင် ပြောပြီးတော့ ရော့ ဒီအဆောင်လေး ယူထားလိုက် အလကားပေးတယ်ဆိုပြီး တယောက်တခုစီ ယူထားကြပါဆိုလို့ ယူထားမိတာပေါ့။ သူက အဲဒီလိုပဲ မျက်လှည့်တွေပြ၊ ပြပြီးလို့ရှိရင် ကဲ … စေတနာ သဒ္ဓါသလောက် ပေးကြပါ။ ဒါပေမယ့် ဒီအတိုင်း အလာကားယူသွားရင် လမ်းမှာ မြွေကိုက်မယ် ဘာဖြစ်မယ် ဘာညာဖြစ်မယ် ဆိုပြီး ခြောက်တဲ့အခါမှာ ကိုယ့်မှာ ကိုင်ထားမိ ယူထားမိလျက်သားကြီး ဖြစ်နေပြီ။ ဆိုတော့ မရှိမဲ့ရှိမဲ့ မုန့်ဖိုးလေးကို ပေးလိုက်ရတယ်။ အခု ကျနော်ထင်တာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း ပြည်သူလူထုကို အဲဒီလို လုပ်နေတယ်။ ချည်ပြီးတုပ်ပြီးတော့ အဲဒီလိုလုပ်နေတယ်လို့ပဲ သွားပြီးမှ စဉ်းစားမိတယ်ပေါ့ဗျာ။

ကိုထက်အောင် ။    ။ မျောက်ပြ ဆန်တောင်းပေါ့ဗျာ။

ကိုကျော်စွာ ။    ။ တော်တော်ကောင်းတဲ့ ဥပမာပေါ့ဗျာ ကိုခက်ထန်ရေ ။ အခုဟာကတော့ အဲဒီ ကိုခက်ထန်ပြောတဲ့ ဥပမာလေးအတိုင်း ဖြစ်နေတာပေါ့ဗျာ။ ကျနော်ထင်တယ် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး တကယ့်ကာလကို ရောက်လာမယ်ဆိုရင် အဲလိုမျိုး ရုပ်ပျက်ဆင်းပျက် မဲဆွယ်စည်းရုံးမှုတွေကို ပိုပြီးတော့ တွေ့ရလိမ့်မယ်လို့ ထင်တယ်။ အဲဒီတော့ ကျနော်ထင်တယ်၊ လက်ရှိ  ရွေးကောက်ပွဲကိုဝင်ဖို့ ပြင်ဆင်နေတဲ့ ပါတီ ၄၄ ပါတီကလည်း တော်တော်ကိုတော့ သူတို့ မဲဆွယ်စည်းရုံးမှုတွေကို ပိုပြီးတော့ ထူးခြားအောင် လုပ်ရလိမ့်မယ်လို့ ကျနော်တော့ထင်တယ်။ ကိုခက်ထန်နဲ့ ကိုထက်အောင်ရေ၊ ကျေးဇူးတင်တယ်ခင်ဗျာ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်