အမှောင်တွင်းက အလင်းစက်

အိပ်မပျော်နိုင်သူ တဦးအဖို့ ညတာသည် ရှည်လျားမြဲ ဖြစ်တတ်ပါသည်။ မည်သူမဆို အိပ်မပျော်နိုင်ခဲ့သော ညများကို ဖြတ်သန်းဖူးကြမည်ဟု သူထင်ပါသည်။


သူငယ်စဉ် ကျောင်းသားဘ၀က အကြောင်းတစုံတရာကြောင့် အိပ်၍ မပျော်နိုင်သော ညများရှိခဲ့ပါသည်။အိပ်ပျော်အောင် ကြိုးစား၍ မရနိုင်သော အခြေအနေသို့ ရောက်လာပါက သူ့လိုပင် အိပ်မပျော်နိုင်သူ သူငယ်ချင်း တဦးဦးကို ခေါ်၍ မိုးလင်းပေါက် ဖွင့်တတ်သော ကျောင်းကင်တင်းများ ရှိရာသို့ လမ်းလျှောက်၍ ၀က်ခြေထောက်စွပ်ပြုတ်၊ ဆံပြုတ် သို့မဟုတ် ထမင်းကြော် စသဖြင့် မှာယူစားသောက်ရင်း စကားစမြည် ပြောလေ့ရှိပါသည်။

တခါတရံ အလှမ်းဝေးလှသော မြို့ထဲအထိ လမ်းလျှောက်စကားပြောရင်း လက်ဖက်ရည် သွားသောက်သည့် အခါမျိုးလည်း အကြိမ်ကြိမ်ရှိခဲ့ပါသည်။ တခါတရံ ဖြတ်သွားတတ်သော ကားတစီးနှစ်စီးမှအပ လူသူ တိတ်ဆိတ် ငြိမ်သက်သည့် ကတ္တရာ လမ်းမကြီးတခုပေါ်တွင် သက်သောင့်သက်သာလမ်းလျှောက်ရသည်မှာ ဖော်ပြ၍မရနိုင်လောက်အောင် ချမ်းမြေ့လှပါ သည်။

စိတ်ဝင်စားမိသော မိန်းမချောလေးတယောက်အကြောင်း ဖြစ်ချင်ဖြစ်နိုင်ပါသည်။ ပညာရေးနှင့် ပတ်သက်သော ဝေဖန် ဆွေးနွေးမှုလည်း ဖြစ်နိုင်ပါသည်၊ အိမ်ကငွေမရောက်သေး၍ ပိုက်ဆံ လိုက်ချေးနေရသည့် အကြောင်းလည်း ဖြစ်နိုင်သလို နိုင်ငံရေးကိစ္စများလည်းဖြစ်နိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ အိပ်မပျော်နိုင်သည့်အခါ မိမိလုပ်ချင်ရာကို ချက်ချင်း ထလုပ်နိုင်သော အခြေအနေ အခွင့်အလမ်းများ ရရှိထားခဲ့သည် မဟုတ်ပါလား။

Soe-Nay-Lin-illustration

နှိုင်းယှဉ်ပြောဆိုစရာ အခြေအနေ အဆင့်အတန်းခြင်း မည်သို့မျှ မတူညီနိုင်သော်လည်း ဆရာမြသန်းတင့် ပြန်ဆို ရေးသား ခဲ့သည့်“လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ”ကို သူ သတိရပါသည်။ ဆရာ ဇ၀န၏ “ကောလိပ် ကျောင်းသား” ကို သူသတိရပါသည်။

သို့ရာတွင် တခြား နားထောင်စရာဆို၍ လူတယောက်ယောက်၏ စကားပြောသံ၊ တေးဂီတသံတခု၊ သီချင်း တပုဒ် စသည်ဖြင့် မည်သည့်အရာမှ မရှိသော အခြေအနေတခုတွင် နာရီသံချောင်းခေါက်သံသည် သူ့အတွက် တခုတည်းသော ဂီတသံ ဖြစ်နေတတ်ပါသည်။

သူအိပ်လို့ မပျော်နိုင်သေးပါ။ ပထမ မနှေးမမြန် ၄ ချက် နောက်ထပ် ၂ ချက်။ ဒါ ည ၂ နာရီပဲ။ ဒီအချိန်ဆို သား ၂ ယောက် အိပ်မောကျနေလောက်ပြီ။ သူ့ရဲ့ချစ်သူ မ တယောက်ရော သား ၂ ယောက်တာဝန် မိသားစု စားဝတ်နေရေး ဘ၀ တို့ဖြင့် ပင်ပန်း နွမ်းရော် အိပ်ပျော်နေရှာပြီလား။ သူ့ အပေါ်တွင် ခြေထောက်လေး တင်အိပ်ရမှ အိပ်ပျော်တတ်ခဲ့သော ချစ်သူ မ တယောက် ယခု အချိန်တွင် မည်သို့ ခံစားနေရရှာမည်လဲ။

ပင်မ တိုက်ခန်းတံခါးကြီး ရှိရာဆီမှ သံကြိုးသံများနှင့် ဝေါ ခနဲ တံခါးကြီးမြောက်ပွင့်သွားသံက သူ၏ပျံ့လွင့် နေသော စိတ် အတွေးတို့ကို ရုတ်ချည်း ဆွဲယူ စုစည်းသွားစေခဲ့ပါသည်။ သတိ … သတိ ရှိရတော့မည်။ သည်လိုည အချိန်မတော်တွင် ကံဆိုးသူ မောင်ရှင် ဘယ်သူဖြစ်လေမလဲ။

ဒေါက် … ဒေါက် … ဒေါက် … ဒေါက် … တခန်းချင်းဖြတ်ကျော် လာနေသော စစ်ဖိနပ်သံများကို သူ လဲလျောင်းနေရာမှ ငြိမ်၍ နားထောင်နေခဲ့မိပါသည်။ ဖိနပ်သံများ သူ၏ အခန်းတံခါးရှေ့တွင် ရပ်တန့်သွားသည့် အချိန်အထိ တဘက် မျက်နှာ ချင်းဆိုင် အခန်းက လူတယောက်ကို လာရောက် ခေါ်ထုတ်ခြင်း ဖြစ်လေမည်လား ဟူသော အတ္တစိတ် အတွေးကိုလည်း သူမလွန်ဆန်နိုင်ခဲ့ပါ။ သို့ရာတွင် … မိနစ်ပိုင်း အတွင်း သူ၏ အခန်းတံခါးအား သော့ဖွင့်လိုက်သည့် အသံကို ရင်ခုန်သံ ပြင်းပြင်းနှင့် အတူ သူကြားလိုက်ရပါသည်။

ချက်ချင်းပင် သိစိတ်လွန့်တုံ့မှုအရ ခေါင်းအုံးအဖြစ် အသုံးပြုထားသော သူ၏ ရော်ဘာဖိနပ်ကို ခြေထောက်တွင် အမြန်စီး၊ သူ့ဘေးတွင် ချထားသော မျက်စိစည်း ပိတ်စ ပိုင်းငယ်ကို ကောက်ယူ၊ သူ့မျက်စိများကို သူကိုယ်တိုင်ပင် ပိတ်စည်း ထားလိုက်ပြီး ဖြစ်နေပါသည်။ မစည်းနှောင်မိပါက ခံစားရနိုင်သည့် ဝေဒနာကို သူသိရှိနားလည် ထားခဲ့သည်ပဲ။

တောင့်တင်းသော ခန္ဓာကိုယ်နှင့် အားယူမာန်တင်းထားသော စိတ်ဓာတ်တို့ဖြင့် ငြိမ်သက်စွာ ထိုင်နေစဉ်မှာပင် သူ့ကို မတ်တပ်ရပ်ရန် အမိန့်ပေးသံ ထွက်ပေါ်လာပါသည်။ သူက မတ်တပ်ရပ်ပေး လိုက်ပါသည်။ ချက်ချင်းလိုပင် သူ၏ လက်နှစ်ဘက်ကို အမျိုးအမည် မသိနိုင်သောကြိုးတချောင်းဖြင့် နောက်ပြန် တုပ်နှောင်နေသည်ကို ငြိမ်ငြိမ် သက်သက် ပင် ခံယူနေလိုက်ပါသည်။ စိတ်ကြိုက် တုပ်နှောင်အပြီးတွင် သူ့ကို လက်မောင်းရင်းမှ ဆွဲကိုင်၍ “လျှောက်” ဟု တခွန်း ပြောပြီး ဆွဲခေါ်သွားရာ နောက်မှ သူ လျှောက်လိုက် ခဲ့ရပါသည်။ တချို့နေရာတွင် “ကျော်…ကျော်” ဟုပြောပြီး တချို့ နေရာတွင် “ငုံ့ …ငုံ့” ဟုပြောသည့်အတိုင်း လျှောက်၍ လိုက်ပါလာရင်းနှင့်ပင် နှစ်ကြိမ် သုံးကြိမ်မျှ သူ၏ နဖူးနှင့် မာကြောသော အရာတချို့ ၀င်တိုက်မိခဲ့ပါသည်။

အနည်းငယ် မြင့်သောနေရာတခုသို့ တက်အပြီးတွင် တံခါးတခုအား သော့ခလောက်ဖွင့်သံ ကြားလိုက်ရပါသည်။ သူ့ကို ဆွဲခေါ်လာသူက “၀င်…၀င်” ဟုပြောသည့်အတိုင်း သူဝင်ရောက်လိုက်သည့် အချိန်တွင် အဝေးဆီမှ ကြက်တွန်သံ များကို သူကြားလိုက် ရပါသည်။ နောက်ဆုံး သူကြားခဲ့သော နာရီ သံချောင်းခေါက်သံမှာ ၂ ချက် ဖြစ်သဖြင့် မနက် ၃ နာရီခန့် ဖြစ်မည်ဟု သူခန့်မှန်း လိုက်မိပါသည်။

ဘာဆိုဘာမှ မသိနိုင်သည့် အခြေအနေ တရပ်တွင် လူတို့သတ်မှတ်ထားသည့် အချိန်ကို သိရှိလိုက်ရခြင်းသည်ပင် သူ့ အတွက် တန်ဖိုးကြီးသည့် အရာတခု ဖြစ်ခဲ့ပါသည်။ မနက် သုံးနာရီလောက် ဖြစ်နေပြီ။သားငယ်လေးများ ရုတ်တရက် တရေးနိုးပြီး သူ့ကို လိုက်စမ်းနေမည်လား။ သူ့မိခင်က အိပ်မပျော်နိုင်သည့် မျက်ရည်ပြည့်လျှမ်းသော မျက်လုံးများဖြင့် သားငယ်အား နိုချိုတိုက်ကျွေး ချော့မြှူလိုက် လေမည်လား။ ရုတ်တရက် လွင့်ပါးသွားသော သူ၏စိတ်ကို သူတားဆီး၍ မရနိုင်ခဲ့ပါ။ စိတ်၏အလျင်မှာ ရူပဗေဒ ပညာအရ အလျင်မြန်ဆုံးဟု ဆိုသည့် အလင်း၏ အလျင်သည်ပင် အရှုံးပေးခဲ့ရသည် မဟုတ်ပါလား။

“ထိုင်” ဟု မာဆတ်ဆတ် အမိန့်ပေးသံနှင့်အတူ သူ၏စိတ်က သူ့ဆီသို့ ပြန်ရောက်လာခဲ့ပါသည်။ လက်တင်မပါ သော ကုလားထိုင် တလုံးဟု သူသိလိုက်ပါသည်။ သူကုလားထိုင်ပေါ်သို့ ထိုင်ချအပြီးတွင် ခြေသံများကြားရပြီး ရုတ်တရက် ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ် ငြိမ်သက် သွားခဲ့ပါသည်။ သူ့ကို မည်သို့ လုပ်ကြဦးမည်လဲ။ မည်သည့်ဘက်က ရောက်လာမည်မှန်း မသိသော အန္တရာယ်ကို မည်သို့မျှ လှုပ်ရှား၍မရ၊ မည်သို့မျှ မမြင်နိုင်သည့် အခြေအနေ တခုတွင် သူ့အနေနှင့် စောင့်စားနေရုံမှတပါး အခြားမရှိခဲ့ပါ။

အမှန်တကယ်မှာ အထူးသဖြင့် လက်ပြန်ကြိုး အတုပ်ခံထားရသော အချိန်မျိုးတွင် လက်တင်မပါသော ကုလားထိုင်
တလုံးတွင် ထိုင်ရသည်မှာ အလွန် ကသိကအောက် ဖြစ်ရပါသည်။ နောက်သို့ မှီထိုင်လို့လည်းမရ၊ ဘေးသို့ စောင်းမှီ လို့လည်း မရသည့် အနေအထားဖြစ်ပါသည်။ သူ၏စိတ်မှတ် နာရီအရ မိနစ် ၂၀ ခန့် အကြာတွင် တံခါးဖွင့်သံနှင့်အတူ လူတယောက် ၀င်လာသံကို သူကြားရပါသည်။ ဖိနပ်သံအရ ဘု (boot) ဖိနပ်စီး မဟုတ်သည်ကို သူသိနေပါသည်။

ခဏအကြာတွင် စာရွက်များ လှန်နေသော အသံကိုလည်း သူကြားနေရသည်။ ရုတ်တရက် မေးခွန်းတခုက သူ့ရင်ခုန်သံ ကို မြန်ဆန် လှုပ်ရှားသွားစေခဲ့ပါသည်။ အာရုံကြောစနစ်မှ ဦးနှောက်ကို ချက်ချင်း အသိပေးအဖြေတောင်း လာခဲ့ပါသည်။

တချိန်က သူ တာဝန်အရ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ရသည့် နေ့စွဲ၊ အချိန်၊ နေရာ တို့ကို မေးလာခြင်းဖြစ်ပါသည်။
သူက ဒိုင်ယာရီထား လုပ်၍ရသော အလုပ်မဟုတ်သဖြင့် မမှတ်မိနိုင်တော့ကြောင်း အဖြေပေးခဲ့သည်ဟု ထင်ပါသည်။

မေးခွန်းထုတ်သူထံမှ ဒေါသတကြီး ခြိမ်းခြောက် အော်ငေါက်သံများ ထွက်ပေါ်လာခဲ့ပါသည်။ သူက မှတ်ဉာဏ်အရ မမှတ်မိနိုင် ဖြစ်ရကြောင်း ပြန်ဖြေရင်း ကြိုးစား၍ ပြုံးပြခဲ့ပါသည်။ မေးခွန်းထုတ်သူ ၀ုန်းခနဲ ထ၍ အခန်းထဲမှ ထွက်သွား သံကို သူကြားလိုက်ရပါသည်။ သူက ဖြစ်လာနိုင်ခြေ ရှိသည်များကို စဉ်းစား၍ စိတ်ကို စုစည်းအားတင်းထားလိုက်သည်။

ဆယ်မိနစ်ခန့် အချိန်အတွင်းမှာပင် တံခါးဖွင့်သံ၊ စစ်ဖိနပ်သံများကြားရပြီး သူ၏ခြေကျဉ်းဝတ် နှစ်ဘက်ကို ကုလား ထိုင် ခြေထောက်များနှင့် တွဲ၍တုပ်နှောင်လိုက်သည်ကို ခံစားသိရှိလိုက်ပါသည်။ ထိုသူများ ချက်ချင်းလိုလိုပင်ပြန်ထွက် သွားကြ ပါသည်။ တိတ်ဆိတ်ငြိမ်သက်မှုနှင့် နာရီသံချောင်းခေါက်သံ သည်သာ သူ့အတွက် အဖော်ဖြစ်ခဲ့သည်။

တခါတရံ ခန္ဓာကိုယ်တနေရာရာမှ ယားယံလာသည်ကို မည်သို့မျှ မလုပ်နိုင်သည့်အတွက် မချင့်မရဲ ခံစား ရမှုများ၊ ရေ တပေါက်မှ မသောက်ခဲ့ရသည်မှာ ကြာမြင့်လှပြီဖြစ်၍ ပြင်းပြသည့် ရေဆာငတ်မွတ်ခြင်းများ၊ အချိန် အခါနှင့်အညီ တောင်းဆို လာသော အစာအိမ်အတွင်းမှ တဂျုတ်ဂျုတ် မြည်သံများသည်လည်း သူ့အား တစ တစ ထိုးနှက် နှိပ်စက် လာခဲ့ကြပါသည်။

သူ တရားမှတ်ခြင်း ဆိုသည်ကို နားမလည်ပါ။ လုပ်လည်း မလုပ်တတ်ပါ။ သူ၏နည်းမှာ ပြန့်လွင့် လွယ်တတ်သော စိတ်အား အဆုံးအစမဲ့ ပြန့်လွင့်ခွင့် ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ ထိုသို့ ပြန့်လွင့်ချင်တိုင်း ပြန့်လွင့်သွားသည့်စိတ်၏ အလျင်လှိုင်း တို့နှင်အတူ သူ မျောလွင့်လိုက်ပါ သွားတတ်ပါသည်။

တခါတရံ တရိပ်ရိပ်မြင့်တက် ဝေးလွင့် သီခေါင်၊ တခါတရံ အဆုံးမဲ့ အသူရာချောက် တွင်းနက်နက်ထဲ တရှိန်ထိုး ထိုးကျ…ရင်တလှပ်လှပ်ခုန်၊ အာရုံကြောတို့ တင်းကျပ်ပေါက်ထွက် တော့မည့်အလား…။ မည်သို့ပင်ဖြစ်စေ စိတ်သည် အဆုံးစွန် လွင့်မျော ပြေးထွက် ပြီးသည့်နောက် သူ့ခန္ဓာကိုယ်ရှိရာ ဆီကိုသာ ပြန်ရောက် လာတတ်စမြဲ ဖြစ်ပါသည်။ ထိုအချိန်တွင် ပင်လယ် ရေလက်ကြား တခုကို ဖြတ်သန်း ကူးခတ်ခဲ့သော ရေကူးသမား တယောက်လို ခြေကုန်လက်ပမ်း ကျနေပြီ ဖြစ်သော စိတ်သည် ချက်ချင်းလိုလိုပင် ငြိမ်သက် အိပ်မောကျ သွားတတ်ပါသည်။သူက ထိုနည်းအတိုင်း နာကျင် ကိုက်ခဲ ခြင်း၊ ယားယံခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ လွမ်းတ အောက်မေ့ခြင်း စသော ဝေဒနာ တို့အား စိတ်နှင့်အတူ လွင့်မျော လိုက်ပါ သွားစေခဲ့ပါသည်။

မကြာမီ…။
အစဉ်မပြတ် ရှိနေသော သိစိတ်အလျင်က သူ့ကို ညနေ ၆ နာရီ ထိုးပြီဖြစ်ကြောင်း အသိပေး လာပါသည်။ သူ၏ ခြေနှင့် လက်များအား တုပ်နှောင်၍ ကုလားထိုင်တလုံးပေါ်တွင် အစာငတ် ရေငတ် ထားခဲ့သည်မှာနာရီပေါင်း ၁၅ နာရီ ကျော် သွားခဲ့ပြီ ဖြစ်ပါသည်။ ထိုအချိန်တွင်ပင် တံခါးဖွင့်သံ ကြားလိုက်ရပြီး စစ်ဖိနပ်သံများ ကြားလိုက်ရပြန်သည်။
ယခုတကြိမ်တွင်မူ သူ၏ ဘေးပတ်ပတ်လည်တွင် လူတချို့ ရှိနေကြောင်း သူသိနေခဲ့ပါသည်။ လူတယောက်က  ခြေကျင်းဝတ်နှင့် ကုလားထိုင် တွဲ၍ တုပ်နှောင်ထားသည်ကို ဖြေပေးပြီး သူ့ကို မတ်တပ်ရပ်ခိုင်းပါသည်။

တုံ့ဆိုင်းနေသော အကြောများကြောင့် သူ မတ်မတ်ရပ်ရန် အတော်ကြီး အားယူကြိုးပမ်းခဲ့ရပါသည်။ ခြေထောက် နှစ်ချောင်းပေါ်တွင် မားမားမတ်မတ် ရပ်နိုင်လိုက်သည့် အချိန်တွင် သူ၏စိတ်ဓာတ် အင်အားမှာ ရုတ်တရက် မြင့်တက် အားကောင်းလာသည်ဟု သူထင်လိုက်မိသည်။ တပြိုင်နက်တည်း လိုလိုမှာပင် မေးခွန်းများက တရစပ် ထွက်ပေါ် လာခဲ့သည်။

သူက သိစိတ်ထိန်းချုပ်မှုဖြင့် တချို့ကိုတည့်တည့် အဖြေပေး၊ တချို့သွယ်ဝိုက်၊ တချို့လမ်းလွှဲ၊ တချို့ဘူးကွယ်၊
အပြောင်းပြောင်း အလဲလဲ အဖြေပေးခဲ့သလို မေးခွန်းထုတ်သူတို့ကလည်း သူ၏ ၀မ်းဗိုက်၊ ရင်ဘတ်၊ ပါး၊ မေးစေ့
ပေါ်သို့ ဆက်တိုက်လိုလိုပင် ထိုးကြိတ် ကန်ကျောက် ခဲ့ကြပါသည်။ သူ လဲကျမသွားအောင် ဘေးကလူနှစ်ယောက်
က ထိန်းပေးထားကြပါသည်။

တခါတရံ ထိုလူများကပင် သူ၏ ဆံပင်မှ ဆွဲ၍ နောက်ဘက်နံရံနှင့် ကိုင်ဆောင့် တတ်ပါသေးသည်။ နာရီ သံချောင်း ခေါက်သံကို တခါတခါ သူကြားလိုက် မိသော်လည်း သူ မရေတွက်နိုင်တော့ပါ။ ရုတ်တရက် မာကြောသည့် အရာတခုက သူ၏ ဘယ်ဘက်မေးရိုး တနေရာအား ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်ကို သူသိလိုက်ပါသည်။ သွေးများ သူ၏မေးစေ့မှ စီးကျနေသည်ကိုလည်း သူသိနေပါသည်။

နာကျင်ခံပြင်းမှု ဒေါသဖြင့် “ခင်ဗျားမှာ သေနတ်ပါသလား” ဟု လွှတ်ခနဲ သူမေးလိုက်သည်ကို “ဘာလုပ်မလို့လဲ” ဟု ချက်ချင်းပြန်မေးလာပါသည်။ သူက “သေနတ်ပါလာရင်လည်း ပစ်သာသတ်လိုက်တော့ဗျာ၊ ခင်ဗျားတို့က မေးတာကို ဖြေတော့လည်း ယုံတာမဟုတ်ဘူး၊ ဒါပဲ ထပ်မေးနေတယ်၊ ကျနော် ထပ်မဖြေနိုင်တော့ဘူး”ဟု သူ မာကြောပြင်းထန်စွာ ပြန်ပြောခဲ့မိပါသည်။ ရုတ်တရက် မီးပွင့်တခုကိုမြင်လိုက်ရသလိုမျိုး…။

သေတယ်ဆိုတာ သူ ခွဲစိတ်ကုသခံခဲ့ရစဉ်က မေ့ဆေး အပေးခံရသလိုမျိုးပဲ ဖြစ်ပါလိမ့်မည်။ မေ့ဆေးကို တအားကုန်
ရှူသွင်းလိုက်သည့် ခဏငယ်လေးအတွင်းမှာပင် သူ ခံစားနေရသော ဝေဒနာ၊ နာကျင်မှု အားလုံး ရုတ်တရက် မည်းမှောင် ပြတ်တောက် သွားခဲ့သည်ကို အမှတ်ရနေပါသေးသည်။ သူ၏ ရီဝေမူးနောက်သော သိစိတ်က ထိုသူတို့ ဘာ ပြန်ပြောသည် ကို သဲသဲကွဲကွဲ မကြားတော့။ သူ့ကို နှစ်ယောက်တွဲ၍ လမ်းလျှောက်ခေါ်ဆောင်သွားသည်ကိုမူ သူဝေေ၀၀ါးဝါး မှတ်မိနေပါ သေးသည်။

အချိန် မည်မျှကြာသွား ခဲ့သည်ကို သူမသိခဲ့ပါ။ အိပ်ရာမှ ရုတ်တရက် လန့်နိုးလာခဲ့သည်လား၊ သို့မဟုတ် သတိပြန်လည် လာခဲ့သည်ပဲလား။ သူ ချက်ချင်း သတိပြုလိုက်မိသည်မှာ နီမှုန်မှုန် ဖန်သီးအလင်းရောင်အောက် သမံတလင်း ပေါ်တွင် သူမှောက်လျက် အနေအထားဖြင့် လဲနေခဲ့ခြင်းပင်ဖြစ်ပါသည်။ ထ ထိုင်မည်ဟု သူ့စိတ်က ရုတ်တရက် လွန့်တုံ့ လှုပ်ရှား လိုက်သော်လည်း နောက်ပြန် တုပ်နှောင်ခံထားရဆဲဖြစ်သော လက်များကြောင့် သူ၏ကိုယ်ကို ဘယ်ဘက်သို့ တစောင်း လှည့်ရုံသာ လှည့်နိုင်ခဲ့ပါသည်။

သူ့မျက်စိ တတန်း မနီးမဝေးမှာတော့ မျက်လုံးစည်း ပိတ်စပိုင်းငယ်ကလေးက ခွေခွေရစ်ရစ်ကျလို့….။    ။

(၁၉၈၉ ခုနှစ် စက်တင်ဘာလ မှ နိုဝင်ဘာလ ကြား စစ်ထောက်လှမ်းရေး (၄) စစ်ကြောရေး စခန်းတွင်း ညတညကို ပြန်လည်ခံစားရေးဖွဲ့ပါသည်)

 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်