၁၉၇၀ ကျော် ကာလတွေက ဒီစကား တက္ကသိုလ် ကျောင်းသား လူငယ်တွေကြား ခေတ်စား လှသည်။ သူရေးသည့် နာမည်ကြီး “အချစ်” လုံးချင်း ဝတ္ထုပါ အာလုပ်စကား၊ သူ့ကို မိမိ စတင် သတိထား နှစ်သက်မိသည်က လမ်းပေါ်က ကျောက်ခဲကို ပိတ်ကန် လိုက်သည့် ဇာတ်ဝင်ခန်းပါ “နှောင်းတမြေ့မြေ့”။ ထို့နောက် “အကြင်တို့လင်မယား” “ခုနစ်စဉ်အလွမ်း” (မှတ်မှတ်မှတ်ရရ ထိုဇာတ်ကား သွားကြည့်တော့ ဇနီးသည်က သမီးကြီး ကိုယ်ဝန်လွယ်ထားချိန်)
ထိုအချိန်အထိ ပိတ်ကားပေါ်မှာ၊ စာမျက်နှာတွေပေါ်မှာ မိမိ သူ့ကိုသိနေ ရုံမျှသာ။ သူသီချင်းတွေ ဆိုတာကိုတော့ “ပန်းတွေနဲ့ဝေ” ဇာတ်ကား ကတည်းက သတိပြုမိသည်။ နောင်မှာ သူ့အစ်ကိုရေးသည့် ဆောင်းပါးတပုဒ် ဖတ်ရတော့ သူ သီချင်း ညည်းနေသံကြားပြီး သူ့အစ်ကိုက ဒီဇာတ်ဝင်သီချင်း သူ့ကိုဆိုခိုင်းစေမှန်း သိရသည်။
“ချစ်မိုးကြီး”
ကာရာအိုကေ ခေတ်ရောက်တော့ သူဆိုတဲ့ “နဂါးနီ” က ပွဲတိုင်းကျော် ဖြစ်လာပြန်သည်။ မိမိကတော့ ချစ်မိုးကြီးလောက်မစွဲ၊ ဒီလိုနှင့်မြစ်ရေတွေ တသွင်သွင်စီး၊ မိမိဘဝရေစီးက တကွေ့ချိုးရင်း၊ ရုံတွေထဲကတရုံဖြစ်သည့် “အသံလွှင့်ရုံ” သို့ ရောက်သွား သည်။
၁၉၉၀
မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ မပြတ်တမ်းတွေ့လာရသည်။ သူ့မိသားစုအကြောင်းလည်း သူ့စာတွေဖတ်ပြီး ပိုသိလာရသည်။ သူ့ပါး ဖောင်းလိုက်၊ ပိန်လိုက်ဖြစ်နေတာလည်း ထိုစဉ်က စာမျက်နှာတွေပေါ်မှာ တွေ့နေရသည်။ သူအတော် သောက်နေတာလည်း သူရေးတဲ့ စာတွေ အရပဲ သိနေရသည်။
သူနဲ့ အပြင်မှာ အရှင်လတ်လတ် တွေ့တော့ (ထူးဆန်းစွာ) သူမသောက်သည့်အချိန်၊ မိမိက သောက်အား ကောင်းနေချိန် ဖြစ်နေပြန်သည်။ အဲဒီတုန်းက ရန်ကုန်- မန္တလေး ရထားပေါ်မှာ သူနှင့် မိမိတို့အဖွဲ့ စတွေ့ကြခြင်းဖြစ်သည်။ သူက ရုပ်မြင် သံကြား ဇာတ်လမ်း တပုဒ်ရိုက်ရန် စစ်ကိုင်းသို့အသွား၊ မိမိတို့က ပြန်ကြားရေး တာဝန်နှင့် စစ်ကိုင်းတိုင်းခရီး အထွက်၊ ထုံးစံ အတိုင်း ငမိုးရိပ်တံတား ကျော်သည်နှင့် မိမိတို့အဖွဲ့ ရမ်ပုလင်းထောင်ကြသည်။ ပဲခူးကျော်တော့ တော်တော် ကောင်းနေ ကြပြီ၊ ဟိုခုန်သည်ခုန် လုပ်ချင်လာပြီ၊ လုပ်ကြပြီ။ မိမိနှင့်အဖော် ၂ ယောက် သူရှိရာတွဲကို ကူးကြပြီ။ သူတို့က ကင်မရာ မင်းတွေမို့ သူနှင့် ရင်းနှီးကြပြီး သူတွေ။ မိမိကတော့ အခုမှ သူ့ကို ပထမဆုံးအကြိမ် ဆုံဖူးခြင်း။ မိမိတို့ကိုမြင်ကတည်းက သူပြုံးပြီး ကြည့်နေ သည်။ ကောင်းနေကြပြီ ဆိုတာလည်း သူရိပ်စားမိနေပြီ၊ ကောင်းကောင်းနှင့် မိမိ သူ့ ပါးကိုဖက်နမ်းသည်၊ ချစ်မိုးကြီး သီချင်းကို နှစ်ခါပြန် သုံးခါပြန်ဆိုပြသည်။ သူကတော့ ပီတိအပြုံးတွေနှင့် ခေါင်းတညိတ်ညိတ် နားထောင်နေလေတော့သည်။
၂၀ဝ၂
နေ့ရက်တော့မမှတ်မိတော့။
မှတ်မှတ်ရရ အဲသည်ညက ကမ္ဘာ့ဖလား အင်္ဂလန်ပွဲကြည့်ရင်း ဘောကိုက်ကာ အိပ်ရာကမနိုး။ ရုံးကလူခေါ် ရောက်လာမှ နိုးတော့သည်။
“အစ်ကိုဇာတ်လမ်းသွင်းဖို့ချိန်းတယ်ဆို၊ ကိုသုမောင်တို့ သားအဖ ရုံးမှာစောင့်နေကြပြီ”
“ဟိုက်”
ကမန်းကတန်း မျက်နှာသစ်ပြီး ရုံးပြေးရတော့သည်။ ရုံးခန်းထဲရောက်တော့ သားအဖ ၂ ယောက် ငုတ်တုတ်လေး ထိုင်စောင့်နေကြတာ တွေ့သည်။ အားနာစရာ ကောင်းလိုက်သည့်ဖြစ်ခြင်း။
“ဆောရီးအစ်ကိုရာ၊ ညကဘောပွဲကြည့်ပြီး ကျနော် အိပ်ပျော်နေတာ၊ ရုံးကလူခေါ် လွှတ်မှနိုးတာလေ”
သူကတော့ အပြုံးနှင့်ပင် ခွင့်လွှတ်နေပြန်သည်။
သူတို့သားအဖနှင့် အသံသွင်းသည့် ဇာတ်လမ်းတော့ ဒီနေရာမှာ နည်းနည်း ပြောမှဖြစ်မည်။ မဂ္ဂဇင်းတအုပ်ပါ ဝတ္ထုတိုတပုဒ်ကို မိမိ ဇာတ်ညွှန်းခွဲထားတာ ဖြစ်သည်။ မိခင်နှင့် သူ့ကို ပစ်ထားသည်ဆိုကာ အဖေကို ခွတိုက်နေတဲ့ လူငယ်လေးတဦး။ သူ့အမေ ဆုံးတော့ ဖခင်ဆီသွား ဆိုမှ လောကမှာ အဖေရှိမှန်းသိရတဲ့ လူငယ်လေးတဦး၊ နောက်ဆုံးခန်းကျမှ ဖခင် ဆိုသူက မိခင်ရဲ့ သူငယ်ချင်း၊ ဖခင် နာမည် ဝင်ခံထားပြီး စောင့်ရှောက်နေသူမှန်း သိလိုက်ရသည့် လူငယ်လေးတဦး ဇာတ်လမ်း။
ဒီဝတ္ထု ဖတ်ပြီးကတည်းက မိမိစိတ်ထဲ ဇာတ်ညွှန်းခွဲ၊ ဇာတ်ကောင်နေရာ ချထားပြီးနှင့်လေပြီ။ ကိုသုမောင်တို့ သားအဖ။ ထိုအချိန်က ဖိုးသောကြာ အနုပညာလောကထဲ ဝင်ခါစပင် ရှိဦးမည်ထင်သည်။ သူကတော့ ကက်ဆက် ဇာတ်လမ်း ခေတ်ကတည်းက အသံမင်းသား လုပ်လာသူ။ အဓိက ဇာတ်ကောင် ဖိုးသောကြာ လုပ်နိုင်ပါ့မလား။ မိမိအနည်းငယ် စိုးရိမ်မိတာ အမှန်။ ဇာတ်ဝင်ခန်း တနေရာရောက်တော့ ဖိုးသောကြာကို မိမိအားမရ၊ အဖေကို ပေါက်ကွဲပြီး ပြောရတဲ့အခန်းမှာ ဖိုးသောကြာ ပေါက်ကွဲတာ လိုနေသလို။ မိမိ အသံသွင်း ခန်းထဲထိဝင်ပြီး ဖိုးသောကြာကိုပြောသည်။ ဒီထက်ပို ပေါက်ကွဲပြီး ပြောဖို့။ သူ ဘာမှဝင်မပြော၊ မိမိပြောနေတာကို တခွန်းတပါဒမှ ဆရာဝင် မလုပ်။
“အိုခေ”
ပြန်သွင်းသည်။ ဖိုးသောကြာ ဒီထက်ပိုပြီးပေါက်ကွဲမလာ။ သို့သော်၊ မိမိသတိထား မိလိုက်သည်။ သူပေါက်ကွဲနေတာက လက်တွေခြေတွေ ရမ်းခါပြီး မျက်စိနောက်လောက်အောင် အော်ဟစ် ဆူညံ ပေါက်ကွဲနေတာမျိုးမဟုတ်၊ အငြိမ်ဇယားနဲ့ ပေါက်ကွဲနေတာမျိုး။
“ဂွဒ်”
မိမိတို့မြင်တွေ့နေကျ သမားရိုးကျထဲက မဟုတ်သော ဖိုးသောကြာ၏ အသံပညာ၊ သူသင်ထားတာတော့ မဖြစ်နိုင်၊ ဇာတ်လမ်းက သူတို့ရောက်မှ ဖတ်ရသည့် ဇာတ်လမ်း၊ အနုပညာသွေးပြတယ် ဆိုတာ ဒါမျိုးဖြစ်မည်။
ဇာတ်လမ်း အသံသွင်းပြီးတော့ ဌာနက သုခုမကြေးဟု ယဉ်ယဉ်လေးခေါ်သော သရုပ်ဆောင်ခ ၁၂၀ဝ ကျပ်စီ ကျနော် ပေးတော့ ဖိုးသောကြာကို သူ တခွန်းပြောသည်။
“မင်း ကံကောင်းတယ်၊ မြန်မာ့အသံမှာ ဇာတ်လမ်း အသံသွင်းသွင်းချင်း ပိုက်ဆံရတယ်၊ ငါရာနဲ့ချီ ဇာတ်လမ်းတွေ မြန်မာ့အသံမှာ သွင်းဖူးတယ်၊ ဒီလောက်တခါမှ မရဖူးဘူး”
ရယ်ရယ် မောမောပြောပြီး သားအဖနှစ်ယောက် ဗောက်စ်ဝက်ဂွန် ကားကလေးမောင်းကာ မိမိကို နှုတ်ဆက် ပြန်သွားကြသည်။
၂၀၁၀
နောက် ရေစီး တကြောင်းချိုးတော့ မိမိက “မြန်မာ့အသံ” ထက် စာလုံး ၅ လုံးပိုသော အီလက်ထရွန်နစ် မီဒီယာတခုကို ရောက်သည်။ သူ့လိုပင် မိမိလေးစား၊ ချင်ခင်၊ နှစ်သက် သည့် သင်္ကြန်မင်းသားကြီး ဆုံးတော့ သူ့ကို ဖုန်းဆက်ပြီး လွမ်းမော စကား တောင်း ဖြစ်သည်။
“ပထမတခေါက် ဆေးရုံတက်ကတည်းက ကျနော် သူ့ကိုပြောတယ်။ မင်းက ငါ့လိုမဟုတ်ဘူး။ ငါက အတွင်းကလီစာတွေ ကောင်းတယ်။ စိတ်ပဲထိတာ။ မင်းက ကလီစာ မကောင်းဘူး၊ မလုပ်တော့နဲ့ ဆိုတာ မရဘူး၊ သူပြန်လုပ်တယ်ကြားတယ်။ တိုင်တိုက် ဆိုင်ဆိုင်ဗျာ မန္တလေး အက်ဖ်အမ်မှာ သူ့ဘဝ သူ့သီချင်းတွေအကြောင်း အစီအစဉ်လုပ်နေတုန်း သူဆုံးတယ် ကြားတာ။ ညကတည်းက ဆုံးတာ အိမ်က ကျနော် စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောကြဘူး။ မနက်ကတင် မန္တလေးက နန်းမြင့် ဂျာနယ်အတွက် ဆောင်းပါးရေးနေတာလည်း သူ့အကြောင်းပဲ”
သူ လွမ်းလွမ်းဆွတ်ဆွတ် ပြောခဲ့တာဖြစ်သည်။ သူ့အသံကို နောက်ဆုံးကြားရခြင်း ဆိုတာတော့ ဘယ်သိပါ့မလဲ။ သူဆုံးပြီဆိုတာ ဆုံးပြီးနောက်နေ့ကြားတော့ ရန်ကုန်မှာ မိုးစရွာတဲ့နေ့။ မိမိဂျီမေးလ် ကတ်စတန်မက်ဆေ့ခ်ျမှာ “မိုးလေး ရွာတာတောင် စောင့်မသွားပါလားဗျာ” ဆိုပြီး သူ့ပုံတူပန်းချီပါ သူရေးတဲ့ စာအုပ်အဖုံးလေးနဲ့ တင်ထားလိုက်သည်။ သိပ်မကြာ မိတ်ဆွေ တဦးက ဝင်ပြောလာသည်။
“သူက နတ်ပြည်ရောက်သွားပြီး မိုရွာချပေးတာလေ” တဲ့။
< Prev | Next > |
---|