ဘ၀တက္ကသိုလ်လို့ နာမည်လှလှ တပ်ထားပေမယ့် ထောင်ထဲရောက်လာတဲ့ နိုင်ငံရေးသမား တယောက်အတွက် ပညာ ရှာဖွေရတဲ့ ဒုက္ခဟာ တော်တော် ကြီးမားတာကို တွေ့ရတယ်။ စာရွက်လေး လက်နှစ်လုံးလောက် ခဲတံလေး လက်တဆစ် လောက်ဟာလည်း စစ်ခွေးလို့ခေါ်တဲ့ ငရဲခန်းထဲကို ရက်ရှည် ပို့ဆောင်နိုင်တဲ့ အရာတွေပဲဖြစ်တယ်။
ဒါပေမယ့် ဘယ်လိုပဲ နှိပ်ကွပ်မှုတွေ ရှိပါစေ။ လိုချင်တဲ့ ပညာကို အရိုက်ခံ၊ တိုက်ပိတ်ခံပြီး ရှာကြံခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ဇွဲကိုတော့ ဦးညွှတ်မိတယ်။ ဘာစာရွက်မှ မရှိ၊ ဘာခဲတံမှ မရှိတဲ့ ဒီလိုနေရာမှာ သင်ကြားရေး အထောက် အကူပစ္စည်း တွေကို ရှာဖွေခဲ့တဲ့ ရှေ့က လူများရဲ့ ကြံဆောင်မှု ကိုလည်း လေးစားမိ ပြန်တယ်။ အပြင် လောကမှာ အမှိုက်အဖြစ် စွန့်ပစ်ခံရတဲ့ ပစ္စည်း တချို့ဟာ ထောင်ထဲမှာ အဖိုးတန်ပစ္စည်း ဖြစ်နေတာကို တွေ့ရတယ်။
ပလတ်စတစ် အိတ်တွေဟာ အပြင်မှာဆို အမှိုက်ပုံထဲ တောင်လိုပုံနေမယ့် အရာပါ။ ဒါပေမယ့် ထောင်ထဲမှာ တန်ဖိုး အရှိဆုံး အလိုအပ်ဆုံး ပစ္စည်းထဲမှာ သူလည်း တခုအပါအ၀င် ဖြစ်တယ်။ ပလတ်စတစ်ကို အသုံးပြုပြီး လောင်စာ သုံးတယ်။ ပလတ် စတစ် ဖြူဖြူလေးတွေကို စုပြီး ကြိုးဆွဲ၊ ကြိုးကျစ်ပြီး အိတ်လှလှ လေးတွေ ထိုးတယ်။ အစကတော့ ပလတ်စတစ်ကို ဒီလောက်ပဲ အသုံးဝင်တာလို့ ထင်ထားခဲ့တာ။ ထောင်ထဲ ရောက်ရောက်ချင်းမှာ ဒါကိုပဲ တွေ့ဖူးသေး တာကိုး။ အခု တွေ့လိုက်ရတာက မြင်နေကြ အရာထက် ပိုတဲ့ အသုံးဝင်မှု တခုကို ထပ်တွေ့ လိုက်ရတယ်။
ကြည့်မြင်တိုင်က ကိုမြတ်သူရက သူ့ကို အဘိဓမ္မာ သင်ပေးဖို့ ဦးပဉ္ဇင်းကို လာကမ်းလှမ်းတယ်။ ဦးပဉ္ဇင်းကလည်း လိုလို လားလားပဲ သူသိချင်တဲ့ အဘိဓမ္မာကို ပြပေးဖို့ သဘောတူလိုက်တယ်။ ခက်တာက ဘယ်လိုသင်ရမလဲဆိုတဲ့ ကိစ္စပဲ။ သူနဲ့ ကိုယ်တွေ့ဖို့က ၁၅ မိနစ်ပဲ အချိန်ရတယ်။ ဒီ အချိန်အတွင်းမှာ အဘိဓမ္မာကို နားလည်အောင် ဘယ်လိုရှင်းပြမလဲ။ ဒီလို အခက်အခဲနဲ့ ကြုံတယ်။
ဒါပေမယ့် ဒီအခက်အခဲကို ဦးပဉ္ဇင်းတို့ ကျော်လွှားနိုင်ခဲ့တယ်။ ဒါကတော့ ပလတ်စတစ် အိတ်ဖြူဖြူကို ထုံးပေနေတဲ့ နံရံမှာ ပွတ်တိုက် လိုက်တယ်။ မှုန်ဝါးဝါး ဖြစ်သွားတဲ့ ပလတ်စတစ်ပေါ်မှာ သွပ်နန်းကြိုးလို လက်တဆစ်လောက် သံချောင်းလေး ဒါမှမဟုတ် ၀ါယာကြိုး ကြေးနန်းတိုတိုလေးကို ကလောင်တံအဖြစ် သုံးပြီး ရေးလို့ရပါတယ်။ အဲဒီလိုနဲ့ ပလတ်စတစ်ပြားပေါ်မှာ သင်္ဂြိုဟ် ကိုးပိုင်းစလုံးကို မျှဝေပေးနိုင်ခဲ့တယ်။ ဒါကလည်း လွတ်လွတ်လပ်လပ် မဟုတ်ဘူး။ အာဏာပိုင် တစ်ယောက် ယောက်၊ ချွန်တွန်းလုပ်တဲ့ အကျဉ်းသား တယောက်ယောက်ကများ အတို့အထောင် လုပ်လိုက်ရင် သင်သူရော သင်ပြသူ ရော နှစ်ယောက်စလုံး စစ်ခွေးတိုက်ကို ရက်ရှည်ခရီး ချီတက်ရလိမ့်မယ်။ စွန့်စွန့်စားစား ပညာရှာဖွေကြရတဲ့ အချိန်ကာလ တွေပေါ့။
သာယာဝတီထောင် ရောက်တော့ အင်းစိန်ထက်စာရင် နည်းနည်းလေးတော့ လူးသာလွန့်သာ ရှိလာတယ်လို့ ဆိုရမယ်။ စာသင်တဲ့ ပစ္စည်းတွေကို ပလတ်စတစ်ပေါ် သံချွန်နဲ့ ရေးရတဲ့ အနေအထားကနေ မယ်လမင်း ပန်းကန်ပြားပေါ် ခဲတံနဲ့ ရေးရတဲ့ အနေအထားကို တိုးတက်သွားတယ်။ ဒါကလည်း ရှာဖွေလေ တွေ့ရှိလေဆိုတဲ့ စကားအတိုင်း တွေ့ရှိသွားခဲ့ကြတာ။ မယ်လမင်း ပန်းကန်းပြားပေါ် ဒီအတိုင်း ခဲဆံနဲ့ ရေးလို့ကတော့ ဘာစာလုံးမှ မထင်ဘူး။ အုတ်နီခဲမှုန့် စတဲ့ အမှုန့်လေးတွေနဲ့ ပန်းကန်းပြားရဲ့ ချောမွတ်နေတဲ့ မျက်နှာပြင်ကို ခပ်နာနာလေး ပွတ်တိုက်ပေးလိုက်မှ မျက်နှာပြင်ပေါ် စာရေးလို့ရတယ်။ ခဲဆံကတော့ ၀န်ထမ်းကို မတန်တဆ ကြေးကြီးကြီးပေးပြီး သွင်းခိုင်းရတယ်။ ခဲတံတချောင်းလုံးဆိုရင် သွင်းပေးသူရော အသွင်းခိုင်းသူပါ အန္တရာယ်ကြီးကြီး ကြုံတွေ့နိုင်မယ်မှန်း သိလျက်နဲ့ လုပ်ကြရတာ။ သွင်းပေးတဲ့ ၀န်ထမ်းက အလုပ်ပြုတ် ထောင်
ကျတဲ့အထိ ဖြစ်နိုင်သလို သွင်းခိုင်းတဲ့ အကျဉ်းသား ထောင်ဝင်စာပိတ် တိုက်ပိတ် (၀င်းမြင့်တို့ လူလှတို့လို ခပ်ဆိုးဆိုး ထောင်ပိုင်တွေနဲ့ တွေ့ရင်) အရိုက်ခံရမှာတွေကို သိလျက်နဲ့ ပညာလိုချင်လွန်းလို့ စွန့်စားကြရတာ။
ခဲတံက တချောင်းလုံးသွင်းလို့ ရတာမဟုတ်ဘူး။ ယူလာခဲ့ရမယ့် ၀န်ထမ်းကလည်း တချောင်းလုံး မယူရဲဘူး။ ခဲတံကိုခွဲ အထဲက ခဲဆံကို လက်တဆစ်လောက်လေးတွေ ဖြတ်ပြီး ယူလာခဲ့ရတာ။ လမ်းမှာမိလို့ကတော့ ၀န်ထမ်း ခံရောပဲ။ အဲဒီလို ၀န်ထမ်းက ခဲရာခဲဆစ် သွင်းလာတဲ့ ခဲဆံကို တံမြက်စည်း ရိုးတံထဲမှာစွပ်၊ သားရေပင်နဲ့ ပတ်ပြီး ထောင်တွင်းဖြစ် ခဲတံ ဖန်တီးတယ်။ တချိန်လုံး တံမြက်စည်း ရိုးတံထဲ ခဲဆံကို တပ်ထားလို့မရဘူး။ စာသင်ပြီးတာနဲ့ တနေရာဆီထားရတယ်။ ခဲဆံကိုဖြုတ်ပြီး လုံးခြုံတဲ့နေရာမှာ ၀ှက်ရတယ်။
မယ်လမင်း ပန်းကန်ပြားပေါ် ရေးထားတဲ့စာကိုလည်း အမြဲတမ်း သတိထားနေရတယ်။ ရှာဖွေရေးလို့ အသံကြားလိုက်တာနဲ့ မယ်လမင်း ပန်းကန်ပြားပေါ်က စာတွေကို အမြန်ဖျက်။ မဖျက်မိလိုက်လို့ ရှာဖွေရေး တွေ့သွားရင် အဖြေကောင်းရင်ကောင်း၊ အဖြေမကောင်းလို့ကတော့ မီးခိုးကြွက်လျှောက် တသီကြီး ခံရရော။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအခက်အခဲတွေကြားကပဲ စာတွေအများကြီး သင်ခဲ့ကြရတယ်။ အန္တရာယ်ကြားထဲက စွန့်စွန့်စားစား ရယူခဲ့ရတယ်။ တချို့က အင်္ဂလိပ်စာ၊ ဒေါက်တာ အေးချမ်းလို ဆရာသမားတွေနဲ့ ကြုံသူတွေက ဂျပန်စာ တွေကို သင်ရတယ်။
နောက်သင်တန်းတခုကို ထူးထူးခြားခြား တွေ့ဖူးတယ်။ ပန်းချီဆရာကြီး ဦးခင်မြင့်အောင် အဆောင်ကနေ တိုက်ကိုရောက် လာတော့ ပညာသင်ပေးမယ့်သူ တယောက်တိုးလာတယ်။ ဦးခင်မြင့်အောင် အဆောင်မှာ နေစဉ်ကလည်း သူ့ရဲ့ ပညာတွေကို ရဲဘော်တွေကို ဝေငှတယ်လို့ သိရတယ်။ အခုလည်း သူ့ဆီက ပညာတွေကို တိုက်မှာ ဝေငှတယ်။ သူ့ရဲ့ သင်တန်းက ဘာအထောက်အကူပစ္စည်းမှ မရှိလည်း မြေကြီးနဲ့ ခဲလုံးရှိရင် သင်တန်းလုပ်လို့ ရတယ်ဆိုပဲ။
သူ့သင်တန်းသားတွေကို မျဉ်းကြောင်းတွေ အုတ်နီခဲနဲ့ ကြမ်းပြင်မှာ ရေးခြစ်ပြီး သင်ပေးခဲ့ရတယ်ဆိုတာကို သူက ပြောပြ တယ်။ အခုတော့ ထောင်ထဲမှာ အဆင့်မြင့်နေပြီ။ မယ်လမင်း ပန်းကန်ပြားနဲ့ ခဲဆံတွေက သူ့သင်တန်းကို များစွာ အ ထောက် အကူပြုတယ်။ သူ့ရဲ့သင်တန်းသားတွေကတော့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၊ ရမည်းသင်းက ကိုကျော်ဆွေ၊ မန္တလေးက ကိုအောင်မြင့်၊ မှော်ဘီက ကိုခင်မောင်ကြည်။ ဒါ သူ့သင်တန်းသားတွေ။ ဦးပဉ္ဇင်းတို့ကတော့ သူတို့ ပန်းချီဆွဲရင် အလှည့်နဲ့ မော်ဒယ်လ် ထိုင်ပေးရတယ်။ နောက်တော့ ရောင်စုံဆေးတွေကိုပါ စွန့်စွန့်စားစား အထဲ ရောက်အောင် သွင်းယူကြတယ်။ သူ့ပန်းချီသင်တန်းက ပန်းချီပြပွဲတွေကို နှစ်ခါ သုံးခါလောက် လုပ်တာ ကြုံလိုက်ရတယ်။ ကန္တာရထဲမှာ တွေ့လိုက်ရတဲ့ အိုအေစစ်လေးပါပဲ။ သောကတွေ၊ ဒုက္ခတွေ၊ အခက်အခဲတွေကြားက အနုပညာ ထုတ်ကုန် တွေကို ရဲဘော်တွေ ဖန်တီးလိုက်နိုင်တယ်။
ထောင်ထဲမှာ ဦးပဉ္ဇင်းတို့ အဆင့်မြင့်ပညာတွေကို အရည်အချင်းမီမီ ပြန်လည်ဝေငှနိုင်သူတွေ အမြောက်အမြားပါပဲ။ တက္ကသိုလ် အဆင့်မီ ဆရာတွေ တကယ့် ပရော်ဖက်ရှင်နယ် ပညာရှင်တွေ အများကြီးပါပဲ။ လွတ်လပ်စွာ သင်ယူခွင့်ကို ပြင်းပြင်းထန်ထန် အကန့်အသတ် ခံရခြင်းကသာ အားလုံးအတွက် အခက်အခဲဖြစ်တာပါ။ အာဏာရှင်တွေရဲ့ စိတ်ထဲမှာ တော့ ဒီလူတွေ စာတွေဖတ်၊ အသိပညာတွေ ဒီထက်မက တိုးလာရင် ငါတို့ကို ပိုဆန့်ကျင်မယ်။ ဒီ အကြောက်တရားက ထောင်ထဲက လူတွေရော၊ ထောင်အပြင်ကလူတွေပါ အကန့်အသတ် ခံနေရတာပါ။ အဲဒီတော့ ကိုယ့်တိုင်းပြည်ကို ကမ္ဘာ့ အလယ်မှာ အဆင့်အတန်းနိမ့်ကျတဲ့ ဘ၀ကို ရောက်စေတော့တာပေါ့။
ရှာဖွေရေး အသံကြားရင် ကိုယ့်အနီးအနားက ပြဿနာရှာနိုင်တဲ့ ပစ္စည်းတွေကို ၀ှက်ကြရတယ်။ မ၀ှက်မိလို့ကတော့ ထောင်ဝင်စာ ပိတ်တာ၊ တိုက်ပိတ်တာတွေနဲ့ တဦးတည်း အထီးကျန် အထားခံရမှာ ကျိန်းသေတယ်။ တခါက ဒေါက်တာ အေးချမ်း ပြောဖူးတာက ရှာဖွေရေးလာတုန်း သူ့ဆီမှာ စာရွက်စာတမ်းတွေက အပြည့်။ နောက်ဆုံး တရွက်ဆီကို ဆွဲစုတ်၊ စွန့်ထားပြီးသား မိလ္လာခွက်ထဲကို စာရွက်အစအနတွေကို လက်နဲ့ထိုးထည့်၊ ပြာနဲ့ ပြန်အုပ်၊ ပေရေနေတဲ့လက်ကို အ၀တ်စုတ်နဲ့ သုတ်ထားပြီး ခပ်တည်တည်နဲ့ နေလိုက်တယ်။ ဒီလိုနဲ့ ရှာဖွေရေးကို သူကျော်လွှားလိုက်ခဲ့တယ်ဆိုတာကို ပြောပြဖူးတယ်။
နောက်တယောက်ကတော့ သတင်းစာ တစောင်လုံးကို ရေနဲ့စိမ်၊ ၀ါးစားပြီး မြိုချပစ်လိုက်တယ်။ ရှာဖွေရေးကို ကျော်ဖြတ် နည်း တွေကတော့ အမျိုးစုံပဲ။ လွတ်သွားတာလည်း ရှိတယ်။ မလွတ်ဘဲ ခံလိုက်ရတာလည်း ရှိတယ်။
ကြုံလို့ ခံခဲ့ရတာလေးတခု ပြောပြချင်သေးတယ်။
၁၉၉၆ ခု ဒီဇင်ဘာလဆန်း တမနက်ခင်းမှာ “ရှာဖွေရေး ... ရှာဖွေရေး” လို့ အထိတ်တလန့် အော်လိုက်တဲ့ အသံက ဦးပဉ္ဇင်း တို့ တတိုက်လုံးကို အလန့်တကြား ဖြစ်သွားစေတယ်။ အနီးအနားမှာ ပြဿနာရှာနိုင်တဲ့ ပစ္စည်းကို စဉ်းစားလိုက်တော့ မနေ့ ကမှ ကိုယ့်လက်ထဲရောက်လာတဲ့ ကဗျာစာရွက် တရွက်ကို သွားတွေ့တယ်။ ကဗျာဆိုရင် ကိုယ်ကလည်း မြတ်နိုး၊ လက် တ၀ါးလောက် စာရွက်ကလေးကို ကိုယ်တိုင်ပဲ တာဝန်ယူချင်တယ်။ မဖြဲလည်း မဖြဲရက်ဘူး။ ဒါနဲ့ ဖွဲပြာအိတ်ထဲ ထိုးထည့် ထားလိုက်တယ်။ တခါမှ ပြာအိတ်ကို လှန်လှောပြီး ရှာတာ မကြုံခဲ့ရဘူးတော့ အေးဆေးပေါ့။ ဒီလိုပဲ ထင်ခဲ့တာ။ ရှာလိုက်တဲ့ ကိုယ်တော်တွေ စေ့စပ်လိုက်တာမှ ပြာအိတ်ကို သွန်ပါလေရော။ လွန်ခဲ့တဲ့ မိနစ်ပိုင်းကမှ ထိုးထည့်ထားတဲ့ ကဗျာစာရွက် ခေါက်လေးက ထွက်ကျလာတယ်။ ကဗျာဆရာရဲ့ နာမည်ပါ ပါလာတော့ ကဗျာဆရာက ဘယ်လိုနည်းနဲ့မှ ရှောင်လို့ မလွတ်နိုင်တော့ဘူး။ လမ်းဘေးက ကောက်ရတယ်လို့ ဖြေပြန်ရင်လည်း ကိုယ်သာ လွတ်ချင်လွတ်မယ်။ ကဗျာဆရာက တော့ ဘယ်လိုမှ မလွတ်နိုင်ဘူး။ ဒီလိုနဲ့ ဦးပဉ္ဇင်းနဲ့ ကဗျာဆရာ နှစ်ယောက်သား ဒီဇင်ဘာ ဆောင်းညရဲ့ချမ်းအေးတဲ့ ဒဏ်ကို ကဗျာတွေနဲ့ ခုခံဖို့ ပြစ်ဒဏ်တိုက်ရဲ့ အခန်းတခုထဲမှာ နှစ်ယောက်သား ၀င်ရောက်သွားခဲ့ကြတယ်။
ကဗျာဆရာ ကိုဖြိုးထိန်နဲ့ ဦးပဉ္ဇင်း ထောင်ထဲမှာ ပတ်သတ်ခဲ့ရတာက ပြစ်ဒဏ်တိုက်ထဲမှာလို့ ဆိုရမယ်။ နေ့ရော ညရော ချမ်းအေးနေလို့ အခင်းလည်းမရှိ၊ ခေါင်းအုံးလည်းမရှိ၊ တမံသလင်း ကြမ်းပြင်ပေါ်မှာ ငိုက်လိုက်၊ တယောက်တလှည့် ကဗျာရွတ်လိုက်နဲ့ ပစ်ဒဏ်နေ့ရက်တွေကို ကုန်ဆုံးစေခဲ့ရတယ်။ ကိုဖြိုးထိန်အတွက် မမေ့နိုင်တဲ့ ထောင်တွင်းနေ့ရက်တွေကို ပြောရင် ကဗျာကြောင့် တိုက်ပိတ်ခံရတဲ့ အဲဒီနေ့ရက်တွေကို သူပြောမှာ မလွဲဘူး။ ပြစ်ဒဏ်တိုက်ထဲမှာ နှစ်ယောက်အတူနေတုန်း ကဗျာကြောင့် တိုက်ပိတ်ခံရတာကို သူက ၀မ်းသာမဆုံး ဖြစ်နေတယ်။ ပြစ်ဒဏ်ကို ဆုလာဘ်လို့ သတ်မှတ်ရဲတဲ့ ကဗျာချစ် စိတ်ဓာတ်ကတော့ လေးစားစရာပါ။
ကိုဖြိုးထိန်ရဲ့ ထောင်တွင်း ကဗျာရေးနည်းကတော့ ခဲဆံမလို၊ ပလတ်စတစ်မလို ရေးနည်းဆိုတာကို သိခဲ့ရတယ်။ စိတ်နဲ့ ရေးတဲ့ ကဗျာတဲ့။ ဦးပဉ္ဇင်းလည်း ထောင်ထဲမှာ ကဗျာတွေ အများကြီး ရေးဖြစ်ခဲ့တယ်။ ဒါပေမယ့် ကိုဖြိုးထိန်လို စိတ်နဲ့ ရေးနည်း မဟုတ်တော့ အားလုံး ပျောက်ပျက်ကုန်တယ်။ တချို့တ၀က်သာ မှတ်မိတော့တယ်။ ကိုဖြိုးထိန်ကတော့ ရေးထား သမျှအားလုံးကို ပြန်လည် သယ်ဆောင်သွားနိုင်မှာ အမှန်ပဲ။ စိတ်ထဲက စာရွက်ကို ဘယ်သကောင့်သားကမှ ပြစ်ဒဏ်မပေး နိုင်ဘူးလေ။
အခုတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ (ICRC) ရဲ့ကျေးဇူး၊ အပြင်က မီဒီယာတွေရဲ့ ကျေးဇူးတွေကြောင့် ထောင် ထဲမှာ သူတို့ လုပ်ချင်သလိုလုပ်လို့ မရတော့တဲ့ အနေအထားတွေ ဖြစ်လာပြီ။ ဒါတောင် လစ်ရင်လစ်သလို ပညာပြခြင်းကို နိုင်ငံရေးသမားတွေ ခံနေရတယ်။
ငါတို့က အပြင်မှာနေတာပဲ၊ ထောင်ထဲက လူတွေအတွက် ဘာမှ မလုပ်ပေးနိုင်ဘူးလို့ ဥပေက္ခာစိတ်တွေ မမွေးကြပါနဲ့။ အပြင်လောကက ကိုယ့်ရဲဘော်တွေအတွက် ပြောကြားလိုက်တဲ့ အသံတွေဟာ ကိုယ့်ရဲဘော်တွေရဲ့ ကျောပေါ် ကျရောက် တော့မယ့် တုတ်ချက်တွေကို ဟန့်တားပေးနေတာပါ။ သူတို့ ဆုံးရှုံးတဲ့ အခွင့်အရေးတွေကို ၀ိုင်းဝန်း တိုက်ပွဲဝင်ပေးနေကြပါ။ ဒါမှလည်း ကိုယ့်ရဲဘော်တွေ ဒုက္ခထဲ၊ ငရဲထဲမှာ လူးသာလွန့်သာ အနေအထားကို ရရှိမှာပါ။ သူတို့လက်ခုပ်ထဲမှာ လုပ်ချင် သလို လုပ်ခွင့်ကို စစ်အာဏာပါးကွက်သားတွေ လက်ထဲရှိနေတုန်းပါပဲ။
အများအကျိုးအတွက် ဘ၀တွေ၊ အချိန်တွေ ပေးဆပ်နေရသူတွေအတွက် ဘာရုပ်ဝတ္ထုပစ္စည်းမှ မကမ်းလှမ်းနိုင်ရင်တောင် သူတို့လွတ်မြောက်ရေးအတွက် တတ်နိုင်တဲ့ဘက်က စကားသံတွေ ထုတ်ပေးကြပါ။ ဒီလိုလုပ်ပေးတာဟာ ဘ၀နဲ့ ရင်းပြီး လုပ်ဆောင် နေကြသူတွေကို ကူညီရာရောက်ပါတယ်။
အရှင်ဇဝနသည် နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ပြီး သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့၊ မဲဆောက်ရုံး ၏ တာဝန်ခံ လည်းဖြစ်ပါသည်။
< Prev | Next > |
---|