ဟိုတုန်းက ထောင်ဆိုတာနဲ့ ၂/ ၈၀ လွတ်ငြိမ်းချမ်းသာခွင့် အတွေ့အကြုံ

သမ္မတသစ် ဦးသိန်းစိန် လက်ထက် အရပ်သားအစိုးရရဲ့ ပထမဆုံး လွှတ်တော်ကနေ လွတ်ငြိမ်း ချမ်းသာ ခွင့်အကြောင်း ပြောကြတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရတော့ ၁၉၈၀ ပြည့်နှစ် ကာလတွေက ကိုယ်တိုင်ကြုံခဲ့ရတဲ့ အင်းစိန်ထောင်တွင်း အတွေ့အကြုံနဲ့ အဲဒီတုန်းက လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာကို သတိရ မိပါတယ်။

Htet-Yarzar-illustration၁၉၇၉ ခုနှစ်နဲ့ ၁၉၈၀ ပြည့်နှစ်တွေက အချုပ်ကျ အကျဉ်းသားတွေကို တရားရုံးထုတ်တဲ့ အခါမှာ အင်းစိန်ထောင်မှ တိုက်ရိုက်မထုတ်ပါဘူး။ ရန်ကုန်ထောင်ကနေ တဆင့် ထုတ်တာပါ။ အင်းစိန်တရားရုံး တခုပဲ အင်းစိန်ထောင် ကနေ ရုံးထုတ်ပါတယ်။

တနင်္လာနဲ့ ဗုဒ္ဓဟူးနေ့တိုင်း တပတ်ကို ၂ ရက် အချုပ်သားတွေကို လမ်းကြောင်းကားနဲ့ ရန်ကုန်ထောင်ကိုပို့ ပါတယ်။ ရန်ကုန် ထောင်ကနေ တဆင့် အကျဉ်းသားတွေ ရုံးထွက်ရမယ့်နေ့မှာ ရုံးထုတ်ပါတယ်။ တနင်္လာ၊ အင်္ဂါ နဲ့ ဗုဒ္ဓဟူး ရုံးထွက်ပြီးတဲ့ အချုပ်သားတွေကို ဗုဒ္ဓဟူးလမ်းကြောင်းကားနဲ့ အင်းစိန်ထောင်ကို ပြန်ပို့ပါတယ်။ ကြာသပတေး၊ သောကြာ ရုံးထွက်ပြီးတဲ့ သူတွေ တနင်္လာနေ့မှာ အင်းစိန်ထောင်ကို ပြန်ပို့ပါတယ်။

အဲဒီအချိန်က ရန်ကုန်ထောင် တည်ရှိတဲ့ နေရာကတော့ ဘုန်းကြီးလမ်းနဲ့ ပြည်လမ်းမကြီးကို ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာရှိတဲ့ အရင်စိန်ဂျွန်းဈေးဟောင်းရှေ့ မျက်နှာချင်းဆိုင်က စစ်သားစုဆောင်းရေး တပ်ရဲ့ဘေးမှာ ရန်ကုန်ထောင်ကို တည်ထားတာ ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်က ရန်ကုန်ထောင် အဟောင်းကြီးရဲ့ တစိတ် တပိုင်းပါ။

ရန်ကုန်ထောင်ဟာ အောက်ဘက်မှာ အခန်း ၄ ခန်းနဲ့ အပေါ်ထပ်မှာ အခန်း ၄ ခန်း ရှိတဲ့ နှစ်ထပ် အဆောက်အအုံ ဖြစ်ပါတယ်။ အောက်ဘက် ၁ ခန်းကို ပုံစံခန်း လုပ်ထားပါတယ်။ အချုပ်သစ်တွေ အားလုံး အဲဒီအခန်းကို ၀င်ရပါတယ်။ နောက်ပိုင်း ရုံးထွက်ကျမှ ကိုယ်ကြိုက်တဲ့ အခန်းကို ၀င်နေလို့ ရပါတယ်။

အပေါ်ထပ် အခန်းကနေ အပြင်ကိုကြည့်ရင် ရွှေတိဂုံဘုရား၊ စိန်ဂျွန်းဈေးနဲ့ ရန်ကုန်-အင်းစိန်-ပြည် လမ်းမကြီးကို ထင်ထင်ရှားရှား တွေ့ မြင်ရပါတယ်။ နောက်ပြီး မိန်းမအဆောင်နဲ့ ယောက်ျားအဆောင်ကို အလယ်က လူတရပ်ကျော် မြင့်တဲ့ သွပ်ပြားတွေ ကာပြီး ခွဲထားပါတယ်။ သွပ်ပြားပေါ်မှာ သစ်သားဒေါက်တွေနဲ့ သံဆူးကြိုးတွေ ရှိပါတယ်။ အဲဒီအဆောင်တွေရဲ့ အနောက်ဘက် ကပ်လျက်မှာ စစ်သားစုဆောင်းရေးတပ် ရှိပါ တယ်။

အဲဒီအချိန်က အင်းစိန်ထောင် အချုပ်ပုံစံခန်းဟာ ၁ ဆောင်အောက်ထပ် တခန်း ဖြစ်ပါတယ်။ အဆောင်တိုင်းမှာ အပေါ်အခန်း လေးခန်း၊ အောက်အခန်း လေးခန်းရှိပါတယ်။ ၁ ဆောင်နဲ့ ၂ ဆောင်ဟာ တရားရုံး ထွက်နေတဲ့ အချုပ်တွေကိုထားတဲ့ နေရာဖြစ်ပြီး ၃၊ ၄၊ ၅ ဆောင်တွေဟာ ထောင်ကျတွေ ထားတဲ့အဆောင် ဖြစ်ပါတယ်။ ၃ ဆောင်ကို သီးသန့်ဆောင် လို့လည်း ခေါ်ပါတယ်။ နိုင်ငံရေးသမား အများစုနဲ့ အရေးကြီးတဲ့သူ တချို့ ကို ထားတယ်လို့ သိရပါတယ်။ အဆောင်ကလည်း တခြား အဆောင်တွေထက် ပိုပြီး သန့်ပြန့်ပါတယ်။

အင်းစိန်ထောင် ၁ ဆောင် အခန်းတိုင်းရဲ့ ခေါင်းရင်းဘက် နံရံပေါ်မှာ ဗုဒ္ဓရှင်တော် မြတ်စွာဘုရားရဲ့ အောင်ခြင်း ၈ ပါး ပုံတော်တွေကို ပန်းချီရေးဆွဲ ထားပါတယ်။ အခန်းတိုင်းကို အခန်းလူကြီး ၂ ယောက်နဲ့ အခန်းစာရေး ၂ ယောက် အုပ်ချုပ်ပါတယ်။ အချုပ်အသစ်တိုင်း ပုံစံခန်း ကိုဝင်ရပါတယ်။ အခန်းလူကြီးတွေနဲ့ အခန်းစာရေးတွေက တလှည့်စီ အချုပ်သစ်တွေကို ထောင်ပိုင်၊ ထောင်မှူး၊ ထောင်ဝန်ထမ်းတွေ ရှေ့ကျရင် ပုံစံ ဘယ်လိုရပ်ရမယ်၊ ဘယ်လိုနေထိုင်ရမယ် ဆိုတာကို သင်ပြပေးပါတယ်။ နောက်ပြီး ထောင်မှတ်ပုံတင် ရပါတယ်။ ကိုယ်ရေး ရာဇ၀င် အကျဉ်းကို ယူတာပါ။ သူတို့ သင်ထားတာကို နားမလည်ရင် မေးလို့ ရပါတယ်။ ပြီးရင် အချုပ်သားတွေကို ပြန်စစ် မေးပါတယ်။ ပြောတာဆိုတာမှားရင် ဒါမှမဟုတ် ပုံစံပြတာမှားရင် အရိုက်ခံရပါတယ်။

ဥပမာ - အဖေနာမည်မေးရင် ရှေ့ဆုံးက ဦးတပ်ပြီး ဖြေရပါတယ်။ ဦးမတပ်ရင် မင်းမွေးသဖခင် နာမည်ကိုတောင် ဦးတပ်ပြီး မထည့်ရလားဆိုပြီး ရိုက်ပါတယ်။ ကိုယ့်နာမည်ကို မေးရင်တော့ ဦး ဒါမှမဟုတ် ကို တပ် ဖြေစရာ မလိုပါဘူး။ တပ်ပြီးဖြေရင်လည်း အရိုက်ခံရပါတယ်။ အကြောက်လွန်ပြီး မှားဖြေတဲ့ အချုပ်သစ် တော်တော် များများဟာ အရိုက်ခံရပါတယ်။ အိပ်တဲ့အခါမှာ အုတ်ရိုးတန်း၊ အလယ်တန်း၊ ဘာယာတန်းဆိုပြီး ၃ တန်းခွဲပြီး အိပ်ရပါတယ်။ ည ၉ နာရီထိုးတာနဲ့ တပြိုင်နက် အိပ်ချိန် ပေးပါတယ်။ အိပ်ချင်ချင်၊ မအိပ်ချင်ချင် လှဲအိပ် နေရပါတယ်။

အချုပ်အသစ်တွေကို နောက်တနေ့မှာလေဘာချပါတယ်။ လေဘာချတယ် ဆိုတာ အဆောင်တွင်းမှာ အလုပ်လုပ် ရတာကို ပြောတာပါ။ အဆောင်သန့်ရှင်းရေး၊ ရေကန်၊ မိလ္လာ၊ အခန်းသန့်ရှင်းရေး၊ စည်းကမ်း ထိမ်းသိမ်းရေး၊ ထမင်းချက်၊ တောင်ယာ စတဲ့ နေရာတွေမှာ တရားရုံးထွက် မရှိတဲ့နေ့မှာ အလုပ်လုပ်ရပါတယ်။

ပိုက်ဆံရှိတဲ့သူတွေကတော့ ထောင်မှူး၊ ထောင်ပိုင်တွေဆီမှာ လိုင်းဝင်ပြီး ကောင်းတဲ့နေရာကို ယူကြပါတယ်။ ပိုက်ဆံမတတ်နိုင်တဲ့ သူတွေကတော့ အများသောအားဖြင့် မိလ္လာ၊ တောင်ယာ စတဲ့ နေရာတွေမှာ အလုပ်လုပ် ကြရပါတယ်။

အဲဒီအချိန်က အဆိုတော် စိုင်းထီးဆိုင်က ရိက္ခာပေးတဲ့ နေရာမှာ အလုပ်လုပ်ပါတယ်။ အိပ်တော့ ဆေးရုံမှာ အိပ်တယ်လို့ သိရပါတယ်။ ရုပ်ရှင်မင်းသားဇော်ဝမ်းက တွဲဘက်ထောင် မှာပါ။ အထူးတိုက်မှာ စီးပွားရေးပုဒ်မနဲ့ သူဌေးရှော်ဖီ၊ ဘိန်းဘုရင် လော်စစ်ဟန်တို့ကိုလည်း ထားတယ်လို့ သိရပါတယ်။ ဆေးရုံမှာတော့ ရှော်ဖီရဲ့သား အော်စကာက ဆေးမှူး လုပ်နေပါတယ်။

အဲဒီအချိန်က အင်းစိန်ထောင်ကို အကျဉ်းဦးစီးဌာန လက်အောက် အရပ်သား ၀န်ထမ်းနဲ့ ထောက်လှမ်းရေးတပ် တွဲပြီး အုပ်ချုပ်ပါတယ်။  အင်းစိန်ထောင်ပိုင်ကြီးရဲ့ နာမည်က မက္ကနားလို့ ခေါ်ပါတယ်။ ဟိန္ဒူ အိန္ဒိယ လူမျိုး ဖြစ်ပုံရပါတယ်။ အင်္ဂလိပ် လက်ထက်ကတည်းက ထောင်ဝန်ထမ်း မျိုးရိုးက လာတယ်လို့ သိရပါတယ်။

အဲဒီအချိန်က ထောင်မှာ တရားဝင် ဟင်းချက်ခွင့်ပြုထားပါတယ်။ အုတ်၊ သဲ၊ ဆံပင်ချည်၊ ရွံ့တို့နဲ့ ရောမံပြီး လုပ်ထားတဲ့ မီးဖိုတွေကို သုံးကြပါတယ်။ မနက် ထောင်ဖွင့်တာနဲ့ စက္ကူ၊ ပလပ်စတစ် လိုက်ကောက် မီးမွှေး ဟင်းချက် ကြပါတယ်။ ဒါ့အပြင် ထောင်မှာ စာဖတ်ခွင့်၊ ရေဒီယိုနားထောင်ခွင့်၊ စာအုပ်၊ ဘောပင်ကိုင်ဆောင်ခွင့်၊ ဂစ်တာတီးခွင့် စတာတွေ ပေးထားပါတယ်။ ခြင်းခတ်ခွင့်၊ ဘော်လီဘော၊ ဘောလုံးကစားခွင့် ပြုထားပါတယ်။

၁ ဆောင်ရဲ့ အနောက်ဘက်မှာ ထောင်မှူးရုံးခန်း တသီးတခြားရှိပြီး ၁ ဆောင်အရှေ့ဘက်ခြမ်း အုတ်ရိုးတန်း အဖီရဲ့ ထိပ်ဆုံးမှာ ဒုအဆောင်မှူး ရုံးခန်းရှိပါတယ်။ ဒုအဆောင်မှူးက တပ်ကြပ်ကြီးပါ။ ဦးဇေယျလို့ ခေါ်ပါတယ်။ ရုပ်ရှင်မင်းသားကြီး ဦးဇေယျနဲ့တူလို့ နာမည်အရင်း မခေါ်ကြပါဘူး။ ထောက်လှမ်းရေး တပ်ဆွယ်က လာတာပါ။ ထောင်မှူး နာမည်ကတော့ ဦးထွန်းခင်ပါ။ အရပ်သားက လာတာပါ။ ဒုအဆောင်မှူး ရုံးခန်းရဲ့ အရှေ့ဘက်မှာတော့ အကျဉ်းသား ရေချိုးကန်ကြီး ရှိပါတယ်။ ရေချိုးကန်ကြီးရဲ့ အတွင်းဘက်ခြမ်း အဆုံးမှာ တိုးချဲ့ဆောင်ကြီး တဆောင် ရှိပါတယ်။

ဒု အဆောင်မှူးရုံးခန်း အုတ်ရိုးတန်းက အောက်ဘက်ကို ဆင်းသွားရင် မူဂျာဟစ်ကုလား ဈေးတန်းကြီး ရှိပါတယ်။ မဆလာ၊ အာလူး၊ အသီးအနှံမျိုးစုံ၊ အမဲသား စတဲ့ ဟင်းချက်ပစ္စည်းမျိုးစုံနဲ့ ဟင်းတွေ ရောင်းပါတယ်။ မူဂျာဟစ် တွေဟာ ထောင်လွတ်ရက် ကျော်နေပေမယ့် သူတို့နိုင်ငံကို မပြန်ဘဲ ထောင်မှာပဲနေတယ်လို့ သိရပါတယ်။ မနက်ထောင်ဖွင့်ရင် ထောင်ဗူးဝက နေထွက်ပြီး အင်းစိန်ဈေးကိုသွား၊ ဈေးဝယ်ပြီး ပြန်လာကြပါတယ်။ အင်းစိန် ဈေးထက် သူတို့ပိုပြီး မသွားတတ်ပါဘူး။

တိုးချဲ့ဆောင် အောက်ဘက်မှာတော့ တရုတ်လူမျိုး ကွန်မျူနစ်ပါတီ ဈေးတန်းရှိပါတယ်။ တရုတ် ကွန်မျူနစ် တွေကို နှစ်ကြာလာတဲ့ အခါမှာ ပုဒ်မ ပြောင်းတပ်ပါတယ်။ FRC ပုဒ်မပါ။ သူတို့ကတော့ ကြိုးပုတီးတွေ၊
ဆွဲပြားတွေ လုပ်ရောင်းပါတယ်။ ဒန်ခွက်၊ ပလတ်စတစ်၊ ကော်ရုပ် ကော်ခွက် အကျိုးအပဲ့တွေကို အရည်ကြိုပြီး  ဘုရားပုံတော်တို့၊ နဂါးရုပ်၊ ခြင်္သေ့ရုပ်တို့လို ပုံတွေကို ထွင်းထုပြီး ရောင်းပါတယ်။ အဲဒီတရုတ်တွေကော မူဂျာဟစ် တွေကော ထောင်ဝင်စာ မရှိကြပါဘူး။

၁ ဆောင် အနောက်ဘက်ခြမ်း အဆောင်မှူးရုံးခန်းကို လွန်ရင် ညောင်ပင်ကြီးနဲ့ ဟိန္ဒူဘုရားကျောင်း ရှိပါတယ်။ အဲဒါနဲ့ တွဲလျက် ရေစင်ကြီး ရှိပါတယ်။ ၁ ဆောင် အပေါ်ထပ် နောက်ဘက်ခြမ်း အခန်း ၃ နဲ့ အခန်း ၄ ရှေ့
ဘာယာတန်းက ကြည့်မယ်ဆိုရင် ကြိုးစင်ကို မြင်ရပါတယ်။ ကြိုးစင်က မိန်းမဆောင် တောင်ယာခင်းထဲမှာ ရှိပါတယ်။ ကြိုးစင်ဘေး ပတ်ပတ်လည်မှာ ပန်းအလှတွေ စိုက်ထားတာ တွေ့ ရပါတယ်။

ကြိုးပေးတဲ့ အချိန်ဟာ မနက် အရုဏ်တက်လောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ညဥ့်ဦးပိုင်း အဆောင်မပိတ်ခင် လောက်ပဲ အပေါ်ထပ် အခန်း ၃ ၊ ၄ ရှေ့ ဘာယာတန်းအပြင်ဘက်ကို ဖျာကြီးတွေနဲ့ ကာလိုက်ပါတယ်။
အဲဒီနောက် ည ၁၂ နာရီလောက်ကစပြီး အဆောင်ကို ထောင်ဝန်ထမ်းတွေက ဒိုင်းတွေ၊ တုတ်တွေနဲ့ ဝင်လာပြီး ရှာဖွေရေး လုပ်ပါတော့တယ်။ အခန်းအလယ်ခေါင်မှာ အကျဉ်းသားတွေအားလုံးကို ပုံစံထိုင်ခိုင်းထားပြီး တညလုံး တနာရီခြားလောက်တခါ ရှာဖွေရေးဝင်ပါတယ်။ မနက် ၃ နာရီလောက်ကျမှ အိပ်ချိန်ပေးပါတယ်။ အကျဉ်းသား တွေလည်း အရမ်းအိပ်ချင်နေပြီ ဖြစ်တဲ့အတွက် အိပ်မောကျကုန်ပါတယ်။ အဲဒီနောက် အရုဏ်ဦးအချိန် အကျဉ်းသားတွေ အိပ်မောကျနေချိန်မှာ ကြိုးပေးတယ်လို့ သိရပါတယ်။ ကြိုးစင်က တပြိုင်နက် ၂ ယောက် ကြိုးပေးလို့ ရပါတယ်။ ကြိုးစင်ရဲ့ အောက်ဘက်ကို လှေကားထစ် ဆင်းသွားလို့ ရပြီး အပေါ်ကနေ အောက်အထိ ၁၂ ပေလောက် အနက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

အဆောင် ၁ ဒုအဆောင်မှူး ရုံးခန်းရဲ့ ခြေရင်းဘက်မှာ မနက်ထောင်ဖွင့်တာနဲ့ တပြိုင်နက် ကျောင်းသားအုပ်စု တစုက အမြဲနေရာယူပြီး အဲဒီနေရာမှာ ထမင်းစား၊ စာကြည့်၊ စာအုပ်ငှား၊ မယ်ဒလင်၊ ဂီတာတီး၊ တယောထိုး၊ စစ်တုရင်ထိုး၊ အနားယူ၊ ထောင်ပိတ်မှ ကိုယ့်အခန်းကို တက်ကြပါတယ်။ မှိုင်းရာပြည့်နဲ့ ဦးသန့် အရေးခင်းက ကျောင်းသားတွေ ဖြစ်ပါတယ်။ ၁၉၇၄ ကျောင်းသားအုပ်စုပေါ့။ မန္တလေးက ကိုတင်အေးကြူ (ကိုမှိုင်း)၊ ရခိုင်က ကိုလှစော၊ ကိုနေ၀င်းအောင်၊ ဆရာခဲ၊ ကိုသန်းနိုင် (ပုဂံစာအုပ်တိုက်) တို့ဖြစ်ပါတယ်။

တခြား အဆောင်တွေမှာလည်း ကျောင်းသားတွေ ရှိတယ်လို့ သိရပါတယ်။ ထောင်တွင်းအခွင့်အ ရေးအတွက် တိုက်ပွဲဝင် ဆန္ဒပြမှုတွေ ဖြစ်တဲ့အတွက် ကျောင်းသားတွေကို တစုတစည်းတည်း မထားဘဲ အဆောင်တွေမှာ ခွဲထားတယ်လို့ သိရပါတယ်။ သူတို့ကို အမြဲစည်းစည်းလုံးလုံး တွေ့ မြင်ရပါတယ်။ ကျောင်းသားတွေကို လေဘာ (အလုပ်) မချပါဘူး။ သူတို့ ထောင်ဝင်စာထွက်တဲ့အခါ ၀န်ထမ်းတယောက် ဘေးက အမြဲလိုက်ပြီး အ၀တ် အမည်းကြီး အုပ်ပြီး ထွက်ရပါတယ်။

နောက်ပြီး ထောင်မှာ လွတ်ရက်စေ့တဲ့ လူတယောက်ကို မနက်ထောင်ဖွင့်တာနဲ့ တပြိုင်နက် ဗူးဝကိုခေါ်ပြီး အရင်ဦးဆုံး လွှတ်ရပါတယ်။ လွတ်ရက်မတိုင်ခင် တရက် သူ့ကို လွတ်နားပေးပါတယ်။ အဲဒီနေ့မှာ သူ ဘာအလုပ်မှ လုပ်စရာမလိုပါဘူး။ သူ့ကို လွတ်နားစာရွက်တရွက် ထုတ်ပေးပြီး တထောင်လုံးကို လျှောက်သွားလို့ ရပါတယ်။ နှုတ်ဆက်ရမယ့် သူတွေကို နှုတ်ဆက်ပေါ့။ တခြားအချိန်မှာတော့ အဆောင်ကျော်ပြီး သွားလာခွင့် မရှိပါဘူး။

၁၉၈၀ ခုနှစ် ဧပြီလရဲ့ နေ့ရက်တရက်မှာ ဂိုဏ်းပေါင်းစုံ သံဃာအစည်းအဝေးကြီး အောင်မြင်ခြင်း အထိမ်းအမှတ် အနေနဲ့ ဦးနေ၀င်းအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပါတယ်။

နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်ပါတယ်။ ရာဇ၀တ်မှုတွေထဲက သေဒဏ်ကျနေတဲ့ သူတွေ၊ ကျွန်းပြောင်း၊ ထောင်ဒဏ်ကျနေတဲ့ သူတွေကို ပြစ်ဒဏ်ရဲ့ထက်ဝက် ခံစားခွင့်ရကြပါတယ်။ ဥပမာ - ၁၀ နှစ်ကျရင် ၅ နှစ်၊ အဲဒီ ကျန်တဲ့ ၅ နှစ်မှာလည်း ထောင်ရက် သုံးပုံတပုံ လျော့ရက်ကို အပြည့်ခံစားခွင့်ရကြပြီး လွတ်ကြပါတယ်။ အဲဒီ အချိန်မှာ လတ်တလေ အမှုရင်ဆိုင်နေရတဲ့ အချုပ်သားတွေလည်း ခံစားခွင့် ရကြပါတယ်။ ထောင်ကျလာရင်
ပြစ်ဒဏ်ရဲ့ တ၀က်ကို ရကြပါတယ်။

ညနေပိုင်းလောက် ကတည်းက လွတ်ငြိမ်းချမ်းသာခွင့် လာမယ်လို့ ကြိုသိနေတဲ့သူတွေ ရှိပါတယ်။ ထောင်ပိတ်ပြီး ညဦးပိုင်းသတင်းမှာပဲ ရေဒီယိုက လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာတဲ့အချိန်မှာ တထောင်လုံး အော်ဟစ်သံတွေ ဆူညံသွားတာပါပဲ။ ထောင်သားအားလုံးတင် မကဘူး ထောင်ဝန်ထမ်းတွေပါ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။

ထောင်သားတွေ အိပ်မပျော်နိုင်တဲ့ ညတညပါ။ နိုင်ငံရေးအကျဉ်းသား၊ ကျောင်းသားအုပ်စု အားလုံး လွတ်ကြ ပါတယ်။ နောက်တနေ့ကစပြီး လွှတ်လိုက်တာ ထောင်မှာ လူတော်တော် လျော့သွားပါတယ်။ ဒါပေမယ့် သိပ် မကြာလိုက်ပါဘူး။ ထောင်က လူပြန်များလာတာပါပဲ။

အဲဒါကတော့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတာတွေ ချွတ်ခြုံကျနေတဲ့ တပါတီ အာဏာရှင် စံနစ်ဆိုးရဲ့ လက်အောက်က ပြယုဂ်ပါ။ ဒါပေမယ့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို ဖော်ဆောင်နေတယ် ဆိုတဲ့ အခု အစိုးရသစ် လက်ထက် အကျဉ်းထောင်တွေနဲ့၊ လွတ်ငြိမ်းချမ်းသာခွင့်တွေကို ယှဉ်ကြည့်လို့ ရအောင် ဖော်ပြ လိုက်ခြင်းပဲ ဖြစ်ပါတယ်။     ။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်