ဘယ်သူ ချန်ပီယံဖြစ်မလဲ ဘရာဇီးလား၊ အာဂျင်တီးနားလား

ကမ္ဘာ့ဖလားမှာ အထင်ကရ ဥရောပ အသင်းကြီးတွေ မျက်နှာပျက် ရှုံးနိမ့်နေချိန်မှာ တောင်အမေရိက အသင်းတွေ ဗိုလ်စွဲနိုင်မလား ဆိုတဲ့ မေးခွန်းတွေ၊ ပြောဆိုမှုတွေဟာ အခုဆိုရင် တဖြည်းဖြည်းနဲ့ ရုပ်လုံး ပေါ်လာနေပါပြီ။

လက်ရှိ အခြေအနေမှာတော့ တောင်အမေရိကတိုက် အသင်းတွေက ဥရောပတိုက် အသင်းတွေထက် အခြေအနေ ပိုကောင်း နေပြီး မရဏ အုပ်စုက ကမ္ဘာ့ နံပါတ် ၁ ဘရာဇီး အသင်းဟာ အိုင်ဗရီကို့စ် အသင်းကို  ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလို့ ရှုံးထွက် အဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။

ဘရာဇီး အသင်းဟာ ဒေသတွင်း ပြိုင်ဘက် အာဂျင်တီးနား အသင်းပြီးရင် ရှုံးထွက် အဆင့်ကို တက်တဲ့ တောင်အမေရိက တိုက်ရဲ့ ဒုတိယ အသင်း ဖြစ်ပါတယ်၊

ဘရာဇီး အသင်းရဲ့ ထင်ရှားတဲ့ အမှတ်အသား ဖြစ်တဲ့ တိုက်စစ် ဦးစားပေး ကစားဟန်မျိုး လက်ရှိ ဘရာဇီး အသင်းမှာ မရှိတော့ဘူးလို့ ပရိသတ်က ပြောနေပေမယ့် မနေ့ညက ကစားခဲ့တဲ့ အိုင်ဗရီကို့စ်နဲ့ ပွဲမှာ သူတို့ရဲ့ မူလပုံစံ အတိုင်း လှလှပပ အပေးအယူ လုပ်ပြီး ကစားခဲ့တာကို တွေ့ရပါတယ်။

ဘရာဇီး အသင်းဟာ ပထမဆုံး မြောက်ကိုရီးယားနဲ့ ပွဲမှာ နောက်တန်းလူ မိုင်ကွန်က ဂိုးနဲ့ ဘေးတိုက်အနေအထားကနေ မထင် မှတ်ဘဲ ဂိုးသွင်းခဲ့သလို အိုင်ဗရီကို့စ်နဲ့ ပွဲမှာလည်း ဖေဘီယာနိုက ၁၈ ကိုက် အတွင်းကနေပြီး ဂိုးရဲ့ ထောင့်ကျဉ်း ထဲကို ဗွေဆော်ဦး ဂိုး သွင်းယူခဲ့ပါတယ်။

ဒီ ဂိုး ၂ ဂိုးဟာ အံ့သြဖွယ် အလွန်ကောင်းပြီး ဘရာဇီးဆိုတဲ့ ပုံသဏ္ဍန်အမှန်ကို ပြသခဲ့ပါတယ်။

ဘရာဇီးနည်းပြ ဒွန်ဂါဟာ  အများစုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီးတော့ ဘောလုံးဝိဇ္ဇာ ရော်နယ်ဒင်ဟိုကို မရွေးချယ်တဲ့အတွက်ရယ်၊ တိုက်စစ်ထက် ခံစစ်ကို ဦးစားပေးတဲ့ နည်းကို အသုံးပြုတာရယ်ကြောင့် ဝေဖန် ခံနေရသူတဦးလည်း ဖြစ်ပါတယ်။

မနေ့က အိုင်ဗရီကို့စ်နဲ့ ကစားခဲ့တဲ့ ပွဲမှာလည်း ဘရာဇီး ဟန်ပန်အတိုင်း အပေးယူ စိတ်စိတ်နဲ့ အနီးပေးတွေ ကစားသွားသလို၊ ခပ်ကြမ်းကြမ်း ကစားလာရင်လည်း ခပ်ကြမ်းကြမ်းပဲ တုံ့ပြန်ကစားတာကို တွေ့ရပါတယ်။

ပထမဂိုးကို နောက်ချန် တိုက်စစ်မှူးကာကာရဲ့ ဖန်တီးပေးမှုကနေ ဖေဘီယာနို ပင်နယ်တီ ဧရိယာ ထဲကနေ သွင်းယူနိုင် ခဲ့တာ ဖြစ်ပြီး ဒုတိယဂိုးကတော့  ဖေဘီယာနိုရဲ့လက်နဲ့ ၂ ကြိမ်တိုင်တိုင် ထိပြီး အငြင်းပွားဖွယ်ရာ ဖြစ်ပေမယ့် အိုင်ဗရီကို့စ် နောက်ခံလူများ ကြားက လှလှပပ မြေမကျဘဲ ကန်သွင်းပါတယ်။

တတိယ ဂိုးကိုလည်း ကာကာရဲ့ ဖန်တီးပေးမှု ကနေ အီလာနိုက သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။

ကွင်းလယ် ကစားသမား ကာကာကတော့ ၂ ၀ါ ၁ နီနဲ့ နောက်လာမယ့် ပေါ်တူဂီနဲ့ ပွဲမှာ ပါဝင်ကစားနိုင်ခြင်း မရှိတော့ပါဘူး။

“မနေ့က ကစားတဲ့ ကစားပုံနဲ့ဆိုရင်  ဘရာဇီးက အသင်းအားလုံးကို အနိုင်ယူသွားနိုင်တယ်။ ဘရာဇီး ကိုနိုင်ဖို့ဆိုရင် အဘက်ဘက်က ပြည့်စုံနေဖို့လိုပါလိမ့်မယ်” ဆိုပြီး အိုင်ဗရီကို့စ် နည်းပြ ဆရန်ဂိုဗင် အဲရစ်ဆန်က AP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

အလားတူ အာဂျင်တီးနား အသင်းကလည်း အုပ်စု (ခ)မှာ ပထမအဆင့်နဲ့ အုပ်စုပွဲကို လွတ်လွတ်ကျွတ်ကျွတ် တက်သွားခဲ့ပါပြီ၊
ပါရာဂွေး နဲ့ ဥရုဂွေးအသင်းလည်း နောက်တဆင့် တက်ရောက်ဖို့ အခြေအနေကောင်း နေပြီး ချီလီ အသင်းလည်း လက်ရှိ အခြေအနေမှာ ဟွန်ဒူးရပ်စ်အသင်းကို အနိုင်ရရှိလို့ အုပ်စု ပထမနဲ့ ထိပ်ဆုံးမှာ ရောက်ရှိနေပါတယ်။

ဥရောပတိုက်က အသင်းတွေထဲမှာတော့ နယ်သာလန်တသင်းသာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး  ဗိုလ်စွဲနိုင်မယ်လို့ ခန့်မှန်းခဲ့ကြတဲ့ အင်္ဂလန်၊ အီတလီ၊ ပြင်သစ် အသင်းတို့ အခြေ မလှဖြစ်နေပါတယ်။

အဲဒီလိုပဲ စပိန်အသင်းလည်း ပွဲဦးထွက် ဆွစ်ဇာလန်ကို မထင်မှတ် ဘဲ ရှုံးနိမ့်တာကြောင့် ဇယားအောက်ခြေမှာပဲ ရှိနေပြီး ဒီကနေ့မှာ ဟွန်ဒူးရပ်စ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ တပွဲရှုံးထားပြီး အမှတ်မရရှိသေးပါဘူး။

၂၀၀၆ ကမ္ဘာ့ဖလား ချန်ပီယံ အီတလီအသင်းဟာလည်း သမုဒ္ဒရာပိုင်းဇုန်က နယူးဇီလန်အသင်းနဲ့ မနေ့က ကစားခဲ့ရာမှာ ၁ ဂိုးစီ သရေကျခဲ့ပြီး ၂ မှတ်ရရှိထားပါတယ်။

အီတလီအသင်းရဲ့ ကစားပုံကတော့ လက်ရှိ ချန်ပီယံဆိုတဲ့ ပုံရိပ်မရှိတော့သလို ရှေ့တန်းက ဂီလာဒီနိုလည်း ခြေစွမ်းမပြနိုင်ပါဘူး။ အလယ်တန်းမှာလည်း ဒီရော့စီ တဦးတည်း ရုန်းနေရပြီး နည်းပြက ပီယာလိုနဲ့ ဂတ်တူဆိုကို မထည့်သွင်း ခဲ့တာဟာလည်း အလယ် တန်း အားနည်းခဲ့တဲ့ တချက်ဖြစ်ပါတယ်။

ဂျာမနီအသင်းကတော့ ပွဲဦးထွက် သြစတြေးလျကို  ၄ ဂိုးသွင်းခဲ့တဲ့အတွက် ဒီနှစ် ဂျာမနီအသင်း ချန်ပီယံဖြစ်မယ်လို့ အများက ပြောဆိုနေပေမယ့် ဒုတိယ အကျော့ ဆားဘီးယား အသင်းကို ရှုံးနိမ်ပြီး အာဖရိကတိုက်က ဂါနာအသင်းရဲ့အောက် ဒုတိယနေရာ မှာ ရောက်ရှိနေပါတယ်။ သူက လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဂါနာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဥရောပ ဘရာဇီး အသင်းလို့ နာမည်ကြီးနေတဲ့ စီရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ မြောက်ကိုရီးယားအသင်းနဲ့ ကစားမှာဖြစ်ပြီး အိုင်ဗရီကို့စ် အသင်းကို သရေကစားထားတဲ့အတွက် ၁ မှတ်ရရှိ ထားပါတယ်။ အုပ်စု ဒုတိယနေရာအတွက် မြောက်ကိုရီးယားကို အနိုင် ကစားရမှာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့  တောင်အမေရိကအသင်းတွေ အခြေအနေကောင်းနေပြီး ဘောလုံးဝါသနာရှင်တွေ လေ့လာသုံး သပ်သူတွေက ဒီနှစ်မှာ ဘရာဇီး သို့မဟုတ် အာဂျင်တီးနား အသင်းကပဲ သိမ်းပိုက်နိုင်တယ်လို့ ယူဆလာနေပြီ ဖြစ်ပါတယ်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်