ပေါ်တူဂီနှင့် စပိန် ရုန်းကန်နေရဆဲ

အုပ်စု (စ) နာမည်ကြီး ပေါ်တူဂီ အသင်းက အာရှတိုက်မှ မြောက်ကိုရီးယား အသင်းကို ဂိုးပြတ် အနိုင်ယူကာ ရှုံးထွက် အဆင့်သို့ တက်ရောက်ရန် အခြေအနေ ကောင်းသွားပြီ ဖြစ်သည်။

ပေါ်တူဂီ အသင်းသည် မြောက်ကိုရီးယား အသင်းကို ၇ ဂိုးသွင်းယူခဲ့ပြီး လက်ရှိအနေအထားအရ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်း များတွင် ဂိုးအများဆုံးသွင်းယူ ထားသည့် အသင်းဖြစ်သည်။

ပထမပိုင်းတွင် မြောက်ကိုရီးယား အသင်းသည် ပေါ်တူဂီ အသင်းကို အပြန်အလှန် ကစားနိုင်ခဲ့ပြီး မြောက်ကိုရီးယား အသင်းကပင် တခါတရံ ထိုးဖောက် တိုက်စစ်ဆင်ပြီး ဂိုးသွင်းခွင့်များ ဖန်တီးနိုင်ခဲ့သည်။

ပေါ်တူဂီ အသင်း ကလည်း အုပ်စု ပထမ အကျော့ ပွဲစဉ်တွင် အိုင်ဗရီကို့စ် အသင်းကို သရေကျခဲ့ပြီး ၁ မှတ်သာ ရရှိထားသည့် အတွက် နည်းပြ ကားလို့စ်ကွီးရော့ဇ် အနေဖြင့် အသင်းကို အသေအချာ ပြင်ဆင်ပြီး မြောက်ကိုရီးယားကို ကစားခဲ့သည်။

ကွင်းလယ် တွင်လည်း ဒေကို ကို ပွဲထုတ် ကစားခြင်း မရှိဘဲ ၎င်းအစား တီယာဂိုအား ထည့်သွင်း ကစားခဲ့ပြီး ရှေ့တန်းနှင့် နောက်တန်း တွင်လည်း လူအပြောင်းအလဲ ပြုလုပ်ကာ ပြင်ဆင် ခဲ့သည်။

ပထမပိုင်း ၂၉ မိနစ်တွင် တီယာဂို၏ ဖန်တီးမှုမှ တဆင့် မေယာလက်စ်က မြောက်ကိုရီးယား အသင်းဘက်သို့ အဖွင့်ဂိုး စတင်သွင်းယူ ခဲ့သည်။

ပေါ်တူဂီ အသင်းခေါင်းဆောင် စီရော်နယ်ဒိုမှာ မြောက်ကိုရီးယား အသင်း၏ နောက်ခံ လူများကို မကျော်နိုင်ဘဲ ရှိခဲ့သည်။

ဒုတိယပိုင်းတွင် ပေါ်တူဂီအသင်းက တိုက်စစ်ဆင်ကာ ၅၃ မိနစ်တွင် ဆီမာအိုက လည်းကောင်း၊ ၅၆ မိနစ်တွင် အယ်လ်မေးဒါး၊ ၆၀ မိနစ်တွင် တီယာဂို၊ ၈၁ မိနစ်တွင် လိဒ်ဆင်၊ ၈၈ မိနစ်တွင် စီရော်နယ်ဒို၊ ၈၉ မိနစ်တွင် တီယာဂိုက ထပ်မံသွင်းယူပြီး မြောက်ကိုရီးယားကို အနိုင်ယူခဲ့သည်။

ပေါ်တူဂီအသင်းအနေဖြင့် ပထမအကျော့တွင် အိုင်ဗရီကို့စ် အသင်းကို ဂိုးမရှိ သရေသာကစားနိုင်ခဲ့ပြီး ၁ မှတ်သာ ရရှိထားသည့် အတွက် အုပ်စုမှ တက်နိုင်ရန် မြောက်ကိုရီးယားနှင့် ပွဲတွင် အနိုင်ကစားရုံသာမက ဂိုးအများအပြားသွင်းယူပြီး စိတ်ချရသည့် အနေ အထား ကို ရယူနိုင်ခဲ့သည်။

အဆိုပါ အုပ်စု (စ)တွင် ဘရာဇီး၊ ပေါ်တူဂီ၊ အိုင်ဗရီကို့စ်နှင့် မြောက်ကိုရီးယား အသင်းတို့ပါဝင်ကြရာ ဘရာဇီး အသင်းက နှစ်ပွဲနိုင် ၆မှတ် ရရှိထားပြီး အုပ်စု ပထမဖြင့် ရှုံးထွက် အဆင့်သို့တက်ရောက်သွားပြီ ဖြစ်သည်။

ပေါ်တူဂီအသင်းမှာ တပွဲနိုင်၊ တပွဲသရေဖြင့် ၄ မှတ် ရရှိကာ အုပ်စု ဒုတိယ နေရာရရှိထားပြီး အိုင်ဗရီကို့စ် အသင်းထက်လည်း သွင်းဂိုး အသာရရှိထားသည်။

လာမည့်သောကြာနေ့တွင် ဘရာဇီးအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပေါ်တူဂီအသင်းအနေဖြင့် အနည်းဆုံးသရေ ကစားရန် လိုအပ်နေသည်။

ထို့အတူ အိုင်ဗရီကို့စ်အသင်းသည် တပွဲသရေ တပွဲရှုံး ၁ မှတ်ရရှိထားပြီး သောကြာနေ့တွင် မြောက်ကိုရီးယား အသင်းနှင့် ကစား ရမည်ဖြစ်သည်။

အလားတူ အုပ်စု(ဆ)မှ ချီလီအသင်းနှင့် ဆွစ်ဇာလန်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ချီလီအသင်းက ၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ရှိခဲ့ သည်။ ၂ သင်းလုံးမှာ တပွဲစီအနိုင်ရရှိ ထားသူများ ဖြစ်သည့်အတွက် နောက်တစ်ဆင့် တက်ရေး သေချာစေရန်အထူး ကြိုးစားခဲ့ကြ သည်။

နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်ကစားသည့်အတွက် ပွဲကောင်းတပွဲ ဖြစ်ခဲ့သော်လည်း ကစားပုံကြမ်းတမ်းသောကြောင့်  အ၀ါကတ်များစွာ အပြခံရသည့် ပွဲတပွဲလည်း ဖြစ်သည်။

ချီလီ ဘောလုံးသမား ၆ ဦး အ၀ါကတ်အပြခံခဲ့ရပြီး ဆွစ်ဇာလန်အသင်းမှလည်း ကစားသမား ၃ ဦး အ၀ါကတ်အပြခံခဲ့ရကာ အလယ်တန်း ကစားသမား ဘဟာမီ လည်း မိနစ် ၃၀ တွင် အနီကတ်အပြခံရကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ဆွစ်ဇာလန်အသင်းသည် တယောက်လျော့ အနေအထား၌ ချီလီအသင်း၏ တိုက်စစ်ကို ခုခံနိုင်ရန် အထူးကြိုးစားခဲ့သော်လည်း    ဒုတိယ ပိုင်း ၇၅ မိနစ်တွင်မူ ချီလီအသင်းမှ ဂွန်ဇာလက်၏ တလုံးတည်းသော ဂိုးဖြင့် ချီလီအသင်းကို အရှုံးပေးခဲ့ရသည်။

ချီလီအသင်းသည် နှစ်ပွဲနိုင် ၆ မှတ်ဖြင့် အုပ်စု ပထမနေရာ ကိုရယူထားပြီး လာမည့် သောကြာနေ့တွင် စပိန်အသင်းနှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။

အဆိုပါ အုပ်စုအတွင်းမှ ပွဲဦးထွက် ဆွစ်ဇာလန်အသင်းကို ရှုံးနိမ့်ထားသည့် ယူရို ၂၀၀၈ ချန်ပီယံ စပိန်အသင်းသည် ဟွန်ဒူးရပ်စ် အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

စပိန်အသင်းသည် ဟွန်ဒူးရပ်စ် အသင်းကို ခြေအသာဖြင့် ကစားနိုင်ခဲ့ပြီး ၁၇ မိနစ်တွင် တိုက်စစ်မှူး ဒေးဗစ်ဗီလာက ပထမဂိုး သွင်း ယူခဲ့ကာ ဒုတိယပိုင်း ၅၁ မိနစ်တွင်လည်း ဒေးဗစ်ဗီလာကပင် ဒုတိယဂိုး သွင်းယူပေးခဲ့သည်။

စပိန်အသင်းသည် ပွဲဦးထွက်တွင် ဆွစ်ဇာလန်အသင်းကို  ရှုံးနိမ့်ထားပြီး လက်ရှိတွင် ၃ မှတ်ရရှိထားသည်။၊ လာမည့်သောကြာနေ့ တွင် အုပ်စု ပထမ နေရာရှိ ချီလီအသင်း နှင့် ကစားရမည် ဖြစ်သည်။

စပိန်အသင်းသည် ဆွစ်ဇာလန်အသင်းထက် ရဂိုး ၁ ဂိုးအသာဖြင့် အုပ်စု ဒုတိယတွင် ရပ်တည်နေသော် လည်း ချီလီအသင်းကို အနိုင်ကစားမှသာလျှင် အုပ်စုမှ တက်ရန် ပိုမိုသေချာပေမည်။

ဆွစ်ဇာလန်အသင်းသည်လည်း ၁ ပွဲနိုင် ၁ပွဲရှုံး ၃မှတ်ရရှိထားပြီး ထိုသောကြာနေ့မှာပင် ဟွန်ဒူးရပ်စ် အသင်းနှင့် ကစားရမည်ဖြစ် သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်