ပြင်သစ်အသင်းသားများ သပိတ်မှောက်ဖွယ်ရှိ

ယနေ့ည အိမ်ရှင် တောင်အာဖရိက အသင်းနှင့် ယှဉ်ပြိုင်မည့် ပွဲစဉ်တွင် ပြင်သစ် ကစားသမား တချို့ ပါဝင်ကစားဖွယ် မရှိကြောင်း သိရသည်။

ပြင်သစ်နည်းပြ ဒိုမစ်နက်ခ်ျ၏ နည်းဗျူဟာများကို ဝေဖန်မှုကြောင့် တိုက်စစ်မှူး နီကိုလပ်စ် အနယ်လ်ကာ ကို ဖယ်ရှားလိုက် သည့် အတွက် မကျေနပ်သော အသင်းသားတချို့မကစားဘဲ ဆန္ဒပြဖွယ်ရှိကြောင်း Guardian သတင်းစာတွင် ဖော်ပြထားသည်။

“ပြင်သစ် ကစားသမား တချို့ ဒီကနေ့ ကစားရမယ့် တောင်အာဖရိကနဲ့ ပွဲကို ကစားလိုပုံ မပေါ်ဘူး”ဟု နည်းပြ ဒိုမစ်နစ်ခ်ျက ပြောသည်။

တိုက်စစ်မှူး အနယ်လ်ကာသည် မက္ကဆီကို အသင်းကို ရှုံးနိမ့်သည့် ပွဲအပြီးတွင် နည်းပြ၏ နည်းဗျူဟာကို လူသိရှင်ကြား ဝေဖန်ရုံမ က ရင်သီးစွာ ပြောဆို မှုကြောင့် အနယ်လ်ကာကို ဖယ်ရှားကာ အိမ်ပြန်ပို့ ခဲ့သည်။

ထို့နောက် အသင်းဖော်များက မကျေနပ်သဖြင့် တနင်္ဂနွေနေ့က လေ့ကျင့်ရေး မဆင်းဘဲ ဆန္ဒပြကြရာမှ ပြဿနာမှာ ပိုမိုကြီးထွား လာခြင်းဖြစ်သည်။

အိုင်ဗရီကို့စ်အသင်း တိုက်စစ်မှူး ဒရော့ဘာကမူ အနယ်လ်ကာ ဘက်မှ ထောက်ခံခဲ့သည်။

ပြင်သစ် နိုင်ငံရေးသမားများနှင့် မီဒီယာများကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ပြင်သစ်အစိုးရကို တောင်းဆိုထားကြောင်း၊ အားကစားဝန်ကြီး Roselyne Bachelotကို တောင်အာဖရိကနိုင်ငံသို့ သွားရောက်ဖြေရှင်းရန် ပြင်သစ် သမ္မတ နီကိုလပ်စ် ဆာကိုဇီ နှင့် ဘောလုံးအဖွဲ့ချုပ်က ပြောဆိုကြောင်း ပြင်သစ်သတင်းများတွင် ဖော်ပြသည်။

အလားတူ ပြင်သစ် သတင်းစာ Le Figaro ကလည်း ဆိုးရွားပြီး ကမောက်ကမနိုင်မှုတခုဖြစ်ကြောင်း ကမ္ဘာ့ဖလားသမိုင်းတွင် ပြင်သစ်အသင်း အဖတ်ဆယ်မရအောင် ဖြစ်ခဲ့ရကြောင်း  ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ပြင်သစ်အသင်းသည် ဥရုဂွေးအသင်းကို သရေကျခဲ့ပြီး မက္ကဆီကို အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ တပွဲသရေ တပွဲရှုံး ၁ မှတ် ရရှိထားကာ ယနေ့တွင် တောင်အာဖရိက အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သရေကျပါ က နှစ်သင်းစလုံး အုပ်စုအဆင့်မှ လှည့်ပြန်ရတော့မည်ဖြစ်သည်။

ထို့ကြောင့် ပြင်သစ်အသင်း ရှုံးထွက် အဆင့်တက်ရောက်ရန်မှာ တောင်အာဖရိကကို ဂိုးပြတ်နိုင်ရမည့် အပြင် တဘက်မှ မက္ကဆီကို နှင့် ဥရုဂွေးတို့လည်း သရေမကျရန် လိုအပ်ပေသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်