ဒိုင် ခွင့်မပြုသည့် ဂိုးကြောင့် အင်္ဂလန် နစ်နာ

ဂျာမနီအသင်း ဘက်သို့ အင်္ဂလန်က သွင်းယူခဲ့သည့် ဒုတိယဂိုးကို ဒိုင်လူကြီးက ခွင့်မပြုခဲ့ ခြင်းသည် အင်္ဂလန် အသင်းအတွက်  နစ်နာကြောင်း ကွင်းလယ် ကစားသမား ဖရန့် လမ်းပတ်က ပြောသည်။

အင်္ဂလန် အသင်းသည် ဂျာမနီ အသင်းကို ၂ ဂိုး ၁ ဂိုးနှင့် ရှုံးနေစဉ် ချေပဂိုးရရန် တရစပ် ကြိုးစားရင်း အဝေးမှ ကန်ချက်က ဂိုးအပေါ် ဘားတန်းကို ထိကာ ဂိုးစည်းကို ကျော်၍ ဝင်သွား သော်လည်း ကွင်းလယ်ဒိုင်နှင့် စည်းကြပ်ဒိုင် တို့က ဂိုးမပေးခဲ့ ခြင်းနှင့် ပတ်သက်၍ ဖရန့် လမ်းပတ်က BBC သတင်းဌာန၏ အားကစား ကဏ္ဍတွင် ဝေဖန် သွားသည်။

“ဒီဂိုးဝင်တာ အရှင်းကြီးပါ။ ကွင်းထဲမှာ ကြည့်နေတဲ့ ပရိသတ် အားလုံး မြင်တယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင် ၂ ယောက်ကတော့ ဒါကို မမြင်ခဲ့တော့ အင်္ဂလန်အသင်း အတွက် ဆိုးရွား ခါးသီးတဲ့ ပွဲပဲ” ဟု ၎င်းက ပြောသည်။

အင်္ဂလန် နည်းပြ ကာပယ်လိုကလည်း ပွဲအလှည့်အပြောင်းအတွက် အရေးကြီးသော ဂိုးကို မရရှိသည့်အတွက် နစ်နာကြောင်းဆို သည်။

အင်္ဂလန်အသင်းသည် ဂျာမနီအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာ ထိုအရှုံးသည် အင်္ဂလန်အသင်းကိုသာမက နည်းပြ ကာပယ်လို အတွက်လည်း အင်္ဂလန် လက်ရွေးစင်အသင်းတွင် ဆက်လက်ရှိရေး၊ မရှိရေး မသေချာသော အနေအထားကို ရောက်ရှိစေခဲ့သည်။

ဂျာမနီနည်းပြ ဂျိုအာချင်လိုက “ရုပ်မြင်သံကြားမှာ ပြန်ကြည့်တော့ ဘောလုံးက ဂိုးစည်းကိုကျော်နေပြီ  ဂိုးအဖြစ် သတ်မှတ်ရမယ့် အနေအထားပါ” ဟု ၀န်ခံပြောကြားခဲ့သည်။

အလားတူပင် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဒိုင်လူကြီးများ၏ မှားယွင်းသော ဆုံးဖြတ်ချက်ကြောင့် ရသင့်သောဂိုးများကို မရရှိခဲ့သဖြင့် ဆုံးရှုံးနစ်နာခဲ့ရသည့် ဖြစ်စဉ်များ ရှိနေခဲ့သည်။

ပြီးခဲ့သည့် အုပ်စုပွဲစဉ်ဖြစ်သည့် အမေရိကန်နှင့် ဆလိုဗေးနီးယားအသင်းတို့ ကစားကြသောပွဲ၌  ဆလိုဗေးနီးယားနှင့် ၂ ဂိုးစီ သရေကျနေချိန် ၈၅ မိနစ်တွင် အမေရိကန်က သွင်းသည့် တတိယဂိုးကို လူကျွံသည်ဟု ဆိုပြီး ဒိုင်လူကြီးက ခွင့်မပြုခဲ့ပေ။

အဆိုပါပွဲစဉ်နှင့် ပတ်သက်၍ အမေရိကန်နည်းပြ ဘရက်ဒလေက “တိုက်စစ်မှူး အီဒူးက တတိယမြောက် အနိုင်ဂိုးကို အသေအချာ သွင်းယူနိုင်ခဲ့တယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်က ဂိုးမပေးဘူး။ ပြစ်ဒဏ်ပေးရမယ့် အမှားလည်း ဘာမှ မတွေ့ရဘူး” ဟု ဆိုသည်။

ထို့ အတူ လက်ရှိချန်ပီယံ အီတလီအသင်းသည်လည်း နယူးဇီလန်အသင်းနှင့်ပွဲတွင် နောက်ခံလူ ဇမ်ဘရော်တာ ကန်သွင်းသည့် ဘောလုံးသည် ဂိုးအပေါ်တန်းကို ထိပြီး စည်းကျော်ခဲ့သော်လည်း ဂိုးမရသည်အတွက် အီတလီအသင်း နစ်နာခဲ့ရသည်။

အင်္ဂလန်အသင်းကဲ့သို့ ရသင့် ရထိုက်သည့် ဂိုးများမရခြင်းသည် ဘောလုံးအသင်းများအဖို့ နစ်နာကြောင်း၊ အငြင်းပွားဖွယ် ဂိုးများရှိနေသည့်အတွက် နည်းပညာအကူအညီဖြင့် ဆုံးဖြတ်ရန် အဆိုပြုချက်များကိုလည်း  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က လက်မခံသည့်အတွက် ထိုကဲ့သို့ နစ်နာမှုများ ရှိနေဦးမည်ဟု ၀ါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေးက သုံးသပ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်