အရူးထင်ရပေမယ့် ထူးတဲ့ မှော်ဆရာ မာရာဒိုနာ

တောင်အမေရိက တိုက်ရဲ့ အာဂျင်တီးနား အသင်းဟာ ဒီနေ့ည ကွာတား ဖိုင်နယ်မှာ ဂျာမနီ အသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲကို အရောက် သွားမယ်လို့ အာဂျင်တီးနား နည်းပြ မာရာဒိုနာက ကြုံးဝါး လိုက်ပါပြီ။

မာရာဒိုနာက “ဂျာမနီ ကွင်းလယ်လူ ရှဝိန်းစတိုက်ဂါက အာဂျင် တီးနားဟာ ကွာတားကို အရည်အချင်း ရှိလို့ ရောက်လာတာ မဟုတ် ဘူးတဲ့ ဒီည ကျနော်တို့ ဘယ်လို လုပ်သွားတယ် ဆိုတာ သူမျက်ဝါး ထင်ထင် မြင်သိသွားစေရ မှာပါ၊ မက္ကဆီကိုနဲ့ ကစားသလိုပဲ အနိုင်ယူ သွားမှာပါ” လို့ ဆိုပါတယ်။

ဘုရား သခင်ကသာ ငါတို့ကို ဖိုင်နယ်ကို ရောက်စေချင်တဲ့ ဆန္ဒရှိရင် မင်းတို့ အာဂျင်တီးနားကို ဖိုင်နယ်မှာတွေ့ ရမှာပဲလို့လည်း စိမ်ခေါ်စကား ပြောခဲ့ပါသေးတယ်။

ဘောလုံးလောကရဲ့ သူရဲကောင်းတွေ မွေးဖွားတဲ့ ဒီနိုင်ငံ၂ခုဟာ တသင်းနဲ့ တသင်း နောက်ကောက်ကျအောင်ချ ကြတော့မှာ အမှန်ပါပဲ။ ပိုထူးခြားတာကတော့ အာဂျင်တီးနားအသင်းရဲ့ ပဲ့ကိုင်ရှင် နည်းပြ မာရာဒိုနာရဲ့ အသွင်အပြင် ပြောစကား တွေက ဘောလုံးပြိုင်ပွဲနဲ့ အတူ တမူထူးခြားပြီး ထင်ရှားနေပါတယ်။

ကမ္ဘာ့ဖလားမှာ သူပြောခဲ့တဲ့ စကားတရပ်ကတော့ “ဒီနှစ် ကမ္ဘာ့ဖလားကို အာဂျင်တီးနားသာ သိမ်းပိုက်ရရှိခဲ့ရင် ဗျူနိုအေးရိစ် လမ်းမပေါ်မှာ ၀တ်လစ်စားလစ်နဲ့ လျှောက်ပတ်ပြေးပြီး အောင်ပွဲခံပစ်မယ်” ဆိုပဲ။

တကယ်လို့ ဒီညမှာ ဂျာမနီကိုသာ အနိုင်ယူနိုင်ခဲ့ရင် အဲဒီ သူ့ ရဲ့နှုတ်ထွက်စကားတခွန်းက ဘယ်လောက် ဂယက်ရိုက်လေ ဦးမည် မသိ။

အာဂျင်တီးနားသား တဦးဖြစ်တဲ့ ရော်ဘီဝီလျံကတော့“ပြိုင်ပွဲအတွင်းမှာ မာရာဒိုနာ လုပ်ပြနေတာတွေက ကမ္ဘာကျော် ပန်းချီပညာ ရှင် လီယိုနာဒို ဒါဗင်ချီ ပန်းချီရေးနေတာကို ကြည့်နေရသလိုပဲ”လို့ ချီးကျူးပြောဆိုနေပါတယ်။

တခါတရံ မာရာဒိုနာရဲ့ကွင်းအတွင်းက အပြုအမူတွေဟာ စိတ်ခံစားမှုကို ဦးစားပေးလွန်းအား ကြီးတဲ့ အတွက် ရူးသွပ်နေသူ တယောက် လိုပါပဲ။

အများအနေနဲ့ကတော့ “အာဂျင်တီးနားအသင်းမှာ အရူးနဲ့ တူတဲ့လူတယောက်ကို ဘာလို့ နည်းပြခန့်ထားသလဲလို့” မေးခွန်း ထုတ် ကောင်း ထုတ် ပါလိမ့်မယ်”။ဘယ်လိုပဲ ဖြစ်ဖြစ် သူ့အသင်း ကွင်းထဲမှာ ကစားပြီဆိုရင်ဖြင့် မာရာဒိုနာရဲ့ကစားကွက်ကို ခင်ဗျားတို့ အားလုံး အသိအမှတ် မပြုလို့ မရပါဘူး။

အများက ရူးသွပ်နေသူလို့ အထင်ခံရတဲ့ မာရာဒိုနာဟာ ၁၉၈၆နဲ့ ၁၉၉၀ ပြည့်နှစ်များအတွင်း အာဂျင်တီးနားနိုင်ငံရဲ့ ဂုဏ်ကို ဆောင် နိုင်ခဲ့တဲ့ သူကြိုးစား အားထုတ်မှုတွေအတွက် ၁၉၉၅ ခုနှစ်မှာ ကမ္ဘာကျော် အောက်စ်ဖို့ ဒ် တက္ကသိုလ်ကြီးက ‘Master Inspirer of Dreams’ ဆိုတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်ကို အပ်နှင်းခဲ့ပါတယ်။

အာဂျင်တီးနားလို တောင်အမေရိက အသင်းတသင်းဖြစ်တဲ့ ပါရာဂွေးအသင်းလည်း ဒီညမှာ ဥရောပ အသင်းကြီး ဖြစ်တဲ့ စပိန် အသင်း နဲ့ ကစားရမှာပါ။

ပါရာဂွေးအသင်းသာ စပိန်ကိုနိုင်ပြီးတော့ ဗိုလ်လုပွဲမှာ ဗိုလ်စွဲခဲ့မယ်ဆိုရင် ထင်ရှားတဲ့ မော်ဒယ်တဦးဖြစ်တဲ့ ပါရာဂွေးသူ လာရစ်ဆင် ရီကွယ်လ်မီး ကလည်း မာရာဒိုနာကို အားကျပြီးတော့ ၀တ်လစ်စားလစ်နဲ့ ကွင်းကိုပတ်ပြီး အောင်ပွဲခံမယ်လို့ ကြုံးဝါးထားပါတယ်။

တကယ်လို့သာ ပါရာဂွေးနဲ့ အာဂျင်တီးနား ၂ သင်းစလုံး ဆီမီးကိုတက်လာခဲ့မယ်ဆိုရင် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလား ဗိုလ်လုပွဲနေ့ဟာ ၂၁ ရာစု ခေတ်ဦးပိုင်းအတွက် ကမ္ဘာ့အဆူညံဆုံးနေ့များ ဖြစ်နေလေမလားလို့ မှန်းဆနေမိပါတော့တယ်။

ကျနော်တို့အားလုံး အဲ့ဒီနှစ်သင်းထဲက တသင်း အောင်ပွဲခံမယ့် ဗိုလ်လုပွဲကို စောင့်မျှော်ကြရအောင်ပါ။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်