သံတိုင်ကြားက ဘ၀များ

၂၀၀၁ ခုနှစ် ဇန်န၀ါရီလရဲ့ တမနက်ခင်း ဖြစ်ပါတယ်။ “ကျနော့်မှာ HIV ပိုးရှိနေပြီ” လို့ ပြောလိုက်တဲ့ ကိုစည်သူရဲ့ စကားကြောင့် ကျနော်တို့ အားလုံး အံ့သြသွား ကြတယ်။ ရက်အတန်ကြာ ထောင်ဆေးရုံမှာ ဆေးဝါးကုသပြီး ချုပ်နှောင် ထားရာ တိုက်ခန်းကျဉ်းထဲ ပြန်ရောက်လာတဲ့ ကိုစည်သူကို ၀မ်းသာအားရ ဆီးကြိုနှုတ်ဆက်ကြတဲ့ ကျနော်တို့ရဲ့ အပြုံး တွေ တမဟုတ်ချင်း ၀မ်းနည်းတဲ့အသွင် ပြောင်းလဲသွားတယ်။

irr-htetaung
ဧရာဝတီ မဂ္ဂဇင်း၏ ရွေးကောက်ပွဲ စာမျက်နှာ တာဝန်ခံ ထက်အောင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး စစ်အစိုးရ၏ အကျဉ်းထောင် များထဲတွင် ၁၉၉၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ နိုင်ငံရေး အကျဉ်းသား ဘ၀နှင့် ၁၀ နှစ်ကျော် အကျဉ်းကျခဲ့သူ ဖြစ်သည်။
တိတ်ဆိတ်မှုက ကျနော်တို့ရဲ့ သီးသန့် ကမ္ဘာလေးကို တဒင်္ဂ ကြီးစိုးသွားတယ်။ နေရာက ပြင်ပကမ္ဘာနဲ့ နှစ်ပေါင်းများစွာ အဆက်ဖြတ် ခံထားတဲ့ နိုင်ငံရေး အကျဉ်းသား ၈ ဦးကို အခန်းကျဉ်း ၈ ခန်းနဲ့ ဖွဲ့စည်း ထားတဲ့ သာယာဝတီ အကျဉ်း ထောင်ထဲက သီးသန့် တိုက်ခန်းတခု အတွင်း ဖြစ်တယ်။ အကျဉ်းသား အားလုံးဟာ သူတို့ရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ချုပ်နှောင်ခံ ထားရတာ ဆယ်စုနှစ် တခု ကျော်လာ ခဲ့ပါပြီ။

ဒေါသစိတ်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး အကျဉ်းထောင် အာဏာပိုင်များဆီ ရောက်သွားတယ်။ ထောင်အာဏာ ပိုင်တွေက ကိုစည်သူကို ထောင်ဆေးရုံ ၀န်းထဲက တီဘီရောဂါသည် တွေကို သီးသန့်ထားတဲ့ တိုက်ခန်းဆီ ရွှေ့ပြောင်း ထားဖို့ စီစဉ်နေတယ်။

“ကျနော် ဒီမှာပဲ၊ ကျနော့်ရဲဘော်တွေ လက်ထဲမှာပဲ သေချင်တယ်ဗျာ။ သူတို့လက်ထဲမှာ မသေချင်ဘူး” ဟု ကိုစည်သူက ပြောတယ်။

ကိုစည်သူကို ကျနော်တို့နဲ့အတူထားဖို့ ထောင်အာဏာပိုင်တွေကို တောင်းဆိုရအောင် ကျနော်တို့အားလုံး ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမယ့် အလင်းရောင်ကောင်းကောင်း မရတဲ့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ဒီ အခန်းကျဉ်းထဲမှာ ကိုစည်သူရဲ့ အသက်ကို ကျနော်တို့ ဘယ်လိုကယ်တင်နိုင်မှာလဲ။ ပြင်ပကမ္ဘာက အကူအညီဆိုတာ မမျှော်လင့်နိုင်တဲ့ ကိစ္စပါ။

ကျနော်တို့မှာ ဆေးဝါးလည်းမရှိဘူး။ လတ်ဆတ်ပြီး အဟာရပြည့်ဝတဲ့ အစားအသောက်လည်းမရှိဘူး၊ ယုတ်စွအဆုံး သန့်ရှင်းတဲ့ ရေတောင် ရဖို့မလွယ်ပါဘူး။ ကိုစည်သူကို ကျနော်တို့ပေးနိုင်ခဲ့တဲ့ အရာကတော့ ကျနော်တို့ရဲ့ မေတ္တာ၊ ဂရုတစိုက်ပြုစုမှုနဲ့ လူသားဆန်မှုတွေပဲ ဖြစ်ပါတယ်။

မိုးရာသီ ၀င်လာပါပြီ။ ဒီလိုရာသီအကူးအပြောင်းမှာ ထောင်ထဲက အကျဉ်းသား အများအပြား တုတ်ကွေးအဖျား ၀င်တတ်ပါတယ်။ ကိုစည်သူ နောက်တကြိမ် အဖျားဝင်ရင် သူပြန်ကောင်းလာမှာ မဟုတ်တော့ဘူးဆိုတာ ကျနော်တို့ ခံစားသိရှိနေတယ်။ သူ့ကို ပိုပြီး ဂရုစိုက်ခဲ့သလို နွေးနွေးထွေးထွေးရှိအောင်လည်း စီမံကြပါတယ်။

တမနက် ထောင်ဖွင့်ချိန်မှာတော့ ခပ်ယဲ့ယဲ့အပြုံးနဲ့ ကိုစည်သူက အခုလိုပြောပါတယ်။ “စစ်အစိုးရကတော့ ငါ့ကို သေဒဏ်စီရင်လိုက်ပြီ။ ငါသေဖို့ အသင့်ဖြစ်နေပါပြီ” တဲ့။

သူ့ကို နှစ်သိမ့်ဖို့ ကျနော့်မှာ စကားလုံးမရှိဘဲ ရင်ထဲမှာ တစ်ဆို့နေတဲ့ ၀မ်းနည်းမှုနဲ့ပဲ တုန့်ပြန်ဖြစ်ခဲ့တယ်။ HIV ရောဂါပိုး ပြန့်ပွားမှုကို ထိန်းထားပေးနိုင်တဲ့ ဆေးဝါး (Anti-retroviral Drugs) တွေ ရရှိဖို့ ကျနော်တို့ရဲ့ ကြိုးပမ်းမှုတွေဟာလည်း သဲထဲ ရေသွန်သလိုပါပဲ။

နောက်ဆုံးတော့ ကျနော်တို့ စိုးရိမ်းတဲ့နေ့ကို ရောက်လာခဲ့ပါတယ်။ ကိုစည်သူ အဖျားဝင်ခဲ့ပါပြီ။ ၂၀၀၁ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့မှာ သူကျဆုံးသွားခဲ့တယ်။ အဲဒီအချိန်မှာ သူဟာ အသက် ၃၅ နှစ်ပဲရှိသေးတဲ့ လူရွယ်တယောက်ပါ။

သေခြင်းတရားက တချိန်မဟုတ်တချိန် ကျနော်တို့ဆီ ရောက်လာမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ နောက်ဆုံး အချိန်ကို လူသားဆန်ဆန်နဲ့ အဆုံးသတ်ချင်တာ လူသားတိုင်းရဲ့ဆန္ဒ ဖြစ်ပါလိမ့်မယ်။

Insein Prison Burmaကိုစည်သူဟာ မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှုမှာ သူ့ရဲ့ မဆုတ် မနစ်တဲ့ ခံယူချက်ကြောင့် ယုံကြည်မှု အကျဉ်းသား (Prisoner of Conscience) ဖြစ်ခဲ့ရပါတယ်။ “၈ လေးလုံး” သို့မဟုတ် (၈ – ၈ - ၁၉၈၈) နေ့ ဗမာပြည်သူ တရပ်လုံး ဒီမို ကရေစီရေး ဆန္ဒပြပွဲမှာ တက္ကသိုလ် ကျောင်းသား တယောက်အဖြစ် ကိုစည်သူ နိုင်ငံရေးကို ပထမဆုံး စတင်လှုပ်ရှား ဆောင်ရွက် ခဲ့ပါတယ်။

၁၉၉၁ ခုနှစ်မှာ စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းခံရ၊ ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခြင်း ခံရပြီး နောက်ပိုင်း ပြစ်ဒဏ်ကို ၁၀ နှစ် အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ အကျဉ်းထောင် ဥပဒေအရ လျော့ရက် ခံစားခွင်ရပြီး  ပြစ်ဒဏ် ကုန်ဆုံးလို့ လွတ်မြောက်ရမှာ ဖြစ်ပေမယ့် စစ်အစိုးရက လုံခြုံရေး အက်ဥပဒေ ပုဒ်မ ၁၀ (က) နဲ့ သူ့ကို ဆက်လက် ချုပ်နှောင် ထားခဲ့တယ်။ တကယ်တော့ သူသေဆုံးချိန် ၂၀၀၁ ခုနှစ် ဇူလိုင်လမှာ သူဟာ လွတ်လပ်တဲ့ သူ တယောက် အဖြစ် သူ့မိသားစုနဲ့အတူရှိနေခဲ့ရမှာပါ။

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရ အကျဉ်းထောင်တွေထဲမှာ ရောဂါအမျိုးမျိုး ကူးစက်ခံရပြီး ဒုက္ခဝေဒနာခံစားရင်း ကျဆုံးသွားကြတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ထဲမှာ ကိုစည်သူတယောက် အပါအ၀င် ဖြစ်ပါတယ်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်