ဥက္ကဋ္ဌကြီးရဲ့မြို့က ၈ လေးလုံး

တကယ်တော့ လွန်ခဲ့တဲ့ ၂၂ နှစ် ၈ လေးလုံးဆိုတဲ့ လူထု အုံကြွမှုကြီး ဖြစ်ခဲ့တဲ့ အချိန်တုန်းက ကျနော်တို့ မြို့လေးဟာ မာရှယ်လောလို့ ခေါ်တဲ့ စစ်အုပ်ချုပ်ရေးကို မြန်မာပြည်မှာ ပထမဆုံး ပြဋ္ဌာန်းခြင်း ခံခဲ့ရတာကြောင့် ငြိမ်ဝပ်နေရတဲ့ အချိန်အခါပေါ့။

irr-yanpaing
ဧရာဝတီသတင်းထောက် ရန်ပိုင်သည် ၈ လေးလုံး အရေးတော်ပုံ ကာလတွင် ကျောင်းသား သမဂ္ဂ မြို့နယ် ပြန်ကြားရေး တာဝန်ယူခဲ့ပြီး အရေးအခင်း ပြီးနောက် လူ့ဘောင်သစ် ပါတီဝင်အဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။
ဘာကြောင့်လဲဆိုတော့ သာမန်ရန်ပွဲလေး တခုကနေ အင်မတန် ကြီးကျယ်တဲ့ လူမျိုးရေး အဓိ ကရုဏ်းကြီးတခု ဖြစ်ပွားခဲ့ပြီး တဆက်တည်း ပါတီကောင်စီလူကြီးတွေရဲ့ အိမ်တွေကိုပါ ဖြိုဖျက်ခဲ့ကြတဲ့အတွက် အရပ်သား အုပ်ချုပ်ရေးကနေ စစ်အုပ်ချုပ်ရေး လက်ကို အပ်ခြင်း ခံခဲ့ရလို့ပါ။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်းရဲ့ ဇာတိမြို့လေးမှာ အဲဒီလိုအဖြစ်အပျက်တွေ ဖြစ်ခဲ့ရတာကြောင့် ဥက္ကဋ္ဌ ကြီးအတွက် အရှက်ရ ဒေါသထွက်စရာပါ။

ဦးနေ၀င်းက မြို့ကို အလည်လာရင် ငယ်သူချင်းမိတ်ဆွေတွေကို ခေါ်တွေ့ရုံတင်မက သူနေခဲ့ဖူးတဲ့ မြို့လေးကို လှပအောင် အမြဲလုပ်ခဲ့တဲ့အတွက် သူ့အနေနဲ့ စိတ်ဆိုးမယ် ဆိုလည်း ဆိုးလောက်ပါတယ်။

ဖြစ်ခဲ့ရတဲ့ လူမျိုးရေး အဓိကရုဏ်းကလည်း လူမျိုးခြား တဦးပါဝင်တဲ့ မြန်မာလူငယ် အပေါင်းအသင်းတစုနဲ့ ရပ်ကွက်တခုရဲ့ လူငယ် မီးသတ်တပ်ဖွဲ့ဝင်တဦးတို့ရဲ့ ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ သာမန်ရန်ပွဲလေးတခုပါပဲ။

မီးသတ်တပ်ဖွဲ့ဝင်ဆိုပေမယ့်လည်း ရန်ပွဲဖြစ်တဲ့အချိန်မှာ ယူနီဖောင်းဝတ်တော့မဟုတ်ပါဘူး။ ရန်ပွဲပြီးတော့ အိမ်ပြန်ယူနီဖောင်းဝတ် မီးသတ်ကားပေါ် လူတွေတင်ခေါ်လာတော့ အဓိကရုဏ်းအသွင်ဆောင်သွားတာပါ။

မြို့အာဏာပိုင်တွေဖြစ်တဲ့ ပါတီယူနစ်ကလူတွေ၊ ကောင်စီလူကြီးတွေ အသေအချာ ထိန်းမယ်ဆိုရင်တော့ ဘာမှ ဖြစ်လောက်တဲ့ ပြဿနာမဟုတ်ပေမယ့် နိုင်ငံရေးအခြေအနေ မငြိမ်သက်တော့ တမင်တကာပဲ လွတ်ထားလား၊ တကယ်ပဲ မထိန်းတတ်တာလား ဆိုတာကတော့ အဲဒီတုန်းက အုပ်ချုပ်ခဲ့တဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီအသိဆုံးနေမှာပါ။

ပထမပိုင်းကတော့ ရန်ပွဲမှာ ပါဝင်တဲ့ ကာယကံရှင်တွေရဲ့ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးရုံပါပဲ။ ဒါပေမယ့် မီးလောင်ရာ လေပင့်တဲ့ အဖြစ်က တညမှာ သန်းခေါင်ကျော် အချိန် ချီတက်လာတဲ့ လူတစုကို ပါတီ ကောင်စီတွေက တားဆီးစစ်ဆေးရာက လူစုထဲမှာပါ တဲ့ ကိုရင်လေးတပါးကို လုပ်ငန်းစစ်ဆေးရေး ဥက္ကဋ္ဌက ပါးရိုက်တဲ့ အတွက် ပိုမို ဆိုးရွားပြီး ထိန်းသိမ်း မရတဲ့ အခြေအနေကို ရောက်ရှိခဲ့ရပါတယ်။

ပထမပိုင်း သရက်တော၊ ဆင်စု၊ ဆံတော်၊ လမ်းမတော် စတဲ့နေရာတွေမှာ နေတဲ့ လူမျိုးခြား အိမ်တွေကို ခဲနဲ့ပေါက်၊ မီးနဲ့ရှို့ ၊ ရဲရောက်လာလို့ သေနတ်နဲ့ ပစ်ရင်ထွက်ပြေး၊ ရဲတွေပြန်သွားရင် အဲဒီနေရာကို ပြန်ရောက်လာလိုက်နဲ့ လုံးလည်ချာလည် လိုက် နေပါ တယ်။

ဒီလို အချိန်ကာလဟာ တပတ်လောက်ကြာခဲ့ပြီး မြို့ပေါ်မှာရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေလည်း ပိုက်ဆံရှိတဲ့သူက ဆွေမျိုး သားချင်း တွေရှိရာ ရန်ကုန်-မန္တလေး အစရှိတဲ့ မြို့တွေကို ထွက်ပြေး၊ ပိုက်ဆံမရှိသူကတော့ အိမ်တွေထဲမှာပဲ ပုန်းအောင်း နေကြရတာပေါ့။ တချို့အိမ်တွေကလည်း သာသနာ့ အလံတွေ လွှင့်ထူထားကြတယ်။

တခါတော့ သရက်တောရပ်ကွက်က ဗလီကို ခဲနဲ့ပေါက် မီးရှို့ဖို့ ကြိုးစားတဲ့ လူတစုကို ပါတီ ယူနစ်က တာဝန်ရှိသူတွေ၊ ကောင်စီ လူကြီးတွေနဲ့ ရဲတွေ ပါဝင်တဲ့ ကားနဲ့ လူစုခွဲဖို့ ရောက်အလာမှာ လူအုပ်ကြီးနဲ့ ထိပ်တိုက်တွေ့ပြီး အာဏာပိုင်တွေ ခွေးပြေးဝက်ပြေး ပြေးရတဲ့ အခါမှာတော့ လူအုပ်ကြီးဘက်က လုံးဝ အနိုင်ရပြီး အဲဒီကတည်းက အာဏာပိုင်တွေ ဦးကျိုးသွားခဲ့ရပါတယ်။

တဆက်တည်းမှာပဲ ဒေါသထွက်နေတဲ့ လူတွေဟာ လူမျိုးခြားအိမ်တွေတင်မက ရဲစခန်းကိုပါ ခဲနဲ့ဝိုင်းထုပြီး မီးတင်ရှို့ဖို့လုပ်ခဲ့တဲ့ အပြင် ပါတီကောင်စီအိမ်တွေကို ဖျက်၊ လူတွေကို သတ်ဖို့ ဖြတ်ဖို့အထိ ကျိုးစားလာတဲ့အတွက် မဆလပါတီဝင်တွေက မြို့အပြင်မှာ ရှိတဲ့ တပ်မ ၆၆ ဋ္ဌာနချုပ်ရဲ့ ရဲဘော်တွေ နေတဲ့ တန်းလျားတွေမှာ သွားနေခဲ့ရတယ်။

ဒီနေရာမှာ သံဝေဂ ယူစရာတခုက အရင်က မြို့ပေါ်မှာ ကားတ၀ီဝီနဲ့ ဘုရင်လိုနေခဲ့တဲ့ လူတွေဟာ ဒီအချိန်မှာ အတွင်းပစ္စည်းက လွဲရင် ဘာမှ ယူမလာနိုင်ဘဲ စစ်တပ်က စစ်ဗိုလ်စစ်သားတွေရဲ့ အနိုင်အထက်ပြောဆိုတာတွေကို ခံရလို့ ၀မ်းနည်းမိတဲ့ အကြောင်း၊  ထွက်ပြေးရတဲ့ အထဲမှာပါတဲ့ သူငယ်ချင်းတယောက်က ဆိုပါတယ်။

အရပ်သား အုပ်ချုပ်ရေး မနိုင်တော့ဘူး၊ စစ်အုပ်ချုပ်ရေး ၀င်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီး နောက်မှာတော့ ဘယ်အာဏာပိုင် ကမှ ဟန့်တားဖို့ ကြိုးစားတာမျိုး မရှိတော့ဘဲ ဖျက်စီးမီးရှို့မှုတွေဟာ တမြို့လုံးမှာ တချိန်တည်း ဖြစ်ခဲ့ပါတော့တယ်။

တီဗီ၊ ရေခဲသေတ္တာ စတဲ့လူအသုံးအဆောင် ပစ္စည်း အပြင်၊ မူလတန်း အလယ်တန်း အစရှိတဲ့ ကျောင်းသားလေးတွေရဲ့ ကျောင်း စာအုပ်တွေပါမကျန် အားလုံးကို အိမ်တွေထဲက ဆွဲထုတ်ပြီး မီးရှို့ ထားလိုက်တာ တမြို့လုံး မီးဟုန်းဟုန်း တောက်နေ သလိုပါပဲ။

လူအစည်ကားဆုံးဖြစ်တဲ့ မြို့မဈေးကြီး တ၀ိုက်မှာတော့ မဆလာ၊ သစ်ဂျပိုး အစရှိတဲ့ ဟင်းခတ် အမွှေးအကြိုင်တွေတွေ လမ်းပေါ်မှာ တောင်ပုံရာပုံ ပျံ့ကျဲနေပြီးတော့ အနံ့တွေလည်း လှိုင်လို့ပေါ့။ နောက်တနေရာကို သွားလိုက်ရင် သင်္ဘောဆေး နံ့တွေကသင်း၊ နောက်တနေရာရောက်ရင် ဘိလပ်ရည်၊ အချိုရည် အနံ့တွေ ကြိုင်နေပြီး အပျက်အဆီးတွေက လမ်းပေါ်မှာ ဟိုတစ ဒီတစ။

ကျနော်တို့မြို့ စစ်အုပ်ချုပ်ရေး ၀င်တဲ့ညကို မှတ်မိနေသေးတယ်။ ရုပ်မြင်သံကြားကနေပြီး လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်းရဲ့ “စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့် ပစ်တယ်” ဆိုတဲ့ အခြိမ်းအခြောက် အဟိန်း အဟောက် စကား၊ “အိုကေ ဟု ပြော” ဆိုတဲ့ ၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂ ဖြိုချ ခဲ့ခြင်းကို ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးနဲ့ တယောက် တပြန် အပြစ်ပုံတဲ့ နောက်ကြောင်းပြန်၊ “ထွေးဟန် ထွေးခံယူခဲ့စမ်း” ဆိုတဲ့ ငယ်နိုင် သဲကုန်းသား ဗဟိုကော်မတီဝင် ဦးထွေးဟန်ကို လူပုံအလယ် အရှက်ခွဲတဲ့ လေသံ၊ နုတ်ထွက်ပါတယ် ဆိုပြီး တိုင်းပြည်ကို နှုတ်ဆက်သွားပုံတွေကို ကြားယောင်နေပါသေးတယ်။

နောက်ပြီး ပြည်မြို့မှာလည်း လူစုလူဝေးနဲ့ မင်းမဲ့စရိုက်တွေ လုပ်နေတယ်လို့ ပြောတဲ့ စကားတွေကို မှတ်မိနေပါသေးတယ်။

အဲဒီနောက်မှာတော့ စစ်အစိုးရ ပြန်ကြားရေး ၀န်ကြီးဖြစ်လာမယ့် ဗိုလ်မှူးချုပ်အေးကျော်ရဲ့ တပ်မ ၆၆ က တပ်တွေနဲ့ ကျနော်တို့မြို့ ထဲကို ၀င်လာခဲ့ပါတယ်။ အခု ဗိုလ်ချုပ်ကြီး ဖြစ်နေတဲ့ သူရရွှေမန်းလည်း တပ်ရင်းမှူးဘ၀နဲ့ ပါလာတာပေါ့။

စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လိုက်ပြီ ဆိုကတည်းက အဓိကရုဏ်းမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လူငယ်တွေကို  ညညလိုက် ဖမ်းတာ တော်တော်များများ ကိုယ့်အိမ် ကိုယ်မအိပ်ရဲ၊ ဘုန်းကြီးကျောင်း သွားအိပ်ရတဲ့ ညတွေလည်း လူငယ်တွေ အတွက် မနည်း ပါဘူး။ လှုပ်ရှားလို့မရလောက်အောင် အရာရာတင်းကျပ်နေပါတယ်။ ၈၈၈၈ ဆိုတဲ့ သပိတ်ခေါ်သံတွေကလည်း ဘီဘီစီ ကနေ ကြားနေရတာပေါ့။

အားလုံးလည်း လူမျိုးရေး အဓိကရုဏ်းကြောင့် ခြေကုန်လက်ပန်းကျနေတဲ့ အတွက် ၈ လေးလုံးနေ့က ဘာမှလုပ်နိုင်ခဲ့ကြဘူး။ အဲဒီ ညနေမှာပဲ ရန်ကုန်က ရထားဝင်လာတော့ ဘာမှမလုပ်နိုင်ခဲ့တဲ့ မြို့လေးအတွက် မြက်ထုံးတွေနဲ့ ထမီထုတ်တွေ ပါလာပါတော့တယ်။ သတ္တိမရှိဘူး မြက်စားပြီး ထမီဝတ်ထားဆိုတဲ့ သဘောပေါ့၊ ဘယ်သူကပို့မှန်းလဲမသိဘူး။

နောက်တနေ့မှာ အဲဒီလို လှောင်ပြောင်ခံရလို့ အားလုံးက စိတ်ဆိုး ဒေါသထွက်နေကြပြီး တခုခုတော့ လုပ်မှဖြစ်မယ်ဆိုတာ သဘောပေါက်ကြတယ်။ စစ်အုပ်ချုပ်ရေး ဧရိယာကနေ လွတ်နေတဲ့ ရွှေတောင်မြို့မှာ သွားဆန္ဒပြမယ်ဆိုတဲ့သတင်းတွေလည်း ကြား နေရသလို၊ မြို့လေးမှာပဲ လုပ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာတယ်။ မြို့လူထုကလည်း ဘယ်သူကစပြီး ဖောက်ခွဲ မလဲ ဆိုပြီးတော့ ဟိုနားမှာကြိတ်ကြိတ်၊ ဒီနားစုစုနဲ့ပေါ့။

နေ့လယ် ၂ နာရီလောက်မှာ သတင်းတခုကြားရတယ်။ ရွှေဆံတော် ဘုရားပေါ်မှာ လူစုမယ်၊ ဆန္ဒပြမယ်။ အားလုံးကလည်း မသိမသာနဲ့ ဘုရားခြေရင်းရောက်နေပြီ။ ဒီအချိန်မှာ ဘုရားပေါ်ကို စစ်တပ်က ၀ိုင်းထားပြီ တက်လို့မရတော့ဘူးတဲ့။

လူကလည်း စုပြီးနေပြီ။ အချိန်အခါကလည်း သင့်နေပြီ။ စုနေတဲ့နေရာက နာမည်ကြီး သံဃာဦးရေများတဲ့ ဇောတိက စာသင် တိုက်ရှေ့၊ လူစုလူဝေးများလာတဲ့ အချိန်မှာ ရှေ့နေတယောက်က အိမ်တအိမ်မှာရှိတဲ့ ခုံတလုံးကိုယူပြီး ခုံပေါ်တက် တရားဟော ပါလေရော။ မကြာပါဘူး အာလုံးမြို့ထဲကို ချီတက်ကြမယ်ဆိုပြီး လူအုပ်ကြီးကို ပြောတော့ ကြွေးကြော်သံတွေ တိုင်ပြီး ချီတက် ကြပါတယ်။

8888-22-02မြို့လယ်ခေါင် ရောက်တဲ့ အချိန်မှာတော့ ဗိုလ်မှူးချုပ် အေးကျော် ဦးစီးတဲ့ စစ်တပ်နဲ့ တွေတော့ တာပါပဲ။ ရှေ့ဆုံးက ချီတက်နေတဲ့ သူတွေကို ရပ်တန့်ဖို့ အမိန့်ပေး ပါတယ်။ ဒါပေမယ့် ရပ်မယ့်ပုံ မပေါ်တာနဲ့ သေနတ်ကို မိုးပေါ် ထောင်ဖောက် ပြီးတော့ သေနတ်ဒင်တွေ တုတ်တွေနဲ့ လူအုပ်ကို ၀င်ပြီး ရိုက်နှက် ပါတော့တယ်။

အဲဒီမှာ လဲသူလဲ၊ ကွဲသူကွဲ၊ ပြောလွှား ရင်းနဲ့ အဖမ်းခံရသူ ခံရနဲ့ လူစုကွဲ သွားပါတယ်။

မကြာမီ ရက်ပိုင်းမှာတော့ ကမ္ဘာကတောင် “သားသတ်သမား” ရယ်လို့ နာမည် ပေးခြင်း ခံရတဲ့ ဦးစိန်လွင် သမ္မတ တာဝန်ကနေ နုတ်ထွက်ကြောင်း ကြေညာ ခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ မြို့လေးလည်း စစ်အုပ်ချုပ်ရေး ကနေ လွတ်ခဲ့ရပါပြီ။

စစ်တပ်တွေ ရုပ်သွားတော့ နေ့ခင်းကြီးပါ။ သူတို့ ကားတွေနဲ့ တပ်ကို ပြန်သွား ကြတော့ မြို့က လူတွေက စိတ်မနာနိုင်ဘဲ သောင်းသောင်း ဖျဖျ လက်ခုပ်တီးပြီး နှုတ်ဆက်ကြပါ သေးတယ်။ ဒါပေမယ့် တလ ကျော်ကျော် အကြာ စက်တင်ဘာ ၁၈ ရက်နေ့ ညမှာတော့ စစ်ဆင်ရေး တခုသဖွယ်၊ ဘီလူး သဘက်များလို ဗိန်းဗောင်းတိုက်ပြီး သူတို့ ပြန်ဝင် လာခဲ့ပါတယ်၊ အခုချိန်တိုင်ပေါ့။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်