၂၀၁၁ မှာ သူတို့ ဘာတွေလုပ်ကြမလဲ

ဒါရိုက်တာ ကြည်ဖြူသျှင် (ရုပ်ရှင် ဒါရိုက်တာ)

2011-kyi-phyu-shinဂျပန်ကလာတဲ့ ကင်မရာအဖွဲ့တဖွဲ့က မြန်မာဒါရိုက်တာနဲ့ ပေါင်းပြီး ရုပ်ရှင်ပြိုင်ပွဲ ဝင်နိုင်လောက်တဲ့ ဇာတ်ကားတွေ ရိုက် ချင်တယ်လို့ ကမ်းလှမ်းလာတာမျိုး ရှိတယ်။ သူတို့ ကမ်းလှမ်းတာက မြန်မာ့ရုပ်ရှင်လောကအတွက် ဆိုပြီး ကမ်းလှမ်း လာတာမျိုးပါ။ ရုပ်ရှင်လောက တိုးတက်ဖို့အတွက် တခြားနိုင်ငံက နည်းပညာတွေပါ သုံးဖို့လိုအပ်မယ်ထင်လို့ သူတို့ အဖွဲ့နဲ့ ပူးပေါင်းအလုပ်လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ပြီးတော့ သူတို့ကလည်း သူတို့ရဲ့ နည်းပညာတွေကိုပါ မျှဝေပေးမယ် ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ရုပ်ရှင်လောကအတွက်တော့ နည်းပညာပိုင်းဆိုင်ရာအရ အမြတ်ရမှာပဲလေ။ ဘာပဲဖြစ်ဖြစ် ကျမတို့အနေနဲ့ကတော့ ကိုယ်လုပ်စရာ ရှိတဲ့အလုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ 

အနဂ္ဂ (အဆိုတော်)

2011-Anaga01၂၀၁၁ မှာ ကျနော့် တကိုယ်တော်အခွေ ထွက်မယ်၊ အဲဒီခွေနဲ့ ပတ်သက်တဲ့ ပွဲလေး တပွဲလုပ်ဖို့ စီစဉ်ထားတယ်။ ဇန်နဝါရီ လမှာတော့ ပန်းချီပြပွဲတပွဲ လုပ်ဖို့ စီစဉ်ထားတယ်။ အရင်တုန်းကတည်းက လုပ်လာတဲ့ လူမှုရေးလုပ်ငန်းတွေကိုလည်း ဆက်လုပ်သွားမယ်လို့ စိတ်ကူးထားပါတယ်။ ကျနော့်အကူအညီကို လိုတယ်လို့ ပြောလာတဲ့လူတွေ၊ ကျနော်က မနေနိုင် မထိုင်နိုင် သွားကူရမယ့်ကိစ္စတွေကို ဆက်လုပ်သွားဦးမှာပါ။ ဟိုလူနဲ့ ပေါင်းပြီးမလုပ်ဘူး၊ ဒီအဖွဲ့အစည်းနဲ့ ပေါင်းပြီး မလုပ်ဘူး ဆိုတာမျိုးတော့ ကျနော့်မှာ မရှိပါဘူး။

၂၀၁၁ နဲ့ ပတ်သက်ပြီး ကျနော့်ရဲ့ မျှော်လင့်ချက်ကတော့ ကျနော့်အခွေထွက်မယ်၊ ဒီအခွေနဲ့ ပတ်သက်ပြီး ပရိသတ်ကြီးရဲ့ အားပေးမှုကို လိုချင်တယ်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေးအပိုင်းတွေမှာ ဆိုရင် အခုလက်ရှိ ကျနော်တို့နိုင်ငံမှာ အင်တာနက်နဲ့ တခြားဆက်သွယ်မှုတွေ အဆင့်မြင့်မြင့် လုပ်လာနိုင်ပြီ။ ဒါပေမယ့် ၂၀၁၁ ကို ဒီထက်ပိုပြီးကောင်းတဲ့ အင်တာနက် ဆက်သွယ်မှုတွေ၊ ပညာရေးကိစ္စတွေမှာ တခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်မယ့် နှစ်မျိုး ဖြစ်စေချင်ပါတယ်။ ဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။ ၂၀၁၀ မှာတော့ သဘာဝ ဘေးအန္တရာယ်တွေ ကြုံရတယ်၊ မုန်တိုင်းတိုက်တယ်၊ မီးတွေလောင်တယ်၊ ပြီးတော့ ရွေးကောက်ပွဲလည်း လုပ်သွားတယ်။ အဲဒါတွေကတော့ မြင်ခဲ့ရတာ တွေပါ။

လာမယ့်နှစ်သစ်မှာ တယောက်နဲ့တယောက် အမုန်းတွေ၊ ရန်ငြိုးတွေမထားဘဲနဲ့ ဆက်ဆံစေချင်တယ်။ ခုထက်ထိ မြင်ရတာက ကားမောင်းတဲ့ နေရာမှာပဲဖြစ်ဖြစ်၊ အမှိုက်ပစ်တဲ့ နေရာမှာပဲ ဖြစ်ဖြစ် စည်းကမ်း မဲ့တာမျိုးတွေ တွေ့နေရပါတယ်။ အဲဒါတွေက လာမယ့်နှစ်သစ်မှာ မပျောက်သေးဘူး ဆိုရင်တောင်မှ လျှော့နိုင်လိမ့်မယ်၊ စည်းကမ်းပိုရှိလာမယ်လို့တော့ မျှော်လင့်တာပဲ။

နှုတ်ခမ်းမွေး ညီနောင် (လူရွှင်တော်)

2011-moustache_brosနှုတ်ခမ်းမွေး လူမော်။     ။ ကျနော်တို့က အိမ်မှာ ဆိုင်းဘုတ်သာ တင်ထားတာ သက်ဆိုင်ရာက ပွဲမိန့်မပေးတော့ ပွဲမကရတာ ကြာပီ။ အဲဒါကြောင့် လာမယ့်နှစ်ဆိုရင်လည်း ကျနော်တို့ အတွက် ပွဲမိန့်က သေချာဦးမှာမဟုတ်ဘူး။ ဒီလူပဲ၊ ဒီအစိုးရပဲ ဆိုရင်တော့ သေချာတယ် ကျနော်တို့ ကရဦးမှာ မဟုတ်ဘူး။ အိမ်ကိုလာတဲ့ နိုင်ငံခြားသားတွေလောက်ကိုပဲ ကပြရမှာပဲ။ ၂၀၁၀ မှာတော့ အစ်မကြီး စု လွတ်လာလို့ ကျနော်တို့ ညီအစ်ကိုတတွေက ဝမ်းသာတယ်၊ ပျော်ရွှင်ရတယ်။ ၂၀၁၁ မှာတော့ ဒီထက် ဝမ်းသာစရာကောင်းတဲ့ ကိစ္စတွေနဲ့ ကျနော်တို့ ဆုံချင်တယ်။ ကျနော်တို့ မိတ်ဆွေကြီး ဇာဂနာ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ထောင်ထဲမှာ ရှိနေတုန်းပဲ။ နှစ်သစ်မှာ သူတို့တွေ လွတ်ငြိမ်း ချမ်းသာခွင့်ရကြပါစေ၊ သူတို့တွေလည်း ပျော်ရွှင်ရပါစေလို့ ပြောချင်ပါတယ်။

နှုတ်ခမ်းမွေး ပါပါလေး။     ။ ကျနော်တို့ လူရွှင်တော်တွေရဲ့ ပြက်လုံးဆိုတာက စိတ် ပျော်ပျော်ရွှင်ရွှင်နဲ့ ပြက်မှ ပိုပြီး အရသာ ရှိတယ်။ ဒါပေမယ့် တစုံတယောက်က နောက်ကနေ ထိန်းချုပ်ပြီးတော့ ဒါမပြက်နဲ့၊ ဒါက နိုင်ငံတော်ကို ပြက်ရယ်ပြုတယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုရင်တော့ ကျနော်တို့ လူရွှင်တော်တွေအနေနဲ့ ပြက်ရတာ အရသာမရှိတော့ဘူး။ ခုကျတော့ ဘယ်အငြိမ့်ပဲ ကက၊ ဘာပဲ ပြက်ပြက်၊ ဘယ်ဆိုင်းပဲ တီးတီး၊ တီးလုံးတောင်မှ နိုင်ငံတော်ကို ပြက်ရယ်ပြုတယ်ဆိုရင် မတီးရဘူး။ ၂၀၁၁ မှာ ရုပ်ရှင် ရိုက်တဲ့ပုဂ္ဂိုလ်များလည်း လွတ်လွတ် ကျွတ်ကျွတ် ရိုက်ရပါစေ၊ ကျနော်တို့ အငြိမ့်ကတဲ့ ပုဂ္ဂိုလ်များလည်း လွတ်လွတ်ကျွတ်ကျွတ် ကရပါစေ၊ စာရေးတဲ့ ပုဂ္ဂိုလ်များလည်း ကလောင် ထက်ထက်နဲ့ ရေးရပါစေလို့ နှစ်သစ်မှာ ကျနော်တို့ နှုတ်ခမ်းမွေး ညီနောင်က ဆန္ဒပြုလိုက်ပါတယ်ဗျာ။

မဖြူဖြူသင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ)

phyu_phyu_thin_AF2011-Pကျမတို့ အဓိကလုပ်တာ နှစ်ပိုင်းရှိတယ်၊ နိုင်ငံရေးပိုင်းနဲ့ လူမှုရေး ဆိုပြီးမှရှိတယ်ပေါ့။ လူမှုရေးနဲ့ ပတ်သက်လို့ အခုလက်ရှိ လုပ်နေတဲ့ အလုပ်တွေကို တိုးချဲ့ပြီး လုပ်သွားဖို့ ရှိတယ်။ တိုးချဲ့တယ်ဆိုတာက အရင်တုန်းက ကျမတို့ဆီမှာ ဆရာဝန်တွေ ဘာတွေမရှိသေးဘူး၊ အခုဆိုရင် ဆရာဝန်တွေပါ ပါလာပြီ။ အန်တီစု လွတ်လာပြီးတဲ့နောက်ပိုင်းမှာ လူနာတော်တော်များ များက ကျမတို့ဆီမှာ ဆေးဝါးကုသမှု ခံယူချင်တဲ့သူတွေပိုများလာတယ်။ အဲဒီအတွက် ကျမတို့ဘက်က တတ်နိုင်သမျှ ကြိုးစားသွားမယ်၊ လူနာတွေအတွက် ဆက်လက် ရပ်တည်သွားမယ်။

နိုင်ငံရေးပိုင်းမှာ ဆိုရင်တော့ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးဘူး။ အန်တီစု၊ အဘ ဦးတင်ဦးတို့ အဘ ဦးဝင်းတင်တို့ရဲ့ ဦးဆောင်မှုနဲ့ ကျမတို့က နောက်လိုက်ကောင်းတွေ အနေနဲ့ ဆက်လက်လုပ်ကိုင်သွားမယ်၊ မြန်မာ နိုင်ငံ ဒီမိုကရေစီ ရရှိရေးကို ဆက်လက်ကြိုးစားသွားမယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတဲ့အထိ၊ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်ကြိုးစားသွားဖို့ ရှိပါတယ်။ ၂၀၁၀ နှစ်ကုန်ပိုင်းမှာ ကျမတို့ မျှော်လင့်တဲ့၊ ကျမတို့ လွတ်မြောက်စေချင်တဲ့သူ လွတ်မြောက်လာတယ်။ လာမယ့် နှစ်သစ်မှာလည်း နောက်ထပ် လွတ်မြောက်မှုတွေနဲ့ အတူ နိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ပျော်ရွှင်ရွှင်ဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်။

ဦးအေးသာအောင် (CRPP အတွင်းရေးမှူး)

2011-Ayethaaung၂၀၁၁ မှာတော့ အားလုံးသိတဲ့အတိုင်း ရွေးကောက်ပွဲအရ လွှတ်တော် ပေါ်လာမယ်၊ အစိုးရအသစ် ပေါ်လာမယ်။ ဒါပေမယ့် ဒီ လွှတ်တော်နဲ့ အစိုးရက တမျိုးသားလုံး ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ မယုံကြည် ဘူး။ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဦးမှာ မဟုတ်ဘူး။ အဲဒီတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ကျနော်တို့ မဖြစ်မနေ လုပ်ကြရမယ်၊ လုပ်ချင်ချင် မလုပ်ချင်ချင် လုပ်ရမှာပဲ။ နအဖ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ပါဝင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို CRPP အနေနဲ့ ဆက်လက် ကြိုးပမ်းသွားမယ်။ လက်ရှိ တိုင်းပြည်အနေအထားအရ တိုင်းရင်းသားတွေ အနေနဲ့ တန်းတူအခွင့်အရေး ရဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိဖို့ လိုအပ်တယ်။ အဲဒါကြောင့် NLD အပါအဝင် တခြား နိုင်ငံရေးပါတီတွေ လက်တွဲပြီး ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။ ၂၀၁၁ ကတော့ နိုင်ငံရေးပဲ ဖြစ်ဖြစ်၊ စီးပွားရေးပဲ ဖြစ်ဖြစ် ကျပ်ကျပ်တည်းတည်းနဲ့ ဖြတ်သန်းရဦးမယ့်နှစ်လို့ ကျနော်မြင်ပါတယ်။ နှစ်သစ်မှာလည်း လူတိုင်းလူတိုင်းက အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆက်လက် ကြိုးပမ်း သွားဖို့ လိုဦးမယ်လို့ ကျနော်ပြောချင်ပါတယ်။

ဦးကျော်သူ (ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း)

2011-kyaw-thu-2009-11-2-8-10-41နှစ်သစ်မှာ ဘာတွေလုပ်မလဲဆိုတော့ ကျနော်တို့ လုပ်နေတဲ့ လူမှုရေးလုပ်ငန်းဆိုတာက လုပ်ချင်တိုင်း လုပ်ခွင့်ရတဲ့ အခြေ အနေမရှိသေးတော့ ဘာကိုမှ ကြိုပြောလို့မရဘူးဗျ။ အများအကျိုးကို ဒီထက်တိုးပြီး ဘယ်လိုကူညီလို့ ရမလဲ ဆိုတာကိုပဲ ကျနော် ခေါင်းထဲ ထည့်ထားတယ်။ ဆိုတော့ လုပ်ငန်းတွေ အကောင်အထည်ဖော်မှပဲ ကျနော့်အနေနဲ့ ပြောလို့ ကောင်း မယ်။ အခုလက်ရှိတော့ ကျနော်တို့ရဲ့ မျက်စိ ခွဲစိတ်ခန်းကိစ္စကိုပဲ ဇောင်းပေးပြီး လုပ်ဆောင်နေပါတယ်။ ရှေ့နှစ် ဧပြီလ လောက်ဆိုရင် စတင်ပြီး ခွဲစိတ်မှုတွေ လုပ်နိုင်ပါပြီ။

ကိုလေး (အင်းဝဂုဏ်ရည်) (ကဗျာဆရာ)

2011-Kolayကျနော့်ကို စာရေးခွင့်တွေဘာတွေ ပိတ်ထားတာ ၁၂ နှစ် ရှိပြီ။ အခုထိလည်း ပိတ်ထားတုန်းပဲ။ ဘာမှလည်း ရေးခွင့် ပြောခွင့် မရှိဘူး ဆိုတော့ ကျနော့်အနေနဲ့ ဘာ အစီအစဉ်မှ မရှိဘူးလို့ ပြောလို့ရတယ်။ NLD ကလုပ်တဲ့ စာပေ ဟောပြောပွဲတွေ ဘာတွေမှာ ကျနော့်ကို ပြောဖို့ ဖိတ်တာမျိုး တွေတော့ နှစ်တိုင်းလိုလိုရှိပါတယ်။ အမျိုးသားအောင်ပွဲနေ့ တို့ ပြည်ထောင်စု နေ့တို့ ဘာတို့ပေါ့ဗျာ။ လာမယ့်နှစ်မှာလည်း ကျနော့်ကို ဟောပြောဖို့ ထပ်ဖိတ်ဦးမယ်ဆိုရင်တော့ သွားပြီး ဟောဖြစ် ပြောဖြစ်ဦးမှာပါ။ ဒါပေမယ့် နိုင်ငံနဲ့ လူမျိုးအတွက် စာရေးခွင့်၊ ဟောပြောခွင့်မရဘဲနဲ့ ကျနော့်အသက် တနှစ်ကြီးသွားဦးမှာ ကိုတော့ နှမြောတယ်ဗျာ။

ကျနော် ငယ်စဉ် ပညာသင်တုန်းက အင်္ဂလိပ်တွေ ဆုတ်တဲ့အချိန်နဲ့ ကြုံနေတော့ နေရာတိုင်းမှာ သေနတ်သံ၊ ဗုံးသံနဲ့ အလောင်းတွေအပေါ် နင်းပြီး ကျောင်းတက်ခဲ့ရတယ်။ ကျနော်တို့နိုင်ငံမှာလည်း ဒီနေ့ထက်ထိ သေနတ်သံတွေ ဗုံးသံတွေ ရှိနေတုန်းပဲ။ အခု ပညာသင်နေတဲ့ ကလေးတွေအနေနဲ့ ကျနော်တို့ ငယ်ငယ်တုန်းကလို အလောင်းတွေပေါ် နင်းလျှောက် ပြီး ကျောင်းတက်ရတာမျိုး၊ သေနတ်သံ၊ ဗုံးသံတွေကို ညအိပ်ရာဝင်တေးအဖြစ်မှတ်ပြီး အိပ်စက်ရတာမျိုးတွေ မကြုံရပါစေနဲ့ တော့လို့ ခုခေတ် ကလေးတွေအတွက် နှစ်သစ်လက်ဆောင်အဖြစ် ဆုတောင်းပေးချင်ပါတယ်။

ကျော်ကျော်ဗို (သရုပ်ဆောင်)

2011-Kyaw-Kyaw-Boအနုပညာ လုပ်ငန်းတွေကိုပဲ ရှေ့တိုးပြီးဆက်လုပ်သွားမှာပါ။ နှစ်သစ်တနှစ်ဖြစ်တာကြောင့် စိတ်သစ်၊ လူသစ်နဲ့ အကောင်းတွေကို ဆက်လုပ်သွားမှာပါ။ ရှေ့တိုးပြီး အောင်မြင်အောင် လုပ်ဆောင်သွားဖို့ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ်ကို ကျနော့်အတွက် ပြောရမယ်ဆိုရင်တော့ လုပ်ရကိုင်ရတာ ပိုပြီးထိရောက်မှုရှိလာတယ်။ ပရိသတ်နဲ့ ပိုပြီး ထိတွေ့ဆက်ဆံမှု ပိုကောင်းလာတယ်။ လုပ်ငန်းဆိုင်ရာတွေမှာလည်း ပိုပြီးအဆင်လာပါတယ်။

ကာတွန်းအော်ပီကျယ်

2011-Aw-Pi-Kyalကျနော်ကတော့ ၂၀၁၁ မှာ ၂၀၁၀ က အကြွေးတွေပဲ ကျေအောင် ဆက်လုပ်ရမှာပါ။ ထွေထွေထူးထူး လုပ်စရာတော့ မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်က အလုပ်တွေ ကျန်နေတာကြောင့် အဲဒါတွေကိုပဲ ဆက်လုပ်သွားမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က ဘာမှ မထူးခြားခဲ့ဘူးလို့မြင်တယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလိုပဲ ထွေထွေထူးထူးပြောင်းလဲတာ မရှိခဲ့ဘူးလို့ မြင်တာပါပဲ။ လာမယ့် ၂၀၁၁ မှာလည်း ဘာမှ ထူးခြားလာမှာမဟုတ်ဘူးလို့ ထင်ပါတယ်။

မြစံပယ်ငုံ (မင်းသမီး၊ သီး ညီအစ်ကိုများ အငြိမ့်အဖွဲ့)

2011-mee-theeလာမယ့် ၂၀၁၁ ဇန်နဝါရီလမှာ ဦးဇာဂနာရဲ့ မွေးနေ့ပွဲကို ကျမတို့ အဖွဲ့တွေ ကျင်းပပေးသွားဖို့ အစီအစဉ်ရှိတယ်။ အဲဒီကနေတဆင့် ကျမတို့ကို ဦးဇာဂနာ ဖြစ်စေချင်တဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့သူတွေ ဖြစ်အောင် ဆက်လက် ကြိုးစားသွားမှာပါ။ လာမယ့် ၂၀၁၁ မှာ ဘယ်လို အခက်အခဲတွေပဲ ကြုံရ ကြုံရ ကျမ တတ်နိုင်တဲ့ ဘက်ကနေ အတတ်နိုင်ဆုံး ကြိုးစားပြီး ပြည်သူချစ်တဲ့ အနုပညာသမား စစ်စစ်ဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ နှစ်သစ်မှာ လူသားတိုင်း စိတ်ချမ်းသာမှု ရနိုင်ပါစေလို့လည်း ဆုတောင်းပါတယ်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်