သို့သော် ကားလမ်းတလျှောက်တွင် မမြင်နိုင်သော အာရုံထွေပြားစရာကိစ္စ အများအပြား ရှိနေပါသည်။ တချို့သော ကားရပ်နားသည့် နေရာများတွင် ရှိသော လက်ဖက်ရည်ဆိုင်များ၊ ကာရာအိုကေ ဆိုင်များနှင့် ဓာတ်ဆီဆိုင်များက ကားမောင်း သမားများကို သူ့ထက်ငါ မြူဆွယ်နေကြပါသည်။
ဤကားများသည် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ စသည့် ရှမ်းပြည်နယ်မှ ထုတ်ကုန်များကို သယ်ဆောင်လာကြသော ကားများလည်း ဖြစ်ကြသည်။
ပူပြင်းသောရာသီဥတုနှင့် လမ်းခရီးတွင် ရှိသော စစ်ဆေးရှာဖွေမှုများကို ရှောင်ရှားနိုင်ရန်အတွက် ကားအများစုသည် ညဘက်မှသာ မောင်းနှင်ကြခြင်းဖြစ်သည်။
မန္တလေး ယာဉ်ရပ်နားစခန်းမှ ထွက်လိုက်သည်နှင့် ယာဉ်ထိန်း ရဲများက အနီရောင်မီးများဖြင့် ဝှေ့ယမ်းကာ ငွေကြေး တောင်းခံလေ့ရှိသည်။
တခါတရံ ရှေ့မှဓာတ်မီး(သို့မဟုတ်)မီးရောင်ဖြင့် ဝှေ့ရမ်းပြသည်ကို သူတို့ ကြုံကြရသည်။
နောက်တခုက လိင်ဖျော်ဖြေရေးအလုပ်လုပ်သူများက ကားမောင်းသမားများကို ခေါ်တင်သွားရန် အချက်ပြလိုက်ခြင်း ဖြစ်သည်။
ကားဒရိုက်ဘာ မဟုတ်သော ကျနော့်အနေဖြင့် ညဘက် ကားမောင်းသည့် ခရီးတလျှောက် အတွေ့ အကြုံရလို၍ ကားမောင်းသည့် မိတ်ဆွေသူငယ်ချင်းထံ ခွင့်တောင်းကာ မန္တလေးမှ ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးသို့ လိုက် လာခဲ့သည်။ မိတ်ဆေဖြစ်သူက အဖော် ပါလာ၍ ၀မ်းသာနေသည်။
တချို့သော ထရပ်ကားများက ယာဉ်တန်းသဖွယ် စုဖွဲ့သွားကြသကဲ့သို့ ကားသမားအချင်းချင်းလည်း မိတ်ဆွေစုများသဖွယ် ဖြစ်လာကြသည်။ အဝေးမှ မိတ်ဆွေ ထရပ်ကားတစီး ချဉ်းကပ်လာလျှင် အရှိန်ကိုလျှော့၍ မီးကိုပြကာ ဟွန်းတီး နှုတ်ဆက် တတ်ကြသည်။ တခါတရံ ကားကို လမ်းဘေးချ၍ အေးအေးလူလူ စကားစမြီပင် ရပ်၍ ပြောဆို တတ်ကြသေးသည်။
လမ်းခရီးတွင် အစစ်အဆေး အဖမ်းအဆီးရှိလျှင် မိတ်ဆွေ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အချက်ပြလေ့ရှိ ကြသည်။
ညနေစောင်းတော့ ကျနော်တို့က မန္တလေးမှ စထွက်ကြသည်။ သိပ်မကြာခင်ပင် မှောင်သွားသည်။ ခရီးရလာသည်နှင့်အမျှ မြို့ကြီးက အဝေးတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ပြန့်ပြူးသောမြေပြင်များ၊ သစ်ပင်များ၊ ခြုံပုတ်များ၊ တဲအိမ်ရွာစုများ ကွက် ကျား စီချယ်ထားသော မြင်ကွင်းကို ဖြတ်ခဲ့ရသည်။
ရုတ်ချည်းဆိုသလို ညတွင် ပိုးစုန်းကြူးလင်းသည့်အလား၊ ရှေ့မီတာ ၁၀၀ ခန့်မှနေ၍ ဓာတ်မီးတလက်က ကျနော်တို့ကား ကို အချက်ပြနေသည်ကို တွေ့လိုက်ရသည်။
"အဲဒါက ကောင်မလေးတွေ အချက်ပြတာပဲ၊ စိတ်ဝင်စားရင် ခေါ်လို့ရတယ၊် တကယ်လို့ သူ့ကိုခေါ်ချင် ရင်တော့ ကားရှေ့မီးနဲ့ အချက်ပြလိုက်ရုံပဲ၊ နောက်တော့ ခေါ်တင်သွားပေါ့"ဟု ကျနော့် မိတ်ဆွေက ပြောပြသည်။
ကားမီးရောင်တွင် မိန်းကလေး၏ ရုပ်သွင်ကို ခေတ္တမြင်ရပြီး၊ ကားက ဖြတ်သွားသည်။ သူက အတော်ငယ်ရွယ်သေးပုံရ သည်။ မျက်နှာတွင်တော့ မိတ်ကပ်အဖွေးသား ဖြစ်နေသည်။
ကားလမ်းဘေးတလျှောက် ဤကိစ္စလုပ်စားကြသူများက ၂,၀၀၀ ကျပ်မှ ၄,၀၀၀ ကျပ် အကြား ဈေးခေါ်လေ့ရှိကြောင်း ကျနော့်မိတ်ဆွေက ရှင်းပြသည်။
"ခင်ဗျားက ခေါ်လာပြီဆိုပါတော့၊ ဘယ်လို ပြန်ပို့မှာလဲ"ဟု ကျနော်က မေးသည်။
ကျနော်မေးမိသည့် မေးခွန်းကြောင့် သူက ထုံအလှချည်လားဟူသည့် သဘောဖြင့် ကြည့်သည်။ ပြီးတော့ ပြုံး၍ "ကားတွေ က ဟိုဘက်သည်ဘက်သွားနေတာ အများကြီးပဲ၊ တခြားဖောက်သည်နဲ့ ချိတ်ပြီး ပြန်လာတာပေါ့"ဟု သူကဆိုသည်။
အကယ်၍ မိန်းကလေးတင်ခေါ်လာခဲ့သည့် ကားဒရိုက်ဘာက ကိစ္စပြီးပါက တခြားဆန့်ကျင်ဘက်မှလာနေသော ကားကို မီးပြ၍ ပြန်ခေါ်သွားရန် ရှိ မရှိ မေးကြသည်ဟု ဆိုသည်။ သူတို့က ထိုမိန်းကလေးများကို ဤနည်းဖြင့် ကားတစီးမှ ကား တစီး သို့ ကူးပြောင်းရင်း ခေါ်ဆောင်သွားကြသည်။
ဤသို့ ကိုယ်ခန္ဓာရောင်းချရင်း အသက်မွေးနေကြရသည့် မိန်းကလေးအများစုသည် လမ်းတလျှောက်ရှိ ဆင်းရဲသော ကျေး ရွာများမှဖြစ်ပြီး တခြားအလုပ်အကိုင်များ ရှာဖွေလုပ်ကိုင်ရန်လည်း မဖြစ်နိုင်၊ ရရှိသည့်ဝင်ငွေက မိသားစု စားဝတ်နေရေး အတွက် မလောက်ငသဖြင့် ယခုကဲ့သို ၀င်ရောက်လုပ်ကိုင်ကြခြင်း ဖြစ်သည် ဟု ဆိုသည်။
ယနေ့ကာလများတွင် တက္ကသိုလ်ကျောင်းသူများပါ သူတို့ကျောင်းစားရိတ်အတွက် ဟိုက်ဝေးပေါ်မှ ပျော်တော်ဆက်လုပ် ငန်းအတွင်းသို့ ပို၍ ၀င်ရောက်လာကြသည်ဟု ဆိုသည်။ ကားဆရာက ပြောပြရာတွင် ဤသို့ ဟိုက်ဝေးတလျှောက်ပျော် တော်ဆက်လုပ်ငန်းဖြင့် အသက်မွေးသူများ ယခုနှစ်များအတွင်း ပို၍ များပြားလာသည်ဟုလည်း ဆိုသည်။
"အာဏာပိုင်တွေက ဒီကိစ္စတွေကို သိသလား"ဟု ကျနော်က မေးမိသည်။
"ရဲတွေက လျစ်လျူရှုထားတာပါပဲ၊ ဒါမှမဟုတ် အဲဒီမိန်းကလေးတွေဆီကနေ အမြတ်ထုတ်ကြတာပေါ့"ဟု သူက ပြောပြ သည်။
"တခါတလေမှာတော့ သူတို့က လာခေါ်တတ်တယ်၊ ကိစ္စပြီးတော့ ငွေမပေးဘဲ နေကြတယ်၊ ဈေးလျှော့ပေးဖို့ တောင်း တာလည်း ရှိတယ်၊ တကယ်လို့ ငြင်းမယ်ဆိုရင်လည်း အဖမ်းခံရမယ်ဆိုတော့ ကောင်မလေးတွေက ကြောက်ကြတာပေါ့" ဟုလည်း သူကဆိုသည်။
မန္တလေးမြို့မှ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ခန့်သို့ မောင်းလာသည့်အခါ ရွှေတောင်ဟူသည့် ကွန်းထောက်စခန်းသို့ ရောက် လာခဲ့သည်။ ညက အတော်နက်နေပြီ ဖြစ်သော်လည်း စားသောက်ဆိုင်ကတော့ ဖွင့်နေသေးသည်။ ကျနော်တို့ က တခုခု စားသောက်ရန် ဆိုင်တွင်းသို့ ဝင်သွားခဲ့သည်။
စားပွဲထိုးက စားပွဲသို့ အစားအသောက်များနှင့် ရောက်လာသည့်အခါ၊ အခြေအနေကို နားလည်နေပြီး သော ကျနော့် မိတ်ဆွေက တိုးတိုးမေးလိုက်သည်။
"ရှိလား"
"ရှိတယ်"ဟု စားပွဲထိုးက မျက်စတချက်ပစ်၍ ပြန်ပြောသည်။ "အသေအချာ ရှိတယ်"ဟုသူက တကြိမ် အတွက်ဆိုလျှင် ၄,၀၀၀ ကျပ် ကျမည်ဟု ဆိုသည်။
စားပွဲထိုးက စားသောက်ဆိုင်မှနေ၍ အနီးရှိ ဆိုင်တခု အတွင်းသို့ ခေါ်သွားသည်။ အတွင်းပိုင်းတွင် အမိုးမရှိဘဲ ကြယ်မြင် လမြင်ဖြစ်နေသည်။
သူက ခုံတန်းလျား ပေါ်တွင် ၀တ်ဆင်ထားသည့် ထမီကို စောင်သဖွယ်ပြုပြီး အိပ်နေသည့် မိန်းကလေး တယောက်ကို အသံ ပြုလိုက်သည်။ အသံကြားလျှင် ထရမည်ဟု ကျင့်သားရနေသည့် အိပ်စက်မှုမှ အဆိုပါ မိန်းကလေးမှာ နိုးလာပြီး ကျနော်တို့ကို ကြည့်သည်။ သူ့အသွင်က အိပ်မှုန်စုံမွှား ဖြစ်နေသော်လည်း ဧည့်သည်လာသည့် အတွက် ၀မ်းသာသွားပုံ ရသည်။၊ ချက်ချင်းထ၍ သူ့ဆံပင်များကို လက်ဖြင့် ဖြီးသင်လိုက်သည်။
နှုတ်ခမ်းတွင် အပေါစားနှုတ်ခမ်းနီကို ဆိုးထားသည်။ သူမ၏ နီရဲတောက်နေသော နှုတ်ခမ်းဆိုးဆေးရောင်က၊ ညစ်ပေ နေသည့် သူ့အသွင်၊ စိုထိုင်းနံစော်နေသော အခန်းနှင့် ခြားနားစွာ တောက်ပနေသည်။
"သူ တယောက်ပဲရှိလား"ဟု ကျနော့် မိတ်ဆွေက မေးသည်။
"အခုအချိန်ထိတော့ ဟုတ်တာပေါ့၊ တခြားကောင်မလေးတွေက ဒီည မလာကြဘူး"ဟု စားပွဲထိုးက စိတ်မရှည်သလို ပြန်ပြောသည်။
"သူနဲ့ ဆက်ဆံရင် ဘယ်မှာဆက်ဆံရမှာလဲ"ဟု ကျနော်က မေးသည်။
"ဒီမှာပဲ"ဟု မိန်းကလေးက သူအိပ်နေသော သစ်သားခုံတန်းကို လက်ညှိုးညွှန်ပြ၍ ပြန်ပြောသည်။
"အိုး၊ ဒီနေရာမှာလား"
ကျနော်တော်တော် လန့်သွားသည်။
"ရှင်ကတခြားသွားချင်ရင်တော့ ဟိုက တဲဆီသွားလို့ရတယ်"ဟု မိန်းကလေးက ပြန်ပြောသည်။
သူညွန်ပြသည့် တဲ့ကို လှမ်းကြည့်ရင်း ကျနော်ဆွံ့အသွားသည်။ တဲဟုဆိုနိုင်ရုံ အဆောက်အဦး၊ နံရံများနှင့် အမိုးများက ပြိုပျက်နေသည်။ အတွင်းတွင် မည်သည့် အရာမျှသဲကွဲစွာ မမြင်ရ။ အဆိပ်ရှိသည့် သတ္တ၀ါတကောင်ရှိနေရင်တော့…. စိတ်ထဲမှာရေရွတ်လိုက်သည်။
"မင်းတို့မှာ ကွိုင် (ကွန်ဒုံ) ရှိသလား"ဟု ကျနော်က သူ့ကို မေးကြည့်သည်။
"မရှိဘူး၊ အဲဒါသုံးတာကတော့ ဖောက်သည်ဖြစ်တဲ့ရှင့်အပေါ်မှာ မှုတည်တယ်"ဟု သူက ပခုံးတွန့်၍ ပြန်ပြောသည်။
ကျနော်နှင့် မိတ်ဆွေက မိန်းကလေးကို ငေးကြည့်မိကြသည်။ မည်သို့ ဆက်ပြောရမှန်းပင် မသိတော့။
"ရှင်တို့က ဒီညအတွက် ကျမရဲ ပထမဦးဆုံး ဖောက်သည်တွေပဲ၊ အခုမှဈေးဦးပေါက်မှာ၊ ဒီကရတဲ့ ပိုက်ဆံနဲ့ မနက်ဖြန်အရေးကို ဖြေရှင်းရမှာ"ဟု သူက မယုံကြည်နိုင်စရာ ပြောလာသည်။
ကျနော်တို့က တောင်းပန်ရင်း အပြစ်မကင်းသလို တံခါးပေါက်ဘက်သို့ ခပ်လျှိုလျှို ပြန်ထွက်လာကြသည်။ ကျနော်တို့ ထွက် လာသည့်အချိန်တွင် ကျနော်က တဲအိမ်ဘက်သို့ တချက်ပြန်ကြည့်လိုက်သည်။ အမျိုးသမီးငယ်က ပြန်လှဲချလိုက်ပြီး၊ လုံချည်ကို မေးအထိ ဆွဲ၍ ခြုံလိုက်သည်ကို လစ်ဟာနေသည့် အုတ်နံရံအပေါက်မှ မြင်လိုက်ရသေးသည်။ ထို့နောက် လူကိုကွေးလိုက်ကာ ပြန်အိပ်သွားတော့သည်။
ကိုထွေး (မန္တလေး) ရေးသားသည့် Desolation Road ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
< Prev | Next > |
---|