ရေခြားမြေခြား တိုင်းတပါးရောက် မြန်မာပြည်သားများက “ဒါက ကိုယ့်မြန်မာပြည်က…” စသည်ဖြင့် အားရ၀မ်းသာ ပြောလေ့ရှိသောအသံများကို ကြားရတတ်ပါသည်။
ယင်းအသံများသည် မည်သည့်တိုင်းပြည် နေနေ၊ မည်သည့်အရပ်ကိုရောက်ရောက် ကိုယ့်ဇာတိမွေးရပ်မြေကို ချစ်ခင်ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။
“ဦးချိန်တီ ထည့်ပေးပါဦး”ဟု နော်ဝေနိုင်ငံရောက် ရွှေ့ပြောင်း အခြေချနေထိုင်သူ မြန်မာများက မှာတတ်သည်ကို ကြားရသကဲ့သို့ ထိုင်းနိုင်ငံအတွင်းမှ ရွှေ့ပြောင်းအလုပ်သမားများကြားတွင်လည်း “ဒါက ကိုယ့်မြန်မာပြည်က လာတဲ့ ဆီးဖျော်ရည်လေး သောက်ကြည့်ပါဦး။ အလုပ်ကပြန်လာလို့ သောက်လိုက်ရရင် ရင်ထဲအေးသွားတာပဲ”ဟု မြန်မာအလုပ်သမလေးတစ်ဦး၏ ပြောဆိုသံမျိုးကို ကြားရမည်ဖြစ်သည်။
မြန်မာပြည်တွင်း နေထိုင်သူများက ‘ဖောရိန်း’ဆိုလျှင် အကုန်ကောင်းသည်။ “မိတ်အင် ဘားမားဆို နား” “မိတ်အင် မြန်မာဆို အာပလာ” ဟု ပြောလေ့ရှိကြသည်။
လွန်ခဲ့သော အနှစ် ၂၀ ကျော်က ကျနော်တို တိုင်းပြည်မှ လူအများသည် ‘ဖောရိန်း’ ဆိုသော ဝေါဟာရကို နတ်ဒေ၀တာတို နေသော ဘုံဌာနကဲ့သို့ ထင်နေခဲ့ကြသည်လားမသိ။ ရှပ်အင်္ကျီဝတ်ရာတွင် ‘ဖောရိန်းရှပ်’မှ၊ ကားစီးရာတွင်လည်း ‘သင်္ဘောသားကား’မှ။ “ဖောရိန်းမိတ်ဆို ကောင်းပြီးသား” ဖြစ်ခဲ့ရသည်။ အကြောင်းမှာ နိုင်ငံရပ်ခြား တိုင်းတပါးနှင့် အဆက်အသွယ် ကင်းမဲ့လွန်းသောကြောင့်ဖြစ်သည်။ ထိုစဉ်က အုပ်ချုပ်ခဲ့သော တစ်ပါတီအာဏာရှင် မဆလ အစိုးရကလည်း တံခါးပိတ်ဝါဒ ကျင့်သုံးသောကြောင့် တိုင်းသူပြည်သားများအဖို့ နိုင်ငံရပ်ခြားဆိုသည်မှာ သီးခြားကမ္ဘာသဖွယ်ဖြစ်ခဲ့ရသည်။
ယင်းသို့ ပိတ်လှောင်ထားခြင်းများကို ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သော လူထုအုံကြွမှု ‘ရှစ်လေးလုံး’ အရေးတော်ပုံက တစစီ ဖြိုချလိုက်သည်။ အကာအရံများ ပွင့်ထွက်သွားသည်။ တစ်ပါတီအာဏာရှင်၏ မာကျောသော အာဏာသံကြိုးများလည်း အပိုင်းပိုင်းပြတ်ထွက်သွားသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အတွက် တိုက်ပွဲဝင်ရဲသော မျိုးဆက်သစ်တို့ အပြိုင်းအရိုင်း ပေါ်ထွက်လာသကဲ့သို့ နောက်ထပ် အထင်အရှားပေါ်လာသည်ကား မြန်မာပြည် တနံတလျားက လူအများသည် အိမ်နီးချင်းနိုင်ငံများသို့ ‘Migration’ (ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်သူများ) ဖြစ်လာကြသည်။ ရွှေ့ပြောင်းမြန်မာအလုပ်သမား ဆိုသော ဝေါဟာရသည် ခေတ်သစ်မြန်မာ့သမိုင်းထဲက ထင်ရှားသည့်စကားလုံး အသုံးတစ်ခုဖြစ်လာပေပြီ။
ယခု ၂၀၀၉ ခု သြဂုတ်လ ၈ ရက်နေ့သည် ‘ရှစ်လေးလုံး’ ဖြစ်ပွားခဲ့သည့် ၂၁ နှစ်ပြည့်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ နိုင်ငံရေးအရ ထင်ရှားကျော်ကြားသူများကသာ ‘ရှစ်လေးလုံး’ သမိုင်းကို ကျယ်ကျယ်လောင်လောင် ပြောခဲ့ကြသည်။ နားထောင်ခဲ့ကြရသည်။ အလားတူ ပြည်သူထဲက ပြည်သူများဖြစ်သော ရွှေ့ပြောင်းအလုပ်သမားများကလည်း ပြောချင်ကြလိမ့်မည်ဟု ယူဆသည်။ သူတို့ကြုံတွေ့ရတာတွေလည်း ရှိမည်။ ထို့ကြောင့် ဧရာဝတီက ထိုင်းနိုင်ငံ တနံတလျားမှ ရွှေ့ပြောင်းအလုပ်သမား မြန်မာများ၏ ရင်ဘတ်ကို တီးခေါက်ကြည့်ကာ သူတို့၏ ‘ရှစ်လေးလုံး’ ခံစားချက် အမြင်ကို တင်ပြလိုက်ပါသည်။
“ရှစ်လေးလုံးဆိုတာဟာ အုပ်ချုပ်သူအစိုးရက လူတွေရဲ့အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို ချုပ်ချယ်လွန်းမက ချုပ်ချယ်ခဲ့လို့ ပြည်သူတွေရဲ့ ရင်ထဲမှာ မကျေနပ်ချက်တွေ အစိုင်အခဲဖြစ်လာပြီး နောက်ဆုံး မခံမရပ်နိုင်လို့ ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်တစ်ခုလို့ ကျနော် ပြောချင်တယ်”ဟု ဆိုသူကတော့ ကိုသန်းလွင် ဆိုသည့် ဖူးကက်မြို့ ပါတောင်ကမ်းခြေက ဂျန်စီ လုံ ကုန်တိုက်ကြီးမှ အလုပ်သမားတစ်ဦး ဖြစ်ပါသည်။
သူသည် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ ကာလတုန်းက တောင်ကုတ်မြို့နယ်မှ အထက်တန်း ကျောင်းသားတစ်ဦး ဖြစ်ခဲ့သည်။ ရှစ်လေးလုံးနေ့က လူတစ်သိန်းခန့် တောင်ကုတ်မြို့ထဲတွင် စီတန်းလမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြပြီး ကျောင်းသားခေါင်းဆောင်များ၊ ကုန်သည်များက စင်မြင့်ပေါ်တွင် တက်ရောက်ကာ ရင်ဖွင့်ခဲ့ကြသည်ကို နားထောင်ရင်း ကျောင်းပြဋ္ဌာန်းချက် သမိုင်းစာအုပ်ထဲတွင်မပါသော ၀ါကျများကို အသံဖြင့်နားထောင်ခဲ့ရသည်ဟု ဆိုသည်။
သူက “တကယ်လို့ ရှစ်လေးလုံးသာ မဖြစ်ခဲ့ရင် တကယ့်သမိုင်းကို ကျနော်သိခဲ့ရမှာမဟုတ်ဘူး။ အဲဒီနေ့က ဟောပြောချက်တွေကြောင့် ကျနော်တို့ဟာ ဖုံးကွယ်ထားတဲ့အရာကို မြင်ခဲ့ရတယ်၊ သိလာရတယ်။ ရှစ်လေးလုံးဟာ အာဏာရှင် ဦးနေ၀င်းရဲ့ယုတ်မာကောက်ကျစ်မှုကို ရိုက်ချိုးတဲ့ နေ့တစ်နေ့ ဖြစ်သလို ဒီမိုကရေစီအတွက် ခြေလှမ်းသစ်လှမ်းလိုက်တဲ့ မုခ်ဦးလည်းဖြစ်တယ်”ဟု ဧရာဝတီကို ပြောသည်။
ဘန်ကောက်မြို့ ဘန်ဘော်ရပ် စက်ချုပ်ရုံတစ်ခုတွင် အလုပ်လုပ်နေသူ မသိမ့်သိမ့်ကလည်း “ကျမ ဘန်ကောက်မှာ အလုပ်လုပ်တာ ၄ နှစ်ရှိပြီ။ ကိုယ့်ပြည်ကို မပြန်ချင်ဘူးလေ။ မပြန်ချင်ဘူးဆိုတာက သူတပါးတိုင်းပြည်ကို အထင်ကြီးလို့မဟုတ်ဘူး။ ကိုယ့်တိုင်းပြည်က အရာရာအဆင်မပြေတာ သိတဲ့အတိုင်းပဲ။ ဒါပေမယ့် ကျမက ကျမတို့တိုင်းပြည်ကို သူများတိုင်းပြည်လို ကောင်းကောင်းမွန်မွန် ဖြစ်စေချင်တယ်။ ကျမတို့ရဲ့ရှေ့က အစ်ကိုကြီး အစ်မကြီးတွေ တိုင်းပြည်အတွက် ပေးဆပ်ခဲ့သလို ကျမတို့ မပေးဆပ်နိုင်ခဲ့ပေမယ့် ကျမတို့ရဲ့ အနာဂတ်အတွက် ကောင်းတဲ့အနေအထားကို တိုင်းပြည်မှာ မြင်ချင်ပါတယ်”ဟု ပြောသည်။
မသိမ့်သိမ့်သည် ၁၉၈၈ ခုနှစ်က ၃ နှစ်သမီးသာ ရှိသေးသောကြောင့် ရှစ်လေးလုံးအကြောင်းကို ဘာမှမသိပါ ဟုဆိုသည်။ သို့သော် ၉ တန်းရောက်သောအခါ သူမ တက်ခဲ့သော ပဲခူးတိုင်း ပဲနွယ်ကုန်း အထက ကျောင်း၌ ၁၉၉၈ ခုနှစ်အတွင်း ဆန္ဒပြမှုဖြစ်ပွားခဲ့ရာ တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ ထို့နောက် အထက်အာဏာပိုင်များက ကျောင်းသူကျောင်းသားများထံသို့ လာ၍ ‘ခမောက်’ တံဆိပ်နှင့် ‘စပါးနှံ’ တံဆိပ်နှစ်ခုထဲမှ တစ်ခုကိုရွေးချယ်ရန် စေခိုင်းသောအခါ သူမအပါအ၀င် အများစုက ‘ခမောက်’ကို ရွေးခဲ့ကြ၍ ကျောင်းအုပ်ကြီးကို အလုပ်ပြောင်းပစ်ခဲ့သလို သူမတို့ ကျောင်းတွင်လည်း စည်းကမ်းတင်းကျပ်မှုများ ပိုမိုပြုလုပ်ခဲ့သည်ဟု ပြန်လည်ပြောပြသည်။
“ရှစ်လေးလုံးဆိုတာကို ကျမတို့ မမီလိုက်ပေမယ့် ကျမတို့ တိုင်းပြည်အတွက် အရေးကြီးတဲ့ သမိုင်းဝင် နေ့တစ်နေ့ဆိုတာကို နားလည်တယ်”ဟု မသိမ့်သိမ့်က မှတ်မှတ်ရရ ပြောပြခဲ့သည်။
အလားတူ ထိုင်းတောင်ပိုင်း ပင်လယ်ပြင်၌ အစုန်အဆန်မျောနေသော ငါးဖမ်းလှေတွင် ရေသျှူး(လှေဦးစီး) လုပ်နေသူ ကိုအောင်ဇော်ဦးက“ရှစ်ဆယ့်ရှစ် နောက်ပိုင်းမှာ လုပ်ခဲ့တာတွေထဲမှာ ကောင်းတာလည်းရှိကြတယ်၊ ဆိုးတာလည်း ရှိကြတယ်။ ကျနော် ပြောချင်တာပြောရရင် မြန်မာပြည်အုပ်ချုပ်တဲ့ ထိပ်ပိုင်းလူတွေကို အပြောင်းအလဲ ဖြစ်စေချင်တယ်ဗျာ”ဟု ဆိုသည်။
သူသည် ထိုင်းနိုင်ငံသို့ မလာမီက တပ်မတော်(ကြည်း)တွင် တပ်ကြပ်ကြီးတာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ ရှစ်လေးလုံးကာလက ၄ နှစ်သားအရွယ်ဖြစ်သောကြောင့် ဘာတွေဖြစ်ခဲ့ကြသည်ကို အသေအချာမမှတ်မိပါဟု ပြောသည်။ သူ နားလည်စအရွယ်တွင် ‘အမိမြေမှ သားကောင်းများ’ ရုပ်ရှင်ကားကို ကြည့်ရင်း တိုင်းပြည်အတွက် အသက်ပေးကာကွယ်လိုသော စိတ်ဓာတ်များ တဖွားဖွားပေါ်ပေါက်လာခဲ့သည်။
ထို့ နောက် အရွယ်ရောက်သောအခါ စစ်တပ်ထဲသို့ ၀င်ခဲ့သည်။ သို့သော် သူအမှန်တကယ် စစ်သားဖြစ်လာသောအခါ သူငယ်ငယ်က အားကျခဲ့သော ‘အမိမြေမှသားကောင်းများ’ ဖြစ်မလာဘဲ အမိမြေကို အမှန်တကယ် အရုပ်ဆိုးအကျည်းတန်အောင် လုပ်နေသူများမှာ ယင်းတပ်မတော်မှ ဗိုလ်ချုပ်ကြီးများပင် ဖြစ်နေသည်ကို တွေ့ရ၍ စစ်တပ်မှထွက်ကာ သူတပါးတိုင်းပြည်တွင် ကြုံရာကျပန်းလုပ်ရင်း ရေလုပ်သားဖြစ်ခဲ့ရသည်ဟု ရှင်းပြသည်။
သထုံမြို့သူ မသီသီသည် ယခုအခါ ထိုင်းနိုင်ငံ ဖလမ်စောင်တွင် စက်ချုပ်သမ လုပ်နေသည်။ ဘန်ကောက်ကို ရောက်ခါစက ‘အိမ်ဖော်’ အလုပ်ကို ၂ နှစ်ခန့် လုပ်ခဲ့ရသည်။ သူမ၏ ဖခင်မှာ ရှစ်ဆယ့်ရှစ်မှစ၍ နိုင်ငံရေးအလုပ်ကို စိတ်ဝင်တစား လုပ်ခဲ့သောကြောင့် မိသားစုစီးပွားရေးကို လှည့်မကြည့်သဖြင့် စားဝတ်နေရေး ကျပ်တည်းခဲ့ရသည်။ မိခင်နှင့်ဖခင် စကားများကာ အိမ်ထောင်ကွဲသဖြင့် မိသားစုပြိုကွဲခဲ့ရသည်ဟု ဆိုသည်။ သူမ ၄ တန်းကျောင်းသူအရွယ်တွင် ရှစ်လေးလုံးအရေးတော်ပုံကို ကြုံခဲ့ရခြင်းဖြစ်ရာ ကလေးငယ်တစ်ဦးအနေဖြင့် ‘ဒို့ အရေး’ အော်နေသည်ကို များစွာသဘောကျသည်။ ပျော်သည်ဟု ဆိုသည်။ သို့ သော် အမေဖြစ်သူက မသွားရဟု ဆိုသဖြင့် သူများချီတက်သွားသည်ကို ငေးနေခဲ့ရသည်ဟု ပြန်ပြောပြသည်။
အခုအချိန်မှာ သူမရင်ထဲက ဆန္ဒတချို့ကို ပြောပြတာကတော့ “ကျမ အဖြစ်ချင်ဆုံးကတော့ ကိုယ့်တိုင်းပြည်မှာ မိသားစု စုံစုံလင်လင်နဲ့ နွေးနွေးထွေးထွေး နေခွင့်ရတဲ့ ဘ၀တွေကို လိုချင်တယ်။ ဒီတိုင်းပြည်မှာ ဘယ်လောက်ပဲ ကြာအောင်နေနေ၊ ဘယ်လိုပဲ ကောင်းတာတွေ စားရစားရ၊ မြင်ရမြင်ရ ၀တ်ရ၀တ်ရ ကိုယ့်တိုင်းပြည်လောက် စိတ်မပျော်ဘူးလေ။ ကိုယ့်တိုင်းပြည်မှာ ဒီတိုင်းပြည်လိုမျိုး ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာရှိတဲ့ဘ၀ကို ကျမလိုချင်တယ်”ဟု ဆိုသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများထဲတွင် လူသိနည်းသောသူများမှာ လက်မှုပညာသည်များ ဖြစ်သည်။ သူတို့သည် များသောအားဖြင့် တပိုင်တနိုင် ကိုယ်ပိုင်လုပ်ကြသည်က များသည်။ ယင်းတို့အထဲမှ ဖယောင်း ပန်းထိမ်လုပ်ငန်းကို လုပ်နေသူ ကိုစိုင်းမောင်ဌေး ကလည်း သူ့ အမြင်ကိုပြောသည်မှာ “လူဖြစ်လာပြီး လူလိုအဆင့်အတန်းမျိုး မနေရတဲ့ ဘ၀ကို စိတ်မကောင်းပါဘူးဗျာ။ ကျနော့်ဆန္ဒကတော့ ကျနော်တို့လည်း သူများတိုင်းပြည်ကလူတွေလို လွတ်လွတ်လပ်လပ် လူတွေရတဲ့အခွင့်အရေးမျိုး ရချင်တယ်။ အခုတော့ သူတပါးတိုင်းပြည်မှာ ကျွန်နဲ့မခြားတဲ့ ဘ၀မျိုးနဲ့ နေနေရတယ်”ဟု ပြောသည်။
ရှစ်လေးလုံး အရေးတော်ပုံကာလက အတက်ကြွဆုံးစာရင်းဝင် မြို့တစ်မြို့ ဖြစ်သော မိုးကုတ်မြို့သည် သူ၏ မွေးရာဇာတိဖြစ်သည်။ မိုးကုတ်မြို့သည် ကျောက်တူးခြင်းလုပ်ငန်းဖြင့် အသက်မွေးသောမြို့ဖြစ်ရာ မဆလ လက်ပါးစေ ရဲများ စစ်သားများက နည်းမျိုးစုံဖြင့် အနှောင့်အယှက်ပေးခြင်း၊ ဖမ်းဆီးထောင်ချခြင်း၊ လက်လွတ်စပယ် ပစ်သတ်ခြင်းများကို မကြာခဏ ပြုလုပ်သဖြင့် မိုးကုတ်သူ မိုးကုတ်သားများက စစ်နှင့်ရဲကို အထူး နာကြည်း မုန်းတီးကြသည်ဟု ဆိုသည်။ ရှစ်လေးလုံး အရေးတော်ပုံကာလတွင် တမြို့လုံး ‘လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်’ ဟုဆိုရလောက်အောင် ပါဝင်ဆန္ဒပြခဲ့ကြသည်။ သူ့ရင်ထဲတွင် မမေ့နိုင်ဆုံးအရာကတော့ အာဏာသိမ်းသောနေ့ ညနေပိုင်းက သူ့ မျက်စိရှေ့တွင် မိုးကုတ်မှ ကျောင်းသားခေါင်းဆောင် သန်းဝင်း သေနတ်မှန် ကျဆုံးသွားရပုံဖြစ်သည်။ သူ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သလို မိုးကုတ်မြို့၏ ရှစ်လေးလုံး သူရဲကောင်းလည်း ဖြစ်သည်။
လွန်ခဲ့သော ၂၁ နှစ်က ဤအချိန်ဤကာလတွင် မဆလ အစိုးရအား တတိုင်းပြည်လုံး အုံးအုံးကြွက်ကြွက် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ တိုင်းသူပြည်သား ရဟန်းရှင်လူများကလည်း ဒီမိုကရေစီပန်းတိုင်ကို တထစ်ချ အောင်ပွဲဆင်တော့မည်ဟု မမှိတ်မသုန် ယုံကြည်ခဲ့ကြသည်။
ထို့ကြောင့် အရွယ်မရွေး ရဟန်းရှင်လူအားလုံး တတိုင်းတပြည်လုံး ပါဝင်ခဲ့သောကြောင့် ကမ္ဘာတွင်ပင် ထင်ပေါ်ခဲ့သော ဒီမိုကရေစီ တောင်းဆိုပွဲတရပ်ဖြစ်ခဲ့သည်။ သို့သော်လည်း ကျနော်တို့မှာ ယနေ့တိုင် ပန်းတိုင်သို့ မရောက်နိုင်သေးသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ ။
< Prev | Next > |
---|