စစ်အစိုးရက ရန်ကုန်ကို ပစ်ထားခဲ့ချေပြီ။ လမ်းမများက အပေါက်အပြဲအပြည့်၊ အမှိုက်များက တောင်လိုပုံနေပြီး လျှပ်စစ်မီး က လာတချက်၊ မလာတချက်၊ မြောင်းပုပ်ရေများက လမ်းမပေါ် လျှံကျလာသည်။
မီးပွိုင့်များကလည်း ပျက်စီးချွတ်ယွင်း လျှက် ရှိနေပေပြီ။ကျနော့်အိမ်ရှေ့က ၀ုန်းဒိုင်းကွဲရှသံများကြောင့် မနက်ကြီး ၆ နာရီတွင် နိုးလာခဲ့ရသည်။ နံနက်လင်းအားကြီးတွင် ကားတိုက် မှု ဖြစ်ပြန်လေပြီ။
ကျနော်က ပြူတင်းပေါက်ကို အသာဖွင့်ကြည့်လိုက်စဉ် ကားများရှင်းနေသည့် လမ်းမကြီးပေါ်တွင် ကားနှစ်စင်းတိုက်မိထား သည်ကို မြင်ရသည်။ ကားများ ရှုပ်မနေပါဘဲနှင့် မည်သည့်အတွက်ကြောင့် ကားတိုက်မှု ဖြစ်ရလေသနည်း။
ကျနော်က ကင်မရာတဖက်၊ မှတ်စုစာအုပ်တဖက်ဆွဲ၍ အခင်းဖြစ်ပွားရာနေရာသို့ ပြေးဆင်းလာခဲ့သည်။ ကံကောင်း ထောက်မ၍ မည်သူတဦးတယောက်မျှ ဒဏ်ရာရသည်ကို မတွေ့ရပေ။
ကားနှစ်စင်းက လမ်းမကြီးအလယ်တွင်တိုက်မိထားကြခြင်း ဖြစ်သည်။ ကားမောင်းသူ နှစ်ဦးစလုံးကလည်း ရှက်နေသည့်ပုံ ပေါ်သည်။ အကယ်၍ သူတို့ကားနှစ်စင်းသာလမ်းကြောမှန်အတိုင်းရှိနေပါက ကားတိုက်မှုလည်း ဖြစ်စရာအကြောင်းမရှိပေ။
"မေးကြည့်ပါဦး" အသက်ကြီးကြီး ရပ်ကြည့်နေသူတဦးက တိုက်တွန်းသည်။ "ဒီလောက်ရူးတဲ့လူတွေ လမ်းမလယ်ခေါင်ကြီး ကားမောင်းရတယ်လို့"ဟု လည်း ဆိုသည်။
"ကျနော်က လမ်းဟိုဘက်အခြမ်းက ချိုင့်ခွက်ကို ရှောင်မောင်းလိုက်တာပါ"ဟု ကားမောင်းသူတဦးက ပြောသည်။
အခြား ကားမောင်းသူတဦးကလည်း သူလည်း အပြစ်ကင်းလေဟန် အလားတူအဖြေကိုပင် ပေးသည်။ ကျနော်တို့ကြည့် လိုက်သော အခါ သူတို့နှစ်ဦးစကားကလည်း မှန်နေပြန်သည်။ ကားလမ်း၏နှစ်ဘက်ခြမ်းစလုံးတွင် ချိုင့်ခွက်ကြီးများဖြင့် ပြည့်နေသည်။ မည်သူ့ကို အပြစ်ပုံရပါမည်နည်း။
"ကျနော်တော့ ယာဉ်ထိန်းရဲမတွေ့ခင် သွားပြီ"ဟု ကားမောင်းသူတဦးက ပြောသည်။
"ဒီလမ်းကိုလည်း ကြည့်ပါဦး"ဟု ကျနော့် အိမ်နီးချင်းတဦးက လက်ညှိုးထိုး၍ ညည်းညူပြောသည်။ "ကတ္တရာလမ်းခင်းထား တယ်လို့တောင် ပြောရင်ယုံမှာ မဟုတ်တော့ဘူး။ ဒီလမ်းကို ပစ်ထားလိုက်တာ ဘယ်လောက်ကြာပြီလဲ"ဟု သူက ဆက် ပြောသည်။
ကျနော်က ဓာတ်ပုံရိုက်ယူရန် ကင်မရာကို 'အွန်' လိုက်သည်။ ပွင့်မလာ။ ဘက်ထရီက ကုန်နေပြန်သည်။ ကျနော်က လွန်ခဲ့သည့်ညကတည်းက ကင်မရာဘက်ထရီအားဖြည့်ရန် ပလပ်ပေါက်ထဲ တပ်ထားခဲ့သေးသည်။ သို့သော် လည်း မီးအားက တညလုံးအားပြည့်သည့်ဟန် မရှိပေ။
စစ်အစိုးရက မြန်မာနိုင်ငံအလယ်ပိုင်းရှိ နေပြည်တော်သို့ မြို့တော်ကို လွန်ခဲ့သည့် ၃ နှစ်ခန့်က ပြောင်းရွှေ့ခဲ့ချိန်မှစ၍ ယခင် မြို့တော်ကြီး ရန်ကုန်ရှိ မြို့သူမြို့သားများမှာ သူတို့မြို့ကြီးယုတ်လျော့ကျဆင်းလာနေသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်နေ ခဲ့ကြရသည်။ စစ်အစိုးရက လျစ်လျူရှုထားမှုကြောင့် မြို့ဟောင်းကြီးပမာ ပို၍ ယိုယွင်းပျက်စီးလာနေခဲ့သည်။
လမ်းများက မကောင်းသလို၊ လျှပ်စစ်ကလည်း မည်သည့်အခါမျှ အားပြည့်လာသည်ဟူ၍ မရှိ။ ပြတ်တလှည့် လာတလှည့် ကြုံနေခဲ့ရပြီး အမှိုက်များက တောင်လိုပုံလာခဲ့သည်။ ရေဆိုးမြောင်းများကလည်း အညစ်အကြေးများဖြင့် ပိတ်ဆို့နေပြီး လမ်းမများပေါ် ရေလျှံကျဆင်းလာတတ်သေးသည်။ မီးပွိုင့်များကလည်း ပျက်စီးချွတ်ယွင်းလျက် ရှိခြေပြီ။
"အစပိုင်းမှာတော့ (နေပြည်တော်သို့ မြို့တော်ပြောင်းရွှေ့စဉ်က) အစိုးရက ကျနော်တို့ဘ၀တွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာ ခံရတော့မှာ မဟုတ်တော့ဘူး။ သက်သာရာ ရကောင်းရဲ့လို့ ယူဆခဲ့ကြတယ်"ဟု ရန်ကုန်မြို့နေ တဦးက ထို အချိန်က လူအများခံစားနေခဲ့ကြရသည့် အခြေအနေကို ခြုံငုံ၍ ပြောသည်။
"ခင်ဗျား သိတဲ့အတိုင်းပဲ။ ကျနော်တို့က စစ်သားတွေ နည်းနည်းပဲ မြင်ရရင် ပိုကောင်းတော့မယ် ထင်ခဲ့ကြတယ်။ ဒါပေမယ့် နောက်ပိုင်းသိလာတာက ကျနော်တို့ကို လုံးဝ စွန့်ပစ်ထားပြီး သွားကြတာပဲ၊ အခြေအနေက ပိုဆိုးလာတယ်"ဟု သူက ဆို သည်။
နေပြည်တော်သို့ အလည်ရောက်ခဲ့သူ အားလုံးလိုလိုက ချက်ချင်းသတိပြုမိကြသည်မှာ ရန်ကုန်နှင့် မြို့တော်သစ်နှိုင်းစာလျှင် လမ်းမများ၊ တံတားများ၊ ရေမြောင်းများနှင့် လျှပ်စစ်မီး ရရှိမှုက တုမနှိုင်းသာ ကွာခြားနေခြင်းပင် ဖြစ်သည်။
နေပြည်တော်ရှိ လမ်းများက ကျယ်ပြန့်ပြီး ချောမွေ့နေသည်။ ညအချိန်တွင်လည်း လျှပ်စစ်မီးက အချိန်ပြည့်ရနေသေးသည်။ ရေမြောင်းများမှ ရေဆိုးများ လျှံကျနေသည်လည်းမရှိ။ ယခုမြို့တော်သစ်တွင် ယခင်ရန်ကုန်တွင်ရှိခဲ့ဖူးသော ထိရောက်ထက် မြက်သည့် အုပ်ချုပ်မှုပုံစံများ အားလုံးတွေ့နေကြရသည်။
"အစိုးရက မိုးရာသီရောက်လာတဲ့အခါ တနေ့ကို ၂၄ နာရီမီးရစေရမယ်လို့ ကတိပေးခဲ့ တယ်။ ရေအားလျှပ်စစ်စက်ရုံတွေ အတွက် နွေရာသီထက်စာရင် မိုးကာလမှာ ရေပိုမိုသိုလှောင်ထားနိုင်မယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီကတိအတိုင်း မမြင်ကြရသေးပါဘူး"ဟု ရန်ကုန်မြို့သားတဦးက ပြောသည်။
မီးပျက်မှုက အကြီးအကျယ် ဖြစ်ပွားနေသည့်အတွက် ရန်ကုန်မြို့တွင်းရှိ ပုဂ္ဂလိကလုပ်ငန်းများက သူတို့အလုပ်ချိန်အတွင်း ကိုယ်ပိုင်မီးစက်များ အသုံးချနေကြရသည်။ မည်သည့်နေရာသွားသွား ဓာတ်ဆီဖြင့်မောင်းသည့် မီးစက်အင်ဂျင်ခုတ်သံ တဂျုံးဂျုံးကို ကြားနေကြရသည်။
လူအများစုကလည်း သူတို့ ချက်ပြုတ်သည့်အချိန်ကို မီးလာသည့်အချိန်နှင့် ချိန်ကိုက်၍ ပြောင်းရွှေ့လုပ်ဆောင်နေကြရ သည်။ တချို့က ညသန်းခေါင် ထ၍ နောက်တနေ့အတွက် ချက်ပြုတ်ကြရသည်။
အိမ်ရှင်မများက မီးပျက်သည့် အခြေအနေကို ရုန်းကန်ရင်ဆိုင်နေရချိန်၌ လမ်းသွားလမ်းလာများနှင့် ဘတ်စ်ကား ဒရိုင်ဘာ များကလည်း လမ်းဆုံလမ်းခွများရှိ မီးပွိုင့်အပျက်များ၊ လမ်းမပေါ်ရှိ ချိုင့်ခွက်များ ဘေးအန္တရာယ်မှ သတိကြီးကြီးထား ရှောင် ရှားနေကြရသေးသည်။
"ယာဉ်အန္တရာယ်ကင်းအောင်တော့ ခင်ဗျားမျက်လုံးက အကောင်းဆုံးလမ်းညွှန်ပဲ"ဟု ကားမောင်းသူ တဦးကပြောသည်။ တခါ တရံ မီးလာသည့်တိုင် မီးပွိုင့်က အစိမ်းနှင့် အနီ အရောင်နှစ်မျိုးစလုံးကို တပြိုင်နက်ပြနေသည့်အတွက် အခက်တွေ့ရ သေးကြောင်း သူက ပြောသည်။
"ကျနော်တို့ ထင်တာက မိုးရာသီရောက်ရင်တော့ အခုမီးပြတ်နေတာတွေ ကောင်းသွားမယ် ထင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ရေကြီးတာသာ ကြုံရတယ်။ မီး ၂၄ နာရီရဖို့တော့ ဖြစ်မလာဘူး"ဟု မြို့နေလူတဦးက ပြောပြန်သည်။
မိုးရာသီက ဇွန်လတွင်စ၍ အောက်တိုဘာလတွင် ကုန်ဆုံးသည်။ မိုးရွာသည့်အခါ မိုးရေများ ပြည့်လျှံနေသည့်အတွက် ကြောင့် ရန်ကုန်မြို့ပေါ်ရှိ လမ်းအများမှာ နာရီအတန်ကြာ ကားများမသွားနိုင်ဘဲ ဖြစ်နေကြရပြန်သည်။ လူဆင်းရဲအများစု သုံးလေ့ရှိကြသည့် မြို့ပတ်ရထားများမှာလည်း လမ်းများပေါ် ရေကျော်နေသောကြောင့် မကြာခဏဆိုသလို အချိန်ဇယား ပြောင်းကြရသေးသည်။
သက်ကြီးပိုင်း မြို့နေလူတဦး၏ အဆိုအရ ယခင်မြို့တော်ဟောင်းရန်ကုန်တွင် ယခင်အတိတ်က ယခုလို ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရခြင်း မရှိဟု ဆိုသည်။ ရေနှင့် မိလ္လာပိုက်များက ပုံမှန် စနစ်တကျ အလုပ်ဖြစ်နေခဲ့သည်။
မည်သို့ဖြစ်စေ ယခုအခါ ရန်ကုန်မြို့ကြီး၏ အခြေခံ အဆောက်အဦလုပ်ငန်းများအတွက် တာဝန်ရှိနေသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီအပေါ်မြို့နေလူထုအများက ချစ်ခြင်း မုန်းခြင်းမရှိတော့။စိတ်ကုန်လက်လျှော့ထားလိုက်ကြပြီ ဖြစ်သည်။
ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းနှင့် အပတ်စဉ်ထုတ်ဂျာနယ်တစောင်က မကြာသေးမီက တွေ့ဆုံမေးမြန်း ခဲ့ရာတွင် မိုးကာလအတွင်း ရန်ကုန်လမ်းများအပေါ် ရေလွှမ်းသည်မှာ ဖြစ်နေကြကိစ္စမဟုတ်ဟု ဖြေကြားခဲ့သည်။ ဖတ်ရသူ ရန်ကုန်သားအများစုကတော့ မယုံကြည်မှုအပြည့်ဖြင့် ခေါင်းကို ခါယမ်းမိကြတော့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မီတီ (YCDC) ၀န်ထမ်းများက မြို့၏ ရေမြောင်းများနှင့် မိလ္လာစနစ်ကို သူတို့ အကောင်းဆုံး၊ အစွမ်းနိုင်ဆုံး ထိန်းသိမ်းနေကြသည်ဟု ပြောသည်။ သို့သော်လည်း မြို့နေလူထုအများစုက ပူးပေါင်း ဆောင်ရွက်မှု မရှိကြ၊ ရေမြောင်းများ၊ အပေါက်များအတွင်းသို့ အမှိုက်များကို ထင်သလိုသွန်ချနေကြသည်၊ သို့အတွက် ကြောင့် ရေမြောင်းများ ပိတ်ဆို့ရသည်ဟု ဆိုသည်။
ရန်ကုန်မြို့နေလူထုက စောဒကတက်ကြရာတွင် ရန်ကုန်စည်ပင်က အရေးကြီးပုဂ္ဂိုလ်များ၏ ရပ်ကွက်များတွင်သာ ဦးစားပေးလုပ်ဆောင်နေသည်။ ဆင်းရဲသားရပ်ကွက်များနှင့် ဆင်ခြေဖုန်းဒေသများကို လျစ်လျူရှုထားသည်။ ယခင် ယိုယွင်းပျက်စီးနေသည့် အခြေအနေမှ မပြင်၍ ပိုဆိုးရွားလာခြေပြီဟု ဆိုကြသည်။
စွန့်ပစ်လျစ်လျူရှုထားသည့် အခြေအနေကို အမြင်သာဆုံးမှာ ရန်ကုန်မြို့ရှိ ပလက်ဖောင်းများ ဖြစ်သည်။ မြင်မကောင်း အောင်ပျက်စီးယိုယွင်းနေပြီး အများစုမှာ လမ်းလျှောက်၍ မရနိုင်အောင် ဖြစ်နေကြသည်။ လူအများက လမ်းပေါ်ဆင်း လျှောက်နေကြရပြီး၊ ချိုင့်ခွက်များ ရှောင်တိမ်းမောင်းနှင်လာသော ကားနှင့် အတိုက်ခံရနိုင်သည့် အန္တရာယ်လည်း ရှိနေ သေး သည်။
ရာဇ၀တ်မှုများ ပိုမိုတိုးများလာသည့်အတွက်ကြောင့် မြို့နေလူထုအတွက် ပို၍ စိတ်ဖိစီးစရာ အကြောင်း ဖြစ်လာစေ သည်။ လုံခြုံရေးလျော့လျည်းလာသည့်အတွက် လုယက်မှုများ သိသိသာသာ တိုးပွားများပြားလာသည်ဟု ဆိုသည်။
"ရာဇ၀တ်မှု အများစုရဲ့ အဓိကအကြောင်းအရင်းကတော့ ဆင်းရဲမွဲတေမှုပဲ"ဟု သက်ကြီး မြို့လူထုတဦးက ဝေဖန်မှတ်ချက်ချ သည်။ "လူတွေက စားစရာမရှိတော့၊ သူတို့ကျန်းမာရေးအတွက် သုံးစရာငွေမရှိတော့ လုယက်တာ၊ ရာဇ၀တ်မှုကျူးလွန် တာတွေ ဖြစ်လာမှာပဲ။ ပြဿနာက ဆင်းရဲနေတဲ့မြို့ကြီးမှာ ခင်ဗျားမိသားစုကို လုံခြုံအောင် စောင့်ရှောက်ထားနိုင်ဖို့ပဲ"ဟု လည်း သူက ပြောသည်။
ရန်ကုန်မြို့လူထုက အခက်အခဲများ တင်းကြမ်းပြည့် ရင်ဆိုင်နေရသည့်အပေါ် တဦးနှင့် တဦး သည်းညည်းခံနိုင်စိတ်လည်း နည်းပါးလာကြသည်။ မိမိကိုယ်ကို လုံခြုံရေးအတွက် ပို၍ ကာကွယ်လာနေကြသလို၊ ကြောက်ရွံ့စိတ်လည်း ပို၍ကြီးထွား လာနေသည်။
သက်ကြီးပိုင်း အမျိုးသမီးကြီးတဦးက ပြောပြရာတွင် ရန်ကုန်က အဆိုးရွားဆုံး အခြေအနေ ရောက်နေပြီဟု ဆိုသည်။ သို့တိုင်အောင် အစိုးရက လူအများပြောဆို၊ ပြုမူနေကြသည်ကို လျစ်လျူရှုထားသည်ဟုလည်း ဆိုသည်။
"ရှင်.. ကျမ ပြောတာ မယုံကြည်ဘူးဆိုပါတော့၊ ရွှေတိဂုံဘုရားပေါ်တက်လိုက်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ ရေး အကျဉ်းသားတွေ ကျန်းမာပျော်ရွှင်ကြပါစေ။ မကြာခင် ပြန်လွတ်မြောက်ကြပါစေ လို့သာ အသံကျယ်ကျယ်နဲ့ ဆု တောင်းကြည့်"ဟု သူက ဆက်ပြောသည်။ "ကျမတို့ လုံခြုံရေးကို နည်းနည်းမှ ဂရုစိုက်မပေးပေမယ့် ကျမတို့ကို အာဏာပိုင် တွေက ဘယ်လောက်အထိ အနီးကပ်စောင့်ကြည့်နေတယ်ဆိုတာ သဘောပေါက်သွားမယ်" ဟု မကျေမချမ်း ပြောဆိုခဲ့ လေသည်။
၂၀၀၉ ခုနှစ် သြဂုတ်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ ဝေဆန်းရေးသားသည့် Left to Rot ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။
< Prev | Next > |
---|