“ငွေ” သို့မဟုတ် ပါတီသစ်တွေ အတွက် အကြီးမားဆုံး စိန်ခေါ်မှု

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် မြန်မာ့ နိုင်ငံရေး မြင်ကွင်းဟာ တဖြည်းဖြည်း ပုံသဏ္ဌာန် ပြောင်းလျက် ရှိပါတယ်။ နိုင်ငံရေး ပါတီအသစ် တွေက ရွေးကောက်ပွဲ ၀င်ဖို့ မှတ်ပုံ တင်နေကြသလို ပါတီဟောင်း တွေကတော့ နိုင်ငံရေး ဇာတ်ခုံက ကွယ်ပျောက်စ ပြုနေပါပြီ။

တည်ဆဲ နိုင်ငံရေးပါတီ ၁၀ ခု အနက် ၄ ခုကပဲ နိုင်ငံရေးပါတီ အဖြစ် ပြန်လည် မှတ်ပုံ တင်ခဲ့ကြပါသေးတယ်။

အခုအချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ပြီးတဲ့ နိုင်ငံရေးပါတီ ၂၅ ခု ရှိပါပြီ။ အဲ့ဒီ အထဲက ၁၅ ခုဟာ တိုင်းရင်းသား ပါတီတွေ ဖြစ်ပါတယ်။

နိုင်ငံရေး ပါတီ အသစ် အများစု ကနဦး ကြုံတွေ့ရမှာကတော့ ပါတီ ယန္တရား တည်ဆောက်ဖို့၊ ကိုယ်စားလှယ်လောင်း ကြေး ပေးသွင်းဖို့နဲ့  ပါတီ မဲဆွယ် စည်းရုံးရေး စရိတ်တွေအတွက် ပါတီ ရံပုံငွေ ထူထောင်ရေးနဲ့ အခြား လိုအပ်ချက်တွေ ဖြည့်ဆည်းရေး လုပ်ငန်း တာဝန်တွေပဲ ဖြစ်ပါတယ်။ တချို့ နိုင်ငံရေး ပါတီတွေ အနေနဲ့ တနိုင်ငံလုံးမှာ ကျယ်ကျယ် ပြန့်ပြန့် မဲဆွယ် စည်းရုံးမယ့် အစီအစဉ်တွေ ရှိတာမို့ ကုန်ကျမှုတွေ ပိုများမှာပါ။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ ၀င်မယ်လို့ ကြွေးကြော်နေကြပေမယ့် တချို့ နိုင်ငံရေး ပါတီတွေမှာ လိုအပ်တဲ့ ပါတီရံပုံငွေ ထူထောင်ဖို့ စနစ်ကျတဲ့ အစီအစဉ် မရှိသေးတာကို တွေ့ရပါတယ်။ တချို့ဆိုရင် မဲဆန္ဒနယ် အကန့် အသတ် နဲ့ ယှဉ်ပြိုင်ဖို့တောင် ရံပုံငွေ အခက်အခဲ ရှိတယ်လို့ ထုတ်ဖော် ပြောဆိုကြပါတယ်။

ဒီလို ပြောဆိုကြတဲ့ ပါတီတွေကတော့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ (UDP)၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ ချုပ် (NPA)၊ ဒီမိုကရက်တစ် ပါတီ (မြန်မာနိုင်ငံ) (Democratic Party – Myanmar)၊ မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ (PDP) နဲ့ ၀ံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ) (Wuthanu NLD - the Union of Myanmar) တွေပဲ ဖြစ်ပါတယ်။

“တချို့ စီးပွားရေး လုပ်ငန်းရှင်တွေ ကျနော်တို့ ပါတီကို ငွေလှူချင်မှန်း ကျနော်တို့ သိပါတယ်။ ဒါပေမဲ့ သူတို့က နိုင်ငံရေး ပါတီနဲ့ အဆက်အသွယ် လုပ်ဖို့ လန့်နေကြတယ်ဗျ” လို့ UDP ခေါင်းဆောင် အသက် ၈၈ နှစ် အရွယ် ရှမ်း နိုင်ငံရေးသမား ဦးရွှေအုံး က ဧရာဝတီကို ပြောပါတယ်။ “ငွေကြေး အခြေ အနေ အရ မဲဆန္ဒနယ် ဘယ်နှစ်ခုမှာ ကျနော်တို့ ၀င်ပြိုင်မယ် ဆိုတာကို အခုပြောဖို့ အခက်အခဲ ရှိပါတယ်” လို့လည်း သူက ဆိုပါတယ်။

ရွေးကောက်ပွဲ ဥပဒေ အရ ပါတီ ရံပုံငွေအတွက် စီးပွားရေး လုပ်ငန်း ထူထောင်ခွင့် ရှိတာမို့ ၀င်ငွေ ရအောင် အဲ့ဒီလို လုပ်ငန်း မျိုးလုပ်ဖို့ အစီအစဉ် ရှိပါသလားလို့ မေးကြည့်တော့ “ကျနော်တို့ ဘယ်လိုပုံစံနဲ့ စီးပွားရေး လုပ်ငန်း လုပ်လို့ ရမလဲဗျာ၊ အရင်းအနှီးမှ မရှိတာ” လို့ သူက ဖြေပါတယ်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၁၅ မှာ နိုင်ငံရေး ပါတီတွေ အနေနဲ့ ပါတီ ရံပုံငွေ ထူထောင်နိုင်ဖို့ “ပြည်တွင်းရှိ နိုင်ငံသား တစ်ဦးချင်းက ဖြစ်စေ၊ အဖွဲ့အစည်း အလိုက် ဖြစ်စေ၊ နိုင်ငံသားပိုင် ကုမ္ပဏီ သို့မဟုတ် အစု အဖွဲ့က ဖြစ်စေ ၎င်းတို့ တရားဝင် ရရှိထားသော ငွေကြေး ပစ္စည်းများထဲမှ ပါတီသို့ လှူဒါန်း ထည့်ဝင်သည့် ငွေကြေး သို့မဟုတ် ပစ္စည်း” သို့မဟုတ် “ပါတီပိုင် စီးပွားရေး လုပ်ငန်းများမှ တရားဝင် ရရှိသောငွေနှင့် အမြတ်အစွန်း” ဆိုပြီး လုပ်နိုင်တဲ့ နည်းလမ်းတွေကို ခွင့်ပြုထားပါတယ်။

ပြီးခဲ့တဲ့ အနှစ် ၂၀ ကာလ အတွင်းက စစ်အာဏာရှင်တွေရဲ့ နိုင်ငံရေး အရ ဖိနှိပ်မှုတွေဟာ မြန်မာပြည် လူထု (အထူး အဖြင့် စီးပွားရေး လုပ်ငန်းရှင်တွေ) အတွက် အိပ်မက်ဆိုး သဖွယ် ရှိနေဆဲပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကို ထောက်ခံတဲ့ စီးပွားရေး လုပ်ငန်းတွေကို စစ်အစိုးရက အနှောင့် အယှက် ပေးတာ၊ ခြိမ်းခြောက်တာနဲ့ ဖျက်ဆီးပစ်တာတွေကို သူတို့ မျက်ဝါး ထင်ထင် ကြုံခဲ့ရလို့ပဲ ဖြစ်ပါတယ်။

မြန်မာ့ နိုင်ငံရေး အခြေအနေကို လေ့လာ စောင့်ကြည့်သူတွေကတော့ အခုလို ကြောက်စိတ်တွေ လူ့အဖွဲ့အစည်းမှာ နက်နက် ရှိုင်းရှိုင်း အမြစ် တွယ်နေသရွေ့ ပြည်သူလူထု အနေနဲ့ ငွေကြေး လှူဒါန်းပြီး နိုင်ငံရေးမှာ ပါဝင် ပတ်သက်နိုင်အောင် သူတို့စိတ်ကို လုံးလုံး ပြောင်းပစ်ဖို့ အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။

အခြား တဘက်မှာလည်း တကယ်လို့ ငွေကြေးလှူဒါန်းမှုတွေ မရှိဘူး ဆိုရင် တချို့ နိုင်ငံရေး ပါတီတွေ အနေနဲ့ သူတို့ ပါတီ ဌာနချုပ်နဲ့ ရုံးခွဲတွေ ဖွင့်လှစ်ဖို့ ကုန်ကျစရိတ်တွေကို ကျခံနိုင်မှာ မဟုတ်ဘူးလို့ ဆိုရပါလိမ့်မယ်။

ဒါပေမဲ့ တချို့ ပါတီတွေကတော့ ဒီ အခက်အခဲတွေကနေ ဖောက်ထွက်နေကြပါပြီ။ “အစိုးရက နိုင်ငံရေး ပါတီတွေကို ငွေကြေး ထောက်ပံ့ဖို့ အစီအစဉ် ရှိတယ် ကြားတယ်၊ အစိုးရဆီကနေ ငွေကြေး အကူအညီ ရခဲ့သလားလို့ ပြည်မြန်မာ ဂျာနယ် သတင်းထောက် တယောက်က ကျနော့်ကို မကြာသေးခင်က မေးတယ်ဗျ” လို့ NPA  ခေါင်းဆောင် ဦးအုန်းလွင်က ပြောပါတယ်။ “ဒီလို အစီအစဉ် ရှိမရှိ တော့ ကျနော် မသိဘူး၊ ဒါပေမဲ့ ကျနော်တို့ ကိုယ့်ဘာသာကိုယ် ရံပုံငွေ ရှာနေတယ်။ မြေသြဇာ ဖြန့်ချိတဲ့ ကုမ္ပဏီတခုက ကျနော်တို့ ကို ထောက်ခံတယ်၊ မြစ်ဝကျွန်းပေါ် ဒေသမှာ မြေသြဇာ ဖြန့်ချိနိုင်ဖို့ အဲ့ဒီ ကုမ္ပဏီနဲ့ အရောင်း ကိုယ်စားလှယ် ရဖို့ ကျနော်တို့ စီစဉ်ထား တယ်။ အမြတ်ငွေက ပါတီ ရံပုံငွေ အတွက် ပေါ့ဗျာ” လို့ သူက ဆိုပါသေးတယ်။

PDP ပါတီဝင်တွေကတော့ သူတို့ အနေနဲ့ လျှော့ချလို့ ရတဲ့ နေရာတိုင်းမှာ အသုံးစရိတ် လျှော့ချနေတယ်လို့ ပြောပါတယ်။

“တိုင်းပြည်က ဆင်းရဲသလို ကျနော်တို့လည်း ဆင်းရဲတယ်ဗျ” လို့ ရန်ကုန် အခြေစိုက် PDP ပါတီ ဥက္ကဋ္ဌ ဦးညိုမင်းလွင်က ဆိုပါ တယ်။  “လက်ရှိ အခြေအနေကို သဘော မကျတာနဲ့ နိုင်ငံရေး စိတ်ဓာတ် တကယ်ရှိလို့ ကျနော်တို့ နိုင်ငံရေး ၀င်လုပ်တာ ဒါကြောင့် ကုန်ကျစ ရိတ်လျှော့တဲ့ အနေနဲ့ အစည်းအဝေး၊ ဆွေးနွေးပွဲနဲ့ သတင်း အချက် အလက် ဖလှယ်တာ စတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို အင်တာနက် နည်းပညာ သုံးပြီး ဆောင်ရွက်တယ်” လို့ သူက ရှင်းပြပါတယ်။

PDP အတွင်းရေးမှူး ဦးနေမျိုးဝေက ဘလော့တခု တည်ဆောက်ထားပြီး အဲ့ဒီ ဘလော့မှာ သူတို့ပါတီရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တင်ထားတယ်လို့ သိရပါတယ်။

PDP အနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ ၀င်မယ့် အကြောင်း၊ ဒါပေမဲ့ လက်ရှိမှာ ပါတီ ဌာနချုပ် ရုံးခန်း တခုပဲ   ရန်ကုန်မြို့ပြင်က ထောက်ကြံ့မှာ ရှိတဲ့ ဦးနေမျိုးဝေအိမ်မှာ ဖွင့်လှစ်ထားနိုင်သေးကြောင်း ဦးညိုမင်းလွင်က ပြောပြပါသေးတယ်။

တချိန်တည်းမှာပဲ စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ တခြား ၀န်ကြီး အယောက် ၂၀ ဟာ စစ်အစိုးရ ကျောထောက် နောက်ခံ နိုင်ငံရေး ပါတီသစ်မှာ ဦးဆောင်ပြီး ရွေးကောက်ပွဲ ၀င်ဖို့ အတွက် သူတို့ရဲ့ လက်ရှိ စစ်ဘက် ဆိုင်ရာ ရာထူးတွေကနေ နှုတ်ထွက်လိုက်ကြပါတယ်။

အဖွဲ့ဝင်အင်အား ၂၄ သန်းကျော် ရှိတယ်လို့ ကြွေးကြော်ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း  ဟာ စစ်အစိုးရက ဖွဲ့စည်းမယ့် နိုင်ငံရေး ပါတီသစ်ရဲ့ အမာခံ ကျောရိုး ဖြစ်လာပါလိမ့်မယ်။ ဒါ့ပြင် နိုင်ငံရေးပါတီတွေ အနေနဲ့ အစိုးရဆီက ငွေကြေး အကူအညီ လက်ခံလို့ မရဘူးလို့ ရွေးကောက်ပွဲ ဥပဒေက စည်းကမ်း သတ်မှတ်ထားပေမယ့် စစ်အစိုးရရဲ့ စီးပွားရေး လက်ရုံး ဖြစ်တဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် (UMEHL) ဟာ ဒီနိုင်ငံရေး ပါတီ အတွက် ငွေကြေး ထောက်ပံ့တဲ့ အဖွဲ့အစည်း  ဖြစ်လာနိုင်ချေ ရှိပါတယ်။

“၂၀၀၇ ခုနှစ်တွင် UMEHL ၌ ခွင့်ပြုသည့် ရင်းနှီးငွေ ပမာဏ ကျပ်သန်း ၄၀၀၀၀ ရှိပြီး အမှန် တကယ် သုံးစွဲခဲ့သည့် ရင်းနှီးငွေမှာ ကျပ်သန်း ၃၉၀၀၀ ရှိသည်” လို့ ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေတဲ့ “Building the Tatmadaw: Myanmar Armed Forces Since 1948” စာအုပ်မှာ စာရေးသူ မောင်အောင်မျိုးက ဖော်ပြခဲ့ပါတယ်။

အရင် အာဏာရ ပါတီ ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီကနေ အသွင် ပြောင်းထားတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) ကတော့ ငွေကြေး အရ ဒုတိယ အင်အား အကြီးဆုံး ပါတီ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မကြာသေးခင်က မေးမြန်းခန်း တခုမှာ တစည အလုပ် အမှုဆောင် ကော်မတီဝင် ဦးဟန်ရွှေက တစည အနေနဲ့ ကိုယ်စား လှယ်လောင်း ၂၀၀ကျော် ရွေးကောက်ပွဲ ၀င်နိုင်မယ်လို့ သူထင်တဲ့အကြောင်း၊ အဲ့ဒီ ကိုယ်စားလှယ်လောင်းတွေ အတွက် လိုအပ်မယ့် ကုန်ကျစရိတ်တွေလည်း သူ့ပါတီမှာ ရှိတဲ့အကြောင်း ပြောကြားသွားခဲ့ပါတယ်။

ကိုယ်စားလှယ်လောင်း တဦးဟာ ရွေးကောက်ပွဲ ၀င်ဖို့ ကိုယ်စားလှယ်လောင်းကြေး ၅ သိန်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒီငွေကို ရွေးကောက်ပွဲ ကော်မရှင်က ပြန်အမ်းမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် အတွက် ကော်မရှင်ကို သွင်းရမယ့် ငွေ ပမာဏ စုစုပေါင်းဟာ ကျပ် သန်း ၁၀၀ ကျော် ရှိမှာဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက မဲဆွယ် စည်းရုံးဖို့ အတွက် ငွေကြေးအခက် အခဲ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ NLD ပါတီကို ထောက်ခံသူတွေ အနေနဲ့လည်း စစ်အစိုးရက လက်တုံ့ပြန်မှာကို စိုးတဲ့အတွက် ပါတီကို ငွေ မလှူဒါန်းရဲခဲ့ကြပါဘူး။ NLD ပါတီ အဲ့ဒီလို အခက်အခဲတွေ ရှိနေချိန်မှာ ပါတီရဲ့ အဓိက ပြိုင်ဘက် ဖြစ်တဲ့ တစည ကတော့ အရင် ဆိုရှယ်လစ် အစိုးရပိုင် ယာဉ်တွေနဲ့ နေရာတွေကို မဲဆွယ် စည်းရုံးဖို့ အသုံးပြုခွင့် ရခဲ့ပါတယ်။

အခုတကြိမ် ရွေးကောက်ပွဲမှာ NLD က ပါဝင် ယှဉ်ပြိုင်မှာ မဟုတ်တဲ့ အတွက် စစ်အစိုးရ ကျောထောက် နောက်ခံ ပါတီတွေကို အင်နဲ့အားနဲ့ ယှဉ်ပြိုင်နိုင်မယ့် အတိုက်အခံပါတီ ရှိမှာ မဟုတ်တော့ပါဘူး။

ဒီအချက်ရယ် ပြီးတော့ စစ်အစိုးရ နောက်ခံ ပါတီတွေ၊ တခြား အလယ်အလတ် ပါတီတွေ နဲ့ ပါတီ အငယ်တွေ ကြားက ငွေကြေး အရင်း အမြစ် ကွာခြားချက်ရယ်ကို ပေါင်းလိုက်မယ် ဆိုရင် အခု ရွေးကောက်ပွဲဟာ စစ်အစိုးရ အလိုကျ ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ အသေအချာ ပြောနိုင်ပါလိမ့်မယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်