နာဂစ်ဒဏ်သင့် ဘုန်းတော်ကြီးကျောင်းများ ပြုပြင်ရေး ခက်ခဲနေဆဲ …

နာဂစ် မုန်တိုင်း တိုက်ပြီးစ ကတည်းက ယာယီတဲအဖြစ် ဆောက်ထားခဲ့သော ရွက်ဖျင်တဲကလေးမှာ ၆ လ ကျော် အကြာမှာတော့ ဘေးအကာများ စုတ်ပြဲကာ မိုးရွာလျှင်လည်း
ခေါင်တလျှောက်မှ မိုးရေများယိုစီးလျက် ရှိပေပြီ။
 
ထိုအမိုးအကာ မလုံမခြုံနှင့်အဖြစ်ဆောက်ထားသော တဲကလေးသည် သံဃာ ၃ပါးနှင့်ကိုရင်လေး ၁ ပါး သီတင်း သုံးရာ ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ခွဲ ၊ လွှစာကျေးရွာရှိ ယာယီဘုန်းကြီး ကျောင်းဆောင် တဆောင် ဖြစ်သည်။
 
"ဒီတဲထဲမှာပဲ ဘုန်းဘုန်းတွေ ၀ါဆိုခဲ့ကြတယ်၊ ဒါပေမယ့် ရေရှည် သာသနာရေးကိစ္စတွေဆောင်ရွက်ဖို့အတွက်ကတော့ ပြိုကျပျက်စီးသွားတဲ့ ဘုန်းကြီးကျောင်း ပြန်လည်တည်ဆောက်နိုင်ဖို့က အရေးကြီးပါတယ်"ဟု ဖြစ်သလို သီတင်းသုံးနေ ကြရသော ရဟန်းသံဃာတော်များ၏ အဖြစ်ကို စိတ်မသက်သာစွာဖြင့် လွှစာ ရွာသားတဦးက ပြောပြသည်။
 
ထိုလွှစာကျေးရွာအတွင်း နေထိုင်ကြသူများအနေနှင့် နာဂစ်မုန်တိုင်းကြောင့် ပြိုပျက်သွားသော ဘုန်းကြီးကျောင်းကို ပြန်လည် တည်ဆောက်လိုသော်လည်း ရွာအနေနှင့် ငွေရေးကြေးရေး မတတ်နိုင်ကြသောကြောင့် အလှူရှင် များကို စောင့်မျှော်နေရကြောင်း သူက ဆိုသည်။

"ကျနော်တို့ကတော့ ဘုန်းကြီးကျောင်းကို ဦးစားပေးပြီး ဆောက်စေချင်တာပါပဲ၊ ဒါပေမယ့် လာဆောက်ပေးတဲ့ ကုမ္ပဏီ တွေကို မေးတော့ ဘုန်းကြီးကျောင်းတွေက အစိုးရဆောက်ခိုင်းတဲ့အထဲမှာ မပါဘူး၊ ဆောက်ချင်ရင်တော့ စာတင်ပြီး ဆောက်ခွင့်ကျမှ ဆောက်ရမယ်တဲ့" ဟု အဆိုပါကျေးရွာမှ ရယက ဥက္ကဌ က ပြောသည်။

လွှစာကျေးရွာကဲ့သို့ပင် ပြင်စလူမြို့နယ်အတွင်းရှိ ကျားချောင်းကျေးရွာတွင်လည်း သံဃာများမှာ တ၀က်တပျက် ပြိုပျက် နေသော ဘုန်းကြီးကျောင်းထဲတွင် သီးတင်းသုံးနေရသကဲ့သို့ ရွေးကျေးရွာ၊ ရေတွင်းရေကန်ကျေးရွာ၊ သပြေချိုင်ကျေးရွာ၊ ကွင်းယား၊ အ၀ကားကျေးရွာစသည့် ကျေးရွာများအပြင် မော်လမြိုင်ကျွန်းမြို့နယ်ထဲမှရေတွင်း ကုန်းကျေးရွာ၊ ကန်စု ကျေးရွာ၊ မင်ဆယ်ကျေးရွာ၊ တဇောင်းကျေးရွာ တို့တွင်လည်းကောင်း ရဟန်းသံဃာများ သည် မြေခပြိုပျက်သွားသော ဘုန်းကြီးကျောင်းဘေး မြေကွက်လပ်တွင် ရွက်ဖျင်တဲကလေးထိုးပြီး  ဖြစ်သလို သတင်း သုံးကာ သာသနာရေးကိစ္စများကို ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။

နာဂစ်မုန်တိုင်းသင့်ဒေသများသို့ ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးလုပ်ငန်းများကို လက်ရှိအချိန်ထိ စောင်ရွက်ပေး လျက်ရှိ သော ပြည်တွင်းအဖွဲ့အစည်းတခုမှ စေတနာ့ ၀န်ထမ်းတဦး၏ ပြောပြချက်အရ လပွတ္တာခရိုင် မော်လမြိုင် ကျွန်းမြို့နယ် အတွင်း ကျေးရွာအုပ်စုပေါင်း ၁၀၁ စုရှိကြောင်း ထိုကျေးရွာများထဲမှ ပျက်စီးသွားသော  ဘုန်းကြီး ကျောင်းများမှာ ၉၉ ရာနှုန်းခန့်ရှိပြီး ယနေ့ထိ ၉၈ ရာနှုန်းခန့်မှာ ယာယီတဲထိုးကာ ဖြစ်သလို သီတင်းသုံးနေရ ကြောင်း၊ ပြင်စလူမြို့နယ်တွင် လည်း ကျေးရွာအုပ်စုပေါင်း ၁၈ အုပ်စုရှိရာ ရှိသမျှဘုန်းကြီးကျောင်း အားလုံး မြေပေါ် သို့ဘုန်းဘုန်းကျ ပြိုလဲပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိ ၉၉ ရာနှုန်းမှာ ဖြစ်သလို သီတင်းသုံးနေကြရကြောင်း၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ် ဒေသများမှ ဘုန်းကြီးကျောင်းများမှာလည်း ၉၈ ရာနှုန်း ကျော်  ပြိုလဲပျက်စီးခဲ့ ကြောင်း သိရှိရသည်။

နာဂစ်မုန်တိုင်းအပြီးး ၆ လတာ ကာလအတွင်း မုန်တိုင်းဒဏ်သင့်ဒေသများတွင် လူနေအိမ်များနှင့် စာသင် ကျောင်းများ ပြန်လည်တည်ဆောက်ရေးတွင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလစေတနာရှင်များ စသဖြင့် လူနေအိမ် ဆောက်လုပ်လှူဒါန်းလိုသူများကို အစိုးရမှ ဆောက်လုပ်လှူဒါန်း ခွင့်ပြုခဲ့သော်လည်း ဘုန်းကြီး ကျောင်းများ အသစ်ပြန် လည်တည်ဆောက်ရာတွင် လှူဒါန်းမည်ဆိုပါက သက်ဆိုင်ရာသို့ ခွင့်ပြုချက် တင်ရန်လိုအပ်ပြီး သက်ဆိုင်ရာမှ ခွင်ပြုမိန့် ကျမှသာ ဆောက်ရမည်ဟု အမိန့်ထုတ်ထားကြောင်း ကယ်ဆယ်ရေး ထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသော အဖွဲ့အစည်းတခုမှ စေတနာ့ဝန်ထမ်းတဦး၏ ပြောပြချက်အရ သိရပါသည်။

"ကျနော်တို့အဖွဲ့က မော်လမြိုင်ကျွန်းမြို့နယ်ထဲက ရွာတရွာမှာ ဘုန်းကြီးကျောင်းတကျောင်း ဆောက်ပြီးလှူဖို့ စီစဉ်ပြီးပါပြီ၊ စာတင်ရမယ်ဆိုလို့ စာတင်ထားတာလည်း ၄ လကျော်ပါပြီ သက်ဆိုင်ရာကခွင့်ပြုချက် မရသေးဘူး၊ လူနေအိမ်ဆောက်လှူဖို့က လွယ်ပေမယ့် ဘုန်းကြီးကျောင်းဆောက်ဖို့က မလွယ်ဘူးဖြစ်နေတယ် "ဟု သူက ဆို သည်။

လက်ရှိအနေအထားအရ ယခင်ကလို ရွာတရွာတွင် ဘုန်းကြီးကျောင်းတကျောင်းဖြစ်နိုင်သည့် အနေအထားမှာ အားနည်း သွားပြီး အစိုးရအနေနှင့်လည်း တချို့ဘုန်းကြီးကျောင်းများကို ပြန်ဆောက်ခွင့်မပေးတော့ကြောင်း၊ နာဂစ်ကြောင့် ကျောင်း ရော၊ ကျောင်းထိုင်ဘုန်းကြီးပါ ဆုံးရှုံးခဲ့ရသော ရွာများမှ ကျန်ရစ်သော သံဃာတချို့ နှင့် ကိုရင်တချို့ကိုလည်း သိက္ခာချ ခိုင်းပြီး လူဝတ်လဲခိုင်းသည်ကို တွေ့မြင်ရကြောင်း သူ၏ ပြောပြချက်အရ သိရှိရ သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် သံဃာတော်များဦးဆောင်သော လူထုဆန္ဒပြပွဲကြီး ပြီးကတည်းက အစိုးရအနေ နှင့် သံဃာဦးရေ တိုးပွားလာမည်ကို မလိုလားသောကြောင့် ခုလို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သူက သုံးသပ် ပြောဆိုသည်။

မေလ၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကာလအတွင်း ပြိုကျပျက်စီးခဲ့သော ဘုန်းကြီးကျောင်း ပေါင်း ၄ ထောင်နီးပါးရှိကြောင်း သာသနာရေး ၀န်ကြီးဌာနမှ စာရင်းများအရ သိရှိရပြီး ထိခိုက်ပျက်စီးမှု အများ ဆုံး မှာ ဧရာဝတီတိုင်းတွင် အများဆုံးဖြစ်ကြောင်း သိရှိရသည်။

သူ့အလှူရှင်နှင့်သူ ရှိသော ဘုန်းကြီးကျောင်းများနှင့် သာသနိက အဆောက်အအုံများမှာ ပြန်လည်ပြုပြင်ရန် အခက်အခဲ မရှိသော်လည်း အများစုမှာမူ အလှူရှင်၏ အကူအညီကို လိုအပ်နေဆဲဖြစ်ကြောင်း သာသနာရေး ၀န်ကြီးဌာနမှ ၀န်ထမ်း တဦးက ဆိုသည်။

ဧရာဝတီတိုင်းတွင် ပျက်စီးခဲ့ပြီး ပြင်ဆင်ရန်လိုအပ်သော  ဘုန်းကြီးကျောင်းပေါင်း ၁၁၆၃ ကျောင်း၊ ဘုန်းဘုန်းကျ မြေခ ပြိုကျပြီး အသစ်ပြန်ဆောက်ရန် လိုအပ်သော ဘုန်းကြီးကျောင်းမှာ ၇၃၆ ကျောင်း ရှိကြောင်း၊ ရန်ကုန်တိုင်း အတွင်းတွင် လည်း ၂၈၄ ကျောင်းမှာ ပြင်ဆင်ရန်လိုအပ်လျက်ရှိပြီး အသစ်ပြန်ဆောက်ရန် လိုအပ်သော ကျောင်း မှာ ၅၂ ကျောင်းရှိ ကြောင်း သာသာနာရေးဝန်ကြီးဌာနမှ စာရင်းများအရ သိရှိရသည်။

နာဂစ်မုန်တိုင်းကြောင့် စေတီ၊ဘုရားပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ ဘုန်းတော်ကြီးပညာသင်ကျောင်းများ ဓမ္မာရုံ များ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများနှင့် ဗလီများအပါအ၀င် သာသနိက အဆောက်အအုံ ပျက်စီးမှုမှာ စုစု ပေါင်း တန်ဖိုး ကျပ် ၁၅၀ ဘီလျံ အထိ ရှိကြောင်း အစိုးရ၊ အာဆီယံနှင့် ကုလသမဂ္ဂ သုံးပွင့်ဆိုင် စစ်တမ်းကောက် ယူခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ မုန်တိုင်းသင့်ဒေသများတွင် ခရစ်ယာန် ဘာသာဝင်များ ဘုရားကျောင်း တက်နိုင်ရေးအတွက် ဘုရား ကျောင်း အသစ်များကို ၄င်းတို့၏ ဒေသများတွင် တည်ဆောက်ပြီးဖြစ်သလို၊ မွတ်စလင် လူငယ်များ အသင်း ကလည်း ၄င်းတို့ ဒေသတွင်းမှ မွတ်စလင်ဘာသာဝင်များ အနေနှင့် သောကြာနေ့တိုင်း ၀တ်တက်နိုင်ရေးအတွက် ဘုရားကျောင်းအဆောက် အအုံသစ်များကို တည်ဆောက်လျက်ရှိပြီး လက်ရှိသောကြာနေ့တိုင်း ၀တ်တက်ရန် အတွက်လည်း ယာယီကျောင်း ဆောက်ပြီး ဖြစ်ကြောင်း အဆိုပါ ဒေသများမှ ဒေသခံတို့၏ ပြောပြချက်များအရ သိရှိရသည်။

"ခရစ်ယာန်တွေကလည်း သူတို့ဘုရားးရှိခိုးဖို့အတွက် ဘုရားကျောင်းတွေ ဆောက်ပြီးလို့ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်း တက်နေကြပြီ၊ ကျနော်တို့ရဲ့ဘုန်းကြီးကျောင်းတွေကတော့ ဘယ်တော့မှ ပြန်ဆောက်နိုင်ကြ မယ်မသိဘူး"ဟု ဧရာဝတီတိုင်း လပွတ္တာခရိုင် ပြင်စလူမြို့နယ် ကုန်းကြီးကျေးရွာသားတဦးက ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်