ပြဿနာကြားက ဓနသဟာယ အားကစားပွဲတော်

၁၉ ကြိမ်မြောက် ဓနသဟာယ အားကစားပွဲတော် ဖွင့်ပွဲလုပ်တဲ့ နယူးဒေလီ မြို့တော်က ဂျဝါလာနေရူး အားကစားရုံ ၀န်းကျင်မှာ ပရိသတ်က ခြေချစရာနေရာ မရှိလောက်အောင် ကြိတ်ကြိတ်တိုး စည်ကားနေတာကို တွေ့ရပါတယ်။

cwd01လုံခြုံရေး အထူး တင်းကျပ်ထားတဲ့ ဒီနေရာမှာသာမက မြို့တော်အနှံ့မှာပါ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်တွေ ရှိနေပြီး စစ်ရဟတ်ယာဉ်တွေကလည်း ကောင်းကင်မှာ မရပ်မနား ၀ဲပျံလို့နေပါတယ်။

အားကစားရုံ ၀န်းကျင်မှာတော့ လက်စ မသတ်ရသေးတဲ့ လူသွားစင်္ကြံနဲ့ အုတ်ခဲအပိုင်းအစတွေ၊ မစိမ်းလန်း နိုင်သေးတဲ့ စိုက်ပြီးခါစ အပင်လေးတွေ၊ မြေခဲ မြေစာတွေ ရှိနေပေမယ့် လူအုပ်ကြီးက ဒါတွေကို ဂရုမပြု အားကြဘဲ အားကစားရုံထဲကို ၀င်နိုင်ဖို့၊ ရဲတွေကလည်း လုံခြုံရေး လစ်ဟင်းမှု မရှိဖို့ကိုဘဲ အာရုံ စိုက်နေကြ ပါတယ်။

ပြီးခဲ့တဲ့ တပတ်ကတော့ အားကစားရုံနဲ့ ကားရပ်နားစခန်းကို ဆက်သွယ်တဲ့ တံတားကြီး ပြိုကျခဲ့လို့ ဒီနေရာဟာ အပျက်အစီး တပုံတပင်ကို ရှင်းလင်းနေတဲ့ စစ်သားတွေ၊ ကရိန်းကားကြီးတွေ၊ မီဒီယာသမားတွေနဲ့ ရှုပ်ယှက်ခတ်နေခဲ့တာပါ။

အလေးမ အားကစားရုံ မျက်နှာကျက် ပြိုကျတာ၊ နိုင်ငံတကာ အားကစားသမားတွေ တည်းခိုမယ့် အားကစားရွာမှာ အဆောက်အအုံတွေ တည်ဆောက်ရေး အပြီး မသတ်နိုင်သေးတာ၊ ရေ၀ပ်နေတာ၊ ကျူးကျော်တဲတွေနဲ့ မသပ်မယပ် ဖြစ်နေတာ၊ လမ်းဘေးခွေး၊ မျောက်ရိုင်း၊ မြွေ စတဲ့ သတ္တ၀ါတွေ ရှိနေတာ၊ မြို့တော် တ၀န်းက လမ်းတွေ၊ Connaught Place လို့ နာမည်ကြီးတဲ့ စီးပွားရေးအချက်အချာကျ အထင်ကရ နေရာ တွေကို အကြီးစား ပြင်ဆင်မှုတွေ မပြီးစီးနိုင်တာတွေကြောင့် တရုတ်ပြည်က အိုလံပစ်ပွဲထက် ခမ်းနား ကြီးကျယ်စေရမယ်လို့ ကြုံးဝါးထားတဲ့ အားကစားပွဲ ဖြစ်မြောက်ရေး ကော်မတီကို အဖွဲ့ဝင် နိုင်ငံတွေက ကဲ့ရဲ့ကြပါတယ်။

ဒီပွဲဟာ သြစတြေးလျ၊ အင်္ဂလန်၊ အိုင်ယာလန်၊ နယူးဇီလန်၊ ကနေဒါ၊ ဗဟားမား၊ တောင်အာဖရိက၊ ဂျမေကာ၊ နိုင်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ စင်္ကာပူ၊ မလေးရှား စတဲ့ ဓနသဟာယနိုင်ငံ ၅၀ ကျော်က အားကစားသမားတွေအတွက် ၄ နှစ်တကြိမ် ကျင်းပပေးတဲ့ အားကစားပြိုင်ပွဲကြီးပါ။

အိန္ဒိယကို ပထမဆုံး ရောက်လာခဲ့တဲ့ အင်္ဂလန်နိုင်ငံ အသင်းဟာ ကြယ်ငါးပွင့် ဟိုတယ် တခုမှာ တည်းခိုခဲ့ပြီး အားကစားရွာ အဆင်သင့်ဖြစ်မှ နေရာ ပြောင်းရွှေ့ခဲ့ရပါတယ်။

ဓနသဟာယ အားကစား ပြိုင်ပွဲ ကော်မတီ ဥက္ကဋ္ဌ မက်ခ်ဖန်နယ်လ် က ဒီလို မပြီးပြတ်သေးတဲ့ ပြင်ဆင်မှုတွေကို အားမရဘူးလို့ ဝေဖန်ခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံ တ၀န်းလုံး သွေးလွန်တုပ်ကွေး ရောဂါ ပြန့်ပွားနေတာကလည်း အားကစားသမား တချို့ ပြိုင်ပွဲကနေ နုတ်ထွက်စေတဲ့ ဖိအားတခုပါ။

အောက်တိုဘာ ၃ ရက်နေ့ကနေ ၁၅ ရက် အထိ ကျင်းပမယ့် ဒီပွဲတော်မှာ ကစားသမား ၇၀၀၀ ကျော်ဟာ ရေကူး၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဟော်ကီ၊ မြားပစ်၊ သေနတ်ပစ်၊ အလေးမ၊ နပန်း စတဲ့ အားကစား အမျိုးအစား ၃၀ ထက် မနည်းကို ယှဉ်ပြိုင်ကြမှာပါ။

cwd02ပွဲတော်အတွက် ပြင်ဆင်မှုတွေ အချိန်မီ မပြီးလို့ ပါလီမန်ထဲအထိ တင်ပြ ဖြေရှင်းခဲ့ရတဲ့ အချိန်မှာ BJP ပါတီ ခေါင်းဆောင် တဦးဖြစ်တဲ့ Mani Shankar Aiya က ကုန်ကျစရိတ် အမြောက်အမြား သုံးစွဲထားတဲ့ ဒီအားကစားပွဲသာ အောင်အောင် မြင်မြင် ဖြစ်သွားရင် တခြား အားကစားပွဲတော်ကြီးတွေ အိန္ဒိယမှာ ထပ်လုပ်လာမှာ ဖြစ်လို့ ဒီပွဲတော် မအောင်မြင်စေချင်ဘူးလို့ ဝေဖန် ပါတယ်။

“ဒီကုန်ကျစရိတ်တွေကို ကျနော်တို့ ကျောင်းသားတွေရဲ့ အားကစားအတွက် သုံးမယ်ဆိုရင် ကမ္ဘာ့ အားကစားပွဲတိုင်းမှာ အိန္ဒိယသားတွေ ဆုတံဆိပ် ဆွတ်ခူးကြမှာပဲ” လို့ သူက ပြောပါတယ်။

ပွဲတော်အတွက် ကုန်ကျစရိတ်ဟာ အိန္ဒိယ ရူပီး သန်းပေါင်း ၇ သိန်း (ဒေါ်လာ ၁၅. ၄၇ ဘီလီယံ) ရှိတယ်လို့ အိန္ဒိယ စီးပွားရေး မဂ္ဂဇင်းကြီး တစောင် ဖြစ်တဲ့ Business Today မှာ ဖော်ပြထားပြီး ဓနသဟာယ အားကစားပွဲတော် သမိုင်းမှာ အိန္ဒိယမှာလုပ်တဲ့ပွဲဟာ ကုန်ကျစရိတ် အကြီးမားဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၀၆ ခုနှစ် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ လုပ်ခဲ့တဲ့ ပွဲတော် ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၁. ၁၄ ဘီလီယံ ပဲ ရှိတယ်လို့ ဆိုပါတယ်။

ပွဲတော် ကျင်းပတဲ့ နေရာဝန်းကျင်က ကျူးကျော်တဲတွေကို ရွှေ့ပြောင်းလိုက်ပြီး အဲ့ဒီနေရာတွေက အပျက် အစီးတွေကို မမြင်ရအောင် ကြော်ငြာဆိုင်းဘုတ်ကြီးတွေနဲ့ ကာရံ ဖုံးကွယ်ထားတာ၊  သူတောင်းစားတွေ၊ လမ်းပေါ်မှာ လေလွင့် နေထိုင်သူတွေကို အဓမ္မ ဖိအားပေးပြီး  ရွှေ့ပြောင်းခိုင်းတာ၊ လမ်းပေါ် မထွက်ခိုင်းတာ စတဲ့ အချက်တွေက သန့်ရှင်းသပ်ရပ်ရေးနဲ့ တောင်းရမ်းစားသောက်သူတွေ ပပျောက်ရေးကို အမှန်တကယ် လုပ်ဆောင်တာ မဟုတ်ဘဲ ယာယီ ဖုံးကွယ်မှုပဲ ဖြစ်တယ်လို့လည်း အိန္ဒိယ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြ ဝေဖန်ကြပါတယ်။

ဒေလီမြို့တော်ဝန် ရှီလာဒစ်ရှစ်ကတော့ အစိုးရအနေနဲ့ မြို့တော် သပ်ရပ် သန့်ရှင်းအောင် လုပ်ပိုင်ခွင့် ရှိသလို လုပ်နေတာဖြစ်တယ် လို့ အိန္ဒိယ ရုပ်သံ တခုကနေ ပြန်တုံ့ပြန်ပါတယ်။

အိန္ဒိယ အစိုးရအတွက်တော့ ဒီလို ဝေဖန်မှုတွေ အပြင်  တခြား ခေါင်းခဲစရာတွေက အများအပြား ပါပဲ။

ဆယ်စုနှစ် ၂ ခု ကျော်ကြာ ဟိန္ဒူနဲ့ မွတ်စလင်တို့ အငြင်းပွားနေခဲ့တဲ့ အယုဒ္ဓယမြို့က ဘာသာရေး နယ်မြေ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ တရားစီရင်မှုအပေါ် မွတ်စလင်တွေရဲ့ မကျေနပ်မှုတွေကလည်း အားကစားပွဲရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေရုံသာမက ဘာသာရေး အဓိကရုဏ်း ထပ်ဖြစ်လာနိုင်တဲ့အတွက် အိန္ဒိယ အစိုးရအတွက် လတ်တလော စိုးရိမ်နေရတဲ့ ပြဿနာ တခုဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်တုန်းက အဲဒီနေရာမှာ ဟိန္ဒူ- မွတ်စလင် အဓိကရုဏ်း ဖြစ်ပွားပြီး လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ၁၆ ရာစု တုန်းက တည်ဆောက်ထားတဲ့ ဘာဘရီ ဗလီလည်း အဓိကရုဏ်းအတွင်း ဖြိုချခံရပါတယ်။ ဟိန္ဒူဘာသာဝင်တွေကတော့ အဲဒီနေရာဟာ သူတို့ရဲ့ နတ်ဘုရား “ရာမ” မွေးဖွားတဲ့ နေရာဖြစ်လို့ ဒီနယ်မြေကို သူတို့ ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၁၉၄၇ ကတည်းက ရှိနေခဲ့တဲ့ ဘာသာနှစ်ခုအကြား တင်းမာမှု ပိုများလာပြီး ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားနေတာ အခုချိန်ထိပါပဲ။

ဓနသဟာယ အားကစားပွဲ မစခင် ၃ ရက်လောက်အလိုမှာပဲ တရားရုံးက အငြင်းပွား မြေနေရာကို ၃ ပိုင်းခွဲပြီး “ရာမ” ကို ကိုးကွယ်တဲ့ ဟိန္ဒူတွေကို တပိုင်း၊ မွတ်စလင်တွေကို တပိုင်း၊ တခြားသော ဟိန္ဒူဘာသာဝင်တွေ ဖြစ်တဲ့ Nirmohi Akhara တွေက တပိုင်း ပိုင်ဆိုင်ကြစေဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဒီနေရာတွေကို ကာရံ သတ်မှတ်မှု လုပ်နေတဲ့ ၃ လတာ အတွင်း ဗလီကို ပိတ်ထားဖို့ အမိန့် ချထားပါတယ်။

cwd03အိန္ဒိယနဲ့ နယ်စပ်ဒေသအရေး အမြဲ ရန်စောင်လေ့ရှိတဲ့ ပါကစ္စတန်နိုင်ငံက သာသနာရေးဝန်ကြီး Hamid Saeed Kazmi က ဟိန္ဒူတွေအပေါ် ဘက်လိုက် ဆုံးဖြတ်တာပဲ ဆိုတဲ့ ရှုတ်ချမှုနဲ့အတူ မွတ်စလင်တွေအတွက် ပိုင်ဆိုင်မှုဟာ နည်းလွန်းတယ် ဆိုတဲ့ စောဒကတက်မှုတွေ၊ ဆုံးဖြတ်ချက်ဟာ မတရားလို့ မလိုက်နာနိုင်ဘူး ဆိုတာတွေအပြင်၊ အိန္ဒိယဟာ ဘာသာရေး ဘက်လိုက်တဲ့ ဟိန္ဒူနိုင်ငံဖြစ်လို့ ဆန္ဒပြတာတွေ လုပ်နေဦးမယ် ဆိုတာတွေကြောင့် အယုဒ္ဓယအပြင် နယူးဒေလီက ဗလီတွေ၊ ဟိန္ဒူ ဘုရားကျောင်းတွေမှာလည်း လုံခြုံရေး ထူထူထပ်ထပ် ချထားတာ တွေ့ရပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့တုန်းကလည်း ဒေလီမြို့လယ်မှာ ရှိတဲ့ ဂျမားမက်စ်ဂျဒ် ဗလီဝန်းကျင်မှာ ဆိုင်ကယ်စီး သေနတ်သမားတဦးရဲ့ လက်ချက်ကြောင့် ကမ္ဘာလှည့် ခရီးသည် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ အယုဒ္ဓယ ပြဿနာကို မီးမွှေးဖို့လား၊ ဒါမှ မဟုတ် လွန်ခဲ့တဲ့ ၂ နှစ်ကျော် မွန်ဘိုင်းမြို့က ဟိုတယ် တိုက်ခိုက်မှုနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုလေလားလို့ စိုးရွံ့မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် ခွဲထွက်ရေး သူပုန်တွေနဲ့ ပြဿနာ၊ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ် မတည်ငြိမ်မှု၊ အိန္ဒိယ- မြန်မာ နယ်စပ်က သူပုန်တွေကိစ္စ၊ အိမ်နီးချင်း ပါကစ္စတန်က အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု စတာတွေက  အစိုးရအတွက် ခေါင်းခဲစရာတွေ ပါပဲ။

အတိုက်အခံ ပါတီကြီး တခုဖြစ်တဲ့ BJP ပါတီက ဓနသဟာယ အားကစားပွဲကို ငွေကုန် ကြေးကျခံပြီး လုပ်တာတွေထက် စာရင် အိန္ဒိယနိုင်ငံအနှံ့က ပြဿနာတွေကို အရင်ဖြေရှင်းဖို့ လိုတယ်၊ ဓနသဟာယ အားကစားပွဲဟာ ပြည်သူအတွက် အကျိုးမရှိတဲ့ ပြရုပ် သက်သက်သာ ဖြစ်တယ်လို့ ထောက်ပြ ဝေဖန်ပါတယ်။ အိန္ဒိယ မီဒီယာတွေကလည်း သြဂုတ် လဆန်းက စပြီး ပွဲတော် အတွက် ပြင်ဆင်မှု ညံ့ဖျင်းတာတွေကို ပိုမို အသားပေး ဖော်ပြလာကြပါတယ်။

ဒီပွဲဟာ ၁၉၈၂ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အာရှ အားကစားပွဲတော် နောက်ပိုင်း နယူးဒေလီမှာ နှစ် ၂၀ နီးပါးအတွင်း ပထမဆုံး ကျင်းပတဲ့ အကြီးမားဆုံး အားကစားပွဲတော် ဖြစ်တာကြောင့် ဓနသဟာယ အဖွဲ့ဝင်နိုင်ငံတွေ အပါအ၀င် ကမ္ဘာ့အလယ်မှာ မျက်နှာ ပွင့်လန်းဖို့ အိန္ဒိယက ကြိုးစားနေတာပါ။ ဗဟိုအစိုးရဟာ စစ်တပ် အကူအညီနဲ့ လိုအပ်တာတွေ ပြင်ဆင်ရေးကို ပွဲတော် မတိုင်ခင် တပတ်အတွင်း အလျင်မီအောင် လုပ်ခဲ့ပြီး လုံခြုံရေး အင်အားကိုလည်း အများကြီး အသုံးပြုထားပါတယ်။

အပျက်အစီးတွေကို စစ်တပ် အကူအညီနဲ့ ရှင်းလင်းခဲ့ပြီး အားကစားရွာက မျောက်ရိုင်းတွေရဲ့ရန်ကို ကာကွယ်ဖို့ ရဲတပ်ဖွဲ့က လေ့ကျင့်ပေးထားတဲ့ လန်ဂါ (Langur) မျောက်တွေကို သုံးခဲ့ပါတယ်။ ပွဲတော် ၀န်းကျင် လုံခြုံရေးအတွက်ကိုလည်း လက်နက်ကိုင် အင်အား ရှစ်သောင်းကျော် အသုံးပြုထားတယ်လို့ ဆိုပါတယ်။

လေတပ်က ရဟတ်ယာဉ်တွေ အချိန်ပြည့် လှည့်လည် စောင့်ကျပ်နေပြီး စနိုက်ပါ လက်ဖြောင့် တပ်သားတွေကိုလည်း ပွဲတော်ဝန်းကျင် အပြင် မြို့တော်ရဲ့ အထင်ကရ နေရာတွေမှာ တွေ့နေရပါတယ်။

မြို့လယ်ခေါင်မှာ အရင်က မရှိတဲ့ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်တွေကို အများအပြား တွေ့ရတော့ အထူးအဆန်းလို ဖြစ်မိတယ်၊ လုံခြုံရေးအတွက် စိုးရွံ့မှု ရှိပေမယ့် အိန္ဒိယနိုင်ငံသား တယောက် အနေနဲ့ ဂုဏ်ယူချင်လို့ အားကစားပွဲတော် ဖွင့်ပွဲကို လာပါတယ်လို့ ဆိုတဲ့သူတွေ ရှိသလို ဒီပွဲဟာ အကျိုး တစုံတရာ မရှိလို့ စိတ်မ၀င်စားဘူး ဆိုတဲ့ သူတွေကလည်း အများကြီးပါပဲ။

cwd04ဝေဖန်မှု၊ ပြစ်တင်မှု၊ မသပ်ရပ်မှု၊ စိုးရိမ်မှုတို့ ရှိနေပေမယ့် တနင်္ဂနွေ ညနေခင်းမှာတော့ မပြေပြစ်မှုတွေကို ၇ ရက်တာ ကာလအတွင်း အကောင်းဆုံး ဖြေရှင်းသွားလို့ အားကစားကော်မတီ ဥက္ကဋ္ဌက အစိုးရအဖွဲ့ကို ချီးမွမ်းသံ၊ အဲလစ်ဇဘက် ဘုရင်မ ကိုယ်စား တက်ရောက်လာတဲ့ ချားလ်စ်မင်းသားရဲ့ အားကစားပွဲ အောင်မြင်စွာ ဖွင့်လှစ်လိုက်ကြောင်း ကြေညာသံ၊ အိန္ဒိယ သမ္မတနဲ့ ၀န်ကြီးချုပ်ရဲ့ ဂုဏ်ယူ ၀ံ့ကြွားဟန်တို့ကို ၁၉ ကြိမ်မြောက် ဓနသဟာယ အားကစားပွဲတော်ကြီး ဖွင့်တဲ့နေရာမှာ မြင်ရ ကြားရပါတယ်။

အဲဒီအချိန်မှာ အိန္ဒိယ ပြည်သူပြည်သားတွေရဲ့ ပူပန်မှုတွေဟာလည်း ရောင်စုံမီးရောင်တွေ၊ အိန္ဒိယရိုးရာ တူရိယာသံတွေ၊ မီးရှူးမီးပန်းတွေ အောက်မှာ ခေတ္တ ခဏ ပုန်းလျှိုး ပျောက်ကွယ်သွားပါတော့တယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်