အိန္ဒိယ Republic Day နဲ့ ဇာတိမြို့ကလေး...

အင်္ဂလိပ်အစိုးရ အုပ်ချုပ်မှုလက်အောက်ကနေ လွတ်လပ်ရေးရလာပြီးတဲ့နောက် အိန္ဒိယ နိုင်ငံရေးခေါင်းဆောင်တွေ ရေးဆွဲထားတဲ့ အိန္ဒိယဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပြဌာန်းခဲ့တဲ့ Image01အထိမ်းအမှတ်နေ့။ အဲ့ဒီနေ့ဟာ အိန္ဒိယနိုင်ငံက ၁၉၄၇ သြဂုတ်လ ၁၅ ရက်နေ့မှာ လွတ်လပ်ရေးရခဲ့ပေမယ့် နိုင်ငံကို အုပ်ချုပ်ဖို့ ဥပဒေ အတည်တကျ မရှိခဲ့သေးဘူး။ နိုင်ငံရေး ခေါင်းဆောင်တွေက ဖွဲ့စည်းပုံအခြေခံမူကြမ်းကို ၁၉၄၇ သြဂုတ်လ ၂၈ ရက်နေ့မှာ စတင်ရေးဆွဲခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေး ရတယ်ဆိုပေမယ့် အင်္ဂလိပ်အစိုးရလက်အောက်ခံ ဒိုမီနီယံ အဆင့်ပဲ ရှိပါသေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်မပြုနိုင်သေးတဲ့ ကာလစပ်ကြားမှာတော့ အင်္ဂလိပ်အစိုးရက ပြုပြင်မှုတချို့လုပ်ထားပေးတဲ့ ၁၉၃၅ အိန္ဒိယအစိုးရ ဥပဒေ နဲ့ပဲ အုပ်ချုပ်ရေး ယန္တရားက လည့်ပတ်နေခဲ့ပါတယ်။

၃ နှစ်ကာလအတွင်း အခြေခံဥပဒေ မူကြမ်းအတွက် အဆင့်ဆင့်ပြုပြင်မှုတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပေးဆပ်မှုတွေအများကြီး လုပ်ခဲ့ရပါတယ်။ ၁၉၅၀ ပြည့်နှစ် ဇန်န၀ါရီ ၂၁ ရက်နေ့မှာတော့ နိုင်ငံတ၀န်း ရွေးကောက်ပွဲလုပ်ပြီး အိန္ဒိယ နိုင်ငံရဲ့ ပထမဆုံး သမ္မတ အဖြစ် Rajendra Prasad ကို ရွေးချယ်တင်မြှောက်နိုင်ခဲ့ပါတယ်။ ဇန်န၀ါရီ ၂၆ ရက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို အတည်ပြုပြဌာန်းနိုင်ခဲ့သလို ဒိုမီနီယံ အဆင့်မှာတုန်းက သုံးခဲ့တဲ့ ၁၉၃၅ အိန္ဒိယ အစိုးရ ဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာ ခဲ့ ပါတယ်။ အဲ့ဒီနေ့ကို Republic Day ရယ်လို့ သတ်မှတ်ပြီး အထိမ်းအမှတ်ပွဲတွေ နှစ်စဉ် ကျင်းပခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံသားတွေ အဖို့ကတော့ ဇန်န၀ါရီ ၂၆ ရက်နေ့ဟာ ဒိုမီနီယံ အဆင့်နဲ့ လွတ်လပ်ရေးထက် အင်္ဂလိပ် အစိုးရ အုပ်ချုပ်မှုအောက်ကနေ လွတ်မြောက်သွားတဲ့ တကယ့်လွတ်လပ်ရေး အစစ်အမှန်ရတဲ့နေ့ဖြစ်လို့ ဂုဏ်ယူစွာနဲ့ အထိမ်းအမှတ်နေ့ကို နိုင်ငံ တော် အဆင့် အခမ်းအနားအဖြစ် မြို့တော် နယူးဒေလီမြို့က ပါလီမန်အဆောက်အအုံ ရှိရာနေရာမှာ နှစ်စဉ်မပြတ် ကျင်းပခဲ့ပါတယ်။ အခြားပြည်နယ်တွေရဲ့ မြို့တော်တွေမှာလည်း ပြည်နယ်ဝန်ကြီး၊ မြို့တော်ဝန်စသူတို့က နိုင်ငံတော်အလံလွှင့်ထူတဲ့ အခမ်း အနားတွေကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိပါတယ်။

နိုင်ငံတော်အဆင့် အခမ်းအနားကျင်းပတဲ့အခါမှာ နိုင်ငံတကာက တိုင်းပြည်ခေါင်းဆောင်တဦးဦးကို ဂုဏ်ထူးဆောင် ဧည့်သည် တော် အဖြစ် ဖိတ်ကြားလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘန်ဘန်း ယူဟိုယိုနို နဲ့ ဇနီးကို ဖိတ်ကြား ထားတာ တွေ့ရပါတယ်။ မနှစ်ကတော့ တောင်ကိုးရီးယား သမ္မတ အီမြောင်ဘတ် ကို ဖိတ်ကြားခဲ့ပါတယ်။Image02

နှစ်စဉ်ကျင်းပမြဲ ပုံစံအတိုင်း ဒီနှစ်မှာလည်း လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့သူတွေကို ဂုဏ်ပြုတဲ့အစီအစဉ်၊  အိန္ဒိယနိုင်ငံတ၀န်း က ထူးချွန်သူတွေ၊ ငြိမ်းချမ်းရေးအတွက် အသက်စွန့်ကြိုးပမ်းခဲ့သူတွေကို ဂုဏ်ပြုဆု ချီးမြှင့်တဲ့အစီအစဉ်တွေ ပါပါတယ်။ ပြည် နယ် အသီးသီး၊ ၀န်ကြီးဌာနအသီးသီးက သရုပ်ဖော်အလှပြကားတွေ၊ ရိုးရာအကအဖွဲ့တွေဟာလည်း အိန္ဒိယဂိတ်ကနေ အိန္ဒိယ ပါလီမန်ဆီလာတဲ့ လမ်းတလျှောက် လှည့်လည်ကပြတာတွေလည်း ရှိပါတယ်။

အိန္ဒိယဂိတ်ကနေ ပါလီမန် အဆောက်အအုံဆီသွားရာ လမ်းဘေး ၀ဲယာတလျှောက်မှာတော့ အလှပြယာဉ်တွေ စီတန်းလှည့် လည်တာတွေကို လာကြည့်တဲ့ ပရိသတ်ကြီးက ကမ်းလုံးညွတ်မျှ ဖြစ်နေပေမယ့် စည်းကမ်းမဲ့ ကသောင်းကနင်းဖြစ်နေတာ မတွေ့ရပါဘူး။ စည်းကမ်းတကျ ကိုယ့်နေရာကိုယ်ထိုင်ပြီး အားရ၀မ်းသာ ကြည့်နေကြတာပါပဲ။

ဒီအလှပြကားတွေမှာ ဒီနှစ်အတွက် ထူးခြားတာကတော့ အိန္ဒိယနိုင်ငံမှာ ပျက်သုဉ်းလုနီးပြီဖြစ်တဲ့ ဘင်္ဂလားကျားမျိုးစိတ်ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ဖို့၊ ပတ်ဝန်းကျင် သယံဇာတနဲ့ သစ်တောတွေကို ကာကွယ်ဖို့၊ ကမ္ဘာကြီးပူနွေးလာတာနဲ့ ဆက်စပ်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်တားဆီးနိုင်ဖို့၊ ဓာတုပစ္စည်းထုတ်လုပ်မှုတွေ လျှော့ချဖို့ စတဲ့ ပတ်ဝန်းကျင် နဲ့ ရာသီဥတုဆိုင်ရာ ပြကွက်တွေကို ထည့်သွင်းထားတာ တွေ့ရပါတယ်။ ဒီလိုပဲ ကလေးသူငယ် စာတတ်မြောက်မှုအတွက် ၀ိုင်းဝန်းကူညီကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ ပြကွက်ကိုလည်းတွေ့ရပါတယ်။

ထူးချွန်သူ၊ ရဲစွမ်းသတ္တိရှိသူ ကျောင်းသားလူငယ်လေး ၂၃ ယောက်ကိုလည်း ဂုဏ်ပြုဆုတွေ ချီးမြှင့်တဲ့အပြင် စီတန်းလှည့်လည် တဲ့ ကားတန်းက အလှဆင်ထားတဲ့ အမိုးဖွင့်ကားတွေပေါ်မှာ လိုက်ပါစေခြင်းအားဖြင့် အရွယ်တူ ကျောင်းသားလူငယ်လေးတွေရဲ့ အားကျစိတ်တွေ ဖြစ်ပေါ်စေပါတယ်။

Image03ကျောင်းသားလေးတွေရဲ့ ကားတွေ ရောက်လာတော့ လမ်းဘေးဝဲယာလူအုပ်ထဲက သူတို့နဲ့ရွယ်တူ ကလေးငယ်လေးတွေဟာ အားရ၀မ်းသာနဲ့ အော်ဟစ်ပြီး လက်ခုပ်တွေတီးကြ၊ အားပေးကြ၊ လက်မတွေ ထောင်ပြကြနဲ့ တကယ့်ကို အားရစရာပါ။

နှစ်စဉ်နှစ်တိုင်း ဒီလိုနေ့မှာ အိန္ဒိယ ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေရဲ့အင်အားကို ပြတဲ့အနေနဲ့ သူတို့ဝယ်ယူထားတဲ့၊ တီထွင် ထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို ထုတ်ပြလေ့ရှိရာမှာ ဒီနှစ် ထုတ်ဖော်ပြသတာကတော့ အိန္ဒိယ ကာကွယ်ရေး သုတေသန နဲ့ ဖွံ့ဖြိုးရေး ဌာနကထုတ်တဲ့ Tejas လို့ခေါ်တဲ့ အပေါ့စား တိုက်လေယာဉ်တွေပဲ ဖြစ်ပါတယ်။ ဒီတိုက်လေယာဉ်တွေကို အိန္ဒိယ လေတပ်က စမ်းသပ်ပျံသန်းမှု၊ စစ်ဆေးမှုတွေလုပ်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၀ ရက်နေ့တုန်းက အိန္ဒိယလေတပ်မှာ တိုက်လေယာဉ် အဖြစ် အသုံးပြုမယ့်အကြောင်း၊ လက်ရှိအသုံးပြုနေတဲ့ MIG-21 တိုက်လေယာဉ်တွေကို အစားထိုးသွားမယ့်အကြောင်း ထုတ် ဖော် ပြောဆိုခဲ့ပါတယ်။ အဲ့ဒီ တိုက်လေယာဉ် တည်ဆောက်မှုအတွက် နှစ် ၃၀ ကျော်ကြာ အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

Tejas တိုက်လေယာဉ်တွေ တရွှီရွှီနဲ့ ကောင်းကင်ပေါ် ပျံဝဲသွားချိန်၊ ရုပ်မြင်သံကြားကနေ အိန္ဒိယ သမ္မတ ပရာတီဘာ ပတေးလ် ကို အနီးကပ်ရိုက်ပြရာမှာ သမ္မတကြီးရဲ့ မျက်နှာမှာ ဂုဏ်ယူဝင့်ကြွားမှု၊ အံ့သြ၀မ်းသာမှုတွေကို တွေ့လိုက်ရပါတယ်။

ဒါ့အပြင် တိုက်ပွဲသုံး Mi-25 ရဟတ်ယာဉ် ၃ စီးကိုလည်း ပထမဆုံး ပွဲဦးထွက် ပွဲထုတ်ထားပါတယ်။ MIG-29 တိုက်လေယာဉ် ၅ စီး၊ Sukhoi Su-30 MKI တိုက်လေယာဉ် ၃ စီးရဲ့ ၉၀ ဒီဂရီ ဒေါင်လိုက် ပျံသန်းမှု၊ ဂျက်တိုက်လေယာဉ်တွေရဲ့ မြှားဦးသဏ္ဍန် ပျံသန်း သရုပ်ပြမှုတွေကလည်း အံ့မခန်းပါပဲ။

ရေတပ်အနေနဲ့ကတော့ ရေအောက်ပစ် တော်ပီဒို ဒုံးလို လက်နက်တွေ၊ ရေငုပ်သင်္ဘောကနေ အရေးပေါ်ထွက်တဲ့အခါမှာ ၀တ် ဆင်ဖို့ ၀တ်စုံတွေ၊ အဝေးက အရာဝတ္တုတွေကို စုံစမ်းထောက်လှမ်းနိုင်တဲ့ ရေဒါစနစ်တွေပါပဲ။ ဒီ့အပြင် တာဝေးပစ် ဒုံးကျည်တွေ၊ T-90 တင့်ကားတွေ၊ ရေဒါစနစ်တွေကို ပြသတာကိုလည်း တွေ့ရပါတယ်။

နှစ်စဉ်ပါလေ့ရှိတဲ့ မော်တော်ဆိုင်ကယ်စီး တပ်ဖွဲ့ရဲ့ ဆိုင်ကယ်စီးစတန့်ထွင် ပြသမှုကလည်း အိန္ဒိယနိုင်ငံသားတွေကိုရော နိုင်ငံခြား ဧည့်သည်တော်တွေကိုရော ဆွဲဆောင်နေဆဲပါပဲ။

အခမ်းအနား နောက်ဆုံးမှာတော့ ဂုဏ်ပြုမြင်းတပ်ဖွဲ့က အိန္ဒိယနိုင်ငံတော်အလံနဲ့ သမ္မတကို အလေးပြုချိန်မှာ အိန္ဒိယနိုင်ငံတော် သီချင်းကို တီးမှုတ်ကြပြီး အိန္ဒိယ အလံမှာပါတဲ့ အဖြူ၊ အနီ၊ အစိမ်း အရောင်သုံးရောင်နဲ့ မိုးပျံပူဖောင်းတွေကို လွှတ်တင်လိုက်ကြ ပါတယ်။

ကျမကတော့ သူတို့ရဲ့ အစစ်အမှန် လွတ်လပ်ရေးနေ့လို့ ခေါ်လို့ရတဲ့၊ အိန္ဒိယနိုင်ငံ တည်ထောင်တဲ့ အမျိုးသားနေ့လို့ ဆိုကြတဲ့ Republic Day အခမ်းအနားတွေကိုကြည့်ရင်း ဟိုးအရင် ကျမငယ်ငယ် ကျောင်းသားဘ၀၊ တောင်ပေါ်မြို့လေးက ကိုယ်တိုင် ပါ ၀င် ကြုံခဲ့ရဖူးတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားတို့၊ ပြည်ထောင်စုနေ့ အခမ်းအနားတို့ တွေကို မဆီမဆိုင် သတိရ တမ်းတ မိ တယ်။

အဲ့ဒီတုန်းက ချမ်းအေးတဲ့မနက်အစောကြီးမှာ အနွေးထည်ထူထူနဲ့ လွတ်လပ်ရေးကျောက်တိုင်ရှိတဲ့ ကွင်းကျယ်ကြီးကိုသွားပြီး အလေးပြုကြရတာအမော။ နိုင်ငံတော် အလံတင်တဲ့အချိန်ဆို ကွင်းကြီးတခုလုံးက အလံလွှင့်အဖွဲ့ရဲ့ ခရာသံကလွဲလို့ ဘာသံမှ မကြားရ။

အားလုံး ဆိတ်ငြိမ်လို့။ တဖြည်းဖြည်း တိုင်ပေါ်ရောက်လာတဲ့အလံကို မော့ကြည့်လို့။ ပြီးတော့ နိုင်ငံတော် သီချင်းဆိုကြ တာ အားရပါးရ။ အဲ့ဒီတုန်းက မှတ်မိသလောက် နိုင်ငံတော် သီချင်းမဆိုခင် သစ္စာ အဓိဌာန် လေးချက် ဆိုရသေးတယ်။

(ကျောင်းမှာဆိုလည်း မနက်တိုင်း နိုင်ငံတော်အလံအလေးပြု၊ သစ္စာအဓိဌာန်ဆို၊ နိုင်ငံတော် သီချင်းဆို။ အဲ့ဒီလို။ ၈၈ အရေး အခင်း ပြီး နောက်ပိုင်း ကျောင်းတွေပြန်ဖွင့်တော့ သစ္စာအဓိဌာန် မဆိုရတော့ဘူး။ အဲ့ဒီတုန်းက ဒုတိယတန်း။ ကိုယ်ကပဲ ညံ့လို့လား မသိ။
အခုတော့ အဲ့ဒါတွေက ဘာတွေလဲ တကယ့်ကို မမှတ်မိတော့။ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာအဓိဌာန် လေး ချက်ကို စောင့်သိရိုသေပါမည် ဆိုတာပဲ မှတ်မိတော့တယ်။ အဲ့ဒါက ဦးနေ၀င်းက ဆိုခိုင်းတာလား၊ ဒါမှမဟုတ် အရင်ကတည်းက ရှိခဲ့တာလား ဆိုတာလည်း မသိ)
လွတ်လပ်ရေးနေ့ဖြစ်ဖြစ်၊ ပြည်ထောင်စုနေ့ဖြစ်ဖြစ် ကျမတို့ မြို့လေးက လွတ်လပ်ရေးကျောက်တိုင်ရှိတဲ့ ကွင်းကျယ်ကြီးထဲမှာ ကျန်းမာရေး၊ ပညာရေးပြခန်းတွေ၊ ဗဟုသုတရစရာ ဖတ်စရာ ကြည့်စရာ စိတ်ဝင်စားစရာ ပြကွက်ရောင်စုံ၊ ပြကွက်ပေါင်းစုံနဲ့  စတုဒီသာ ဝေပေးနေတဲ့ ရိုးရာ မုန့်မျိုးစုံကလည်း စားလို့ကို မကုန်နိုင်မခမ်းနိုင်အောင် အလျှံအပယ်။ ကျောင်းပေါင်းစုံ စာစီ စာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲ စတာတွေက ဆုရလက်ရာတွေကလည်း ၀င့်ဝင့်ကြွားကြွား။ ဆုရသူတွေကလည်း အခမ်းအနားနဲ့ ဆုတက်ယူရတော့ ပျော်တပြုံးပြုံး ဂုဏ်ယူမဆုံး။

ကွင်းရဲ့တဖက်မှာ မုန့်စားပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ အပ်ချည်ထိုးပွဲ၊ ဆန်ကောရွက်ပြေးပွဲ၊ အာလူးကောက်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲတွေဆိုတာ ဖုန်တလုံးလုံးနဲ့ ကျမတို့ ကလေးတွေအတွက်ကတော့ မဟာ ပျော်စရာပွဲတော်ကြီး။ ကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲက ဘင်ခရာသံတွေကလည်း တဒုံးဒုံးနဲ့ စိတ်လှုပ်ရှားစရာ။

ပြိုင်ပွဲဝင် ဘင်ခရာအဖွဲ့တွေ ကွင်းထဲ ၀င်လာတဲ့အခါ၊ ပြိုင်ပွဲအချိန်ပြီးလို့ ပြန်ထွက်သွားတဲ့အခါမှာလည်း အားလုံးစုရပ်တနေရာ ကို သတ်မှတ်ထားပြီး မြို့ရဲ့ မင်းလမ်းမကြီးကနေ စုရပ်ဆီ ပြန်ကြတာမို့ ဘင်ခရာအဖွဲ့တွေ လာတော့မယ်ဆိုရင် လမ်းတလျှောက် လူတွေ ပြည့်လျှံလို့။ စောင့်ကြည့်ကြတာ။ အားပေးကြတာ။

ကျမတို့ မြို့လေးက အေးချမ်းတော့ နိုင်ငံခြားသား ဧည့်သည်တွေလည်း ဟိုးအရင်ကတည်းက လာလေ့ရှိကြတယ်။ ဒီလိုလာတဲ့ သူတွေ ပွဲတော်ရက်နဲ့ ကြုံကြိုက်လေတော့ တိုင်းရင်းသားဝတ်စုံတွေနဲ့ လှနေတဲ့ မမတွေနဲ့ ဓာတ်ပုံတွေ တွဲရိုက်ကြ၊ ကလေးတွေ ကစားနေတဲ့နေရာကို သွားစပ်စုကြနဲ့ ကျမတို့ရဲ့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့တွေကို စိတ်ဝင်တစား လေ့လာကြတာတွေလည်း ရှိတယ်။

ကင်မရာ မီးရောင်တွေ တဖျတ်ဖျတ်၊ ညမီးရောင်စုံကြားမှာ ဖျော်ဖြေရေး စင်မြင့်ပေါ်မှာ ကနေတဲ့ တိုင်းရင်းသားပေါင်းစုံ ၀တ်စုံ ကိုယ်စီနဲ့ ကျောင်းတော်က အစ်ကို၊ အစ်မတွေ ကလည်း ချစ်စရာ၊ သူတို့ရဲ့အကတွေကလည်း လှလိုက်တာ။ သူတို့ဝတ်စုံတွေ ပေါ်မှာ အလှဆင်ထားတဲ့ ဘော်ကြယ်ရောင်စုံတွေက မီးရောင်အလိုက်မှာ ပြိုးပြိုးပြက်ပြက်နဲ့ လှနေလိုက်ကြတာ ဟိုး .. မိုးပေါ်က ကြယ်ရောင်တွေတောင် မှေးမှိန်သွားသယောင်။

အခုတော့။ သြော် အခုတော့ သူများနိုင်ငံတွေက သူတို့ရဲ့ လွတ်လပ်ရေး နေ့တွေ၊ အမျိုးသား နေ့တွေ၊ နိုင်ငံ့ အထိမ်းအမှတ် နေ့ တွေကို လူငယ်တွေ မမေ့အောင်၊ နိုင်ငံသားတွေ ဂုဏ်ယူအလေးထားအောင် ပုံစံအမျိုးမျိုးနဲ့ ဂုဏ်ပြုကျင်းပပြီး မြှင့်တင်နေကြ တဲ့အချိန်မှာ ကျမရဲ့ မြို့လေးက ဖြူဖြူဖွေးဖွေး ကျက်သရေနဲ့ လွတ်လပ်ရေးကျောက်တိုင်ကြီးလည်း မြက်ပင်တွေကြားမှာ မထင် မရှား ၀ါကျန့်နေရော့မယ်။ သူနဲ့ မလှမ်းမကမ်းက ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံလို့ ကျမတို့ ခေါ်ကြတဲ့ ပန်းခြံလေးက ကြေးရောင် တ လက်လက် တောက်ပခဲ့ဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ပုံတူကြေးရုပ်ကြီးလည်း ကြေးညှိတွေတက် မှေးမှိန်နေရော့မယ် လေ …။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်