မေတ္တာ ပျိုးဥယျာဉ်ကလေးများ ပြန့်ပွားစေချင် …

သူက သားသမီးတွေ လက်လွှတ်ရချိန်မှာ အေးဆေးငြိမ်းချမ်းစွာ နေတော့မည်ဟု စဉ်းစားခဲ့သည်။ ခင်ပွန်းသည်ကို တဘက် တလမ်းက ကူညီရင်း ဘုရားတရား အလုပ်များဖြင့်သာ အချိန်ကုန်စေမည်ဟု ဆုံးဖြတ်ထားသည်။ သို့သော် … ။

“ကလေးလေးယောက်လုံး လက်လွှတ်ရပြီ။ ဘွဲ့တွေရကုန်ပြီ။ ဒါပေမယ့်ကျမယောက်ျားက မတတ်နိုင်တဲ့ကလေးတွေခေါ်ပြီး ပညာသင်ပေးချင်တယ် ဆိုတော့လည်း ကျမတို့က ဝိုင်းကူကြရတာပါပဲ” ဟု မက်သဒစ် သိက္ခာတော်ရဆရာ ဦးလူအေး၏ ဇနီးက ပြောပြသည်။

ပြည်တွင်းပြည်ပရှိ မြန်မာအားလုံး တုန်လှုပ်ချောက်ချားခဲ့ရသော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြီး ဝင်ရောက် မွှေနှောက်ခဲ့ သည်မှာ မနက်ဖြန်ဆိုလျင် ၄ လတိုင်ခဲ့ပြီ။ နာဂစ်ကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်၊ အိုးအိမ်မဲ့ခဲ့ကြရသည်၊ သားတကွဲ မယားတကွဲ ဖြစ်ခဲ့ကြရသည်။ အဆိုးဆုံးကတော့ လူမမယ် ကလေးငယ် များ မိဘမဲ့ဖြစ်ခဲ့ရခြင်းပင်။

“ကျနော်ကတော့ နာဂစ်ကြောင့် မိဘမဲ့ဖြစ်သွားတဲ့ ကလေး အယောက် ၂၀ လောက်ကို မွေးစားဖို့ ကြိုးစား နေပါတယ်” ဟု ဆရာဦးလူအေးက ပြောသည်။

သူက လွန်ခဲ့သည့် ၇ နှစ်ခန့်ကတည်းက ကျောင်းမနေနိုင်သည့် ကလေးများကို ခေါ်ယူကာ ပညာသင်ပေးပြီး စောင့်ရှောက် ထားခဲ့သည်။ ဂေဟာ တခုသဖွယ် အခိုင်အမာကြီး မဟုတ်ဘဲ သူနှင့် သူ့မိသားစုက တနိုင်တပိုင် စောင့်ရှောက်ကာ ပညာ သင်ပေးထားခြင်း ဖြစ်၏။

ယခုကဲ့သို့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း မြန်မာပြည်တွင်း ဝင်မွှေသွားပြီး မိဘမဲ့ကလေး များစွာ ကျန်ရှိနေကြောင်း သိရချိန် တွင် ထိုမိဘမဲ့ကလေးများကို စောင့်ရှောက်ချင်သဖြင့် စုံစမ်းခဲ့သည်။ အလှူရှင်များ ရလာပြီး သူတာဝန်ယူရာ မက်သဒစ် သာသနာပိုင် ဝင်းအတွင်း အဆောင်ငယ်တဆောင် တိုးချဲ့ ဆောက်ထား ပြီးဖြစ် သည်။

“မိဘမဲ့ကလေးတွေ ရှိတယ်သာကြားတာ ခုထိ တယောက်မှရှာလို့မရသေးဘူး။ ဖျာပုံ၊ ဘိုကလေးနဲ့ လပွတ္တာ ဘက်က အထိအခိုက်များတဲ့ ရွာတွေဘက်မှာ အသိတွေရှိတယ်။ အဲဒီဘက်ကိုမေးခိုင်းထားတာပဲ”ဟု သူက ပြောသည်။

မြောင်းမြမြို့ရှိ အစိုးရဖွင့်လှစ်ထားသော ယာယီ မိဘမဲ့ဂေဟာ တခုတွင်မူ လက်ရှိ မိဘမဲ့ ကလေး ၁၀၀ ရှိကြောင်း ထိုဂေဟာ ၏ တာဝန်ရှိသူတဦးကပြောသည်။

“မအူပင်က စခန်းမှာ ၁၂ ယောက်ရှိတယ်ဆိုတော့ စုစုပေါင်း ၁၁၂ ယောက်ပေါ့” ဟု သူက ဆက်ပြောသည်။

ထိုစခန်းတွင် မူလက ကလေးပေါင်း ၅၀၀ ကျော်ရှိသည့်အနက် အသက် မသေဘဲ ကျန်ရှိ နေသော မိဘများ၊ ဆွေမျိုးများ၊ ညီအစ်ကို မောင်နှမများက လာရောက် ခေါ်ယူသွားသဖြင့် ထိုအရေအတွက်သာ ကျန်ရှိ တော့ ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်အစိုးရ၏ စာရင်းဇယားများအရ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၈၄၀၀၀ ကျော် သေဆုံးခဲ့ရ ပြီး ၅၄၀၀၀ ကျော်ပျောက်ဆုံးနေသည်ဟု ဆိုသည်။ ထိုပျောက်ဆုံး သေဆုံးသွားသူများထဲတွင် မိဘများ ဘယ်နှယောက် ပါသလဲ မပြောနိုင်။

ကမ္ဘာ့ကုလသမဂ္ဂက ကလေးပေါင်း ၂၀၀၀ ကျော်မှာ နာဂစ်ဆိုင်ကလုန်းကြောင့် မိဘမဲ့ သို့မဟုတ် မိဘများ နှင့် ကွဲကွာကြ ရသည်ဟု ဆိုသော်လည်း တခြားသော အပြည်ပြည် ဆိုင်ရာနှင့် ဒေသတွင်း ကူညီထောက်ပံ့ သူများ၏ သုံးသပ်ချက်အရ ထိုအရေအတွက်ထက် များနိုင်သည်ဟု သိရသည်။

လပွတ္တာမြို့နယ်အတွင်းမှ ဒေသခံတဦးကမူ ဧရာဝတီတိုင်းအတွင်းတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် မိဘမဲ့သွားရ သည့်ကလေးပေါင်း ၁၀၀၀ ကျော်နိုင်သည်ဟု သုံးသပ်သည်။

ယူနီဆက်ဖ် အဖွဲ့အစည်းကလည်း ဇူလိုင်လဆန်းအထိ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိဘမဲ့ ဖြစ်သွား ရ သူ ဦးရေ ၄၂၈ ဦး ရှိသည်ဟု ဆိုသည်။

သို့ရာတွင် စစ်အစိုးရအနေနှင့် နာဂစ်ဆိုင်ကလုန်းကြောင့် မိဘမဲ့ဖြစ်သွားရသည့် ကလေးများကို မည်သည့် အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်က မွေးစားသည်ကိုမှ လက်မခံလိုကြောင်း လူမှုဖူလှုံရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြော၏။

“တကယ်လို့ ကလေးတယောက်ယောက်မှာ မိဘမရှိတော့ဘူးဆိုရင် အဲဒီကလေးကို အစိုးရကပိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

အစိုးရအနေနှင့် ယခုကဲ့သို့ ကလေးများကို မွေးစားရန် ခွင့်မပြုရခြင်းမှာ ကလေးများ၏ ဆွေမျိုးသားချင်း များကို ပြန်လည် ရှာဖွေပြီး အမှန်တကယ် မိဘမဲ့ဖြစ်ကြောင်း ခိုင်လုံစေရန် အထောက်အထားများ ပြုလုပ် လိုသောကြောင့် ဟု ၎င်းကဆိုသည်။

“အစိုးရက မိဘမဲ့ကလေးတွေရဲ့ ဆွေမျိုးတွေကိုရှာပြီး ကလေးတွေရဲ့ ပညာရေး အဆင့် အတန်းမြင့်မားဖို့၊ တက္ကသိုလ်အထိ ပညာသင်နိုင်အောင် ကူညီထောက်ပံ့ပေးမှာပါ” ဟု သူက ပြောပြသည်။

လပွတ္တာမြို့ခံတဦးကမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ညွှန်ကြားချက်အရ လပွတ္တာနှင့် ဖျာပုံ မြို့များတွင် ကလေး ၃၀၀ စီဆန့် သော မိဘမဲ့ဂေဟာ ၂ ခု ဆောက်လုပ်ရန်စီစဉ်ထားသော်လည်း ယခုထိ အကောင်အထည် မပေါ်သေးဟု ဆိုသည်။

“ကျမတို့ကတော့ လပွတ္တာကော ဖျာပုံမှာပါ မိဘမဲ့ဂေဟာ ဆောက်မယ်ဆိုတဲ့ သတင်း မကြားဘူး” ဟု လပွတ္တာမြို့မှ ကျောင်းဆရာမ တဦးကပြောသည်။

သူက ဆက်လက်၍ တခြားသော ဒေသများမှ ဘာသာရေးအဖွဲ့အစည်း အသီးသီး အနေနှင့် မိဘမဲ့ ကလေးများကို စောင့်ရှောက်ရန် လာရောက်ခေါ်ယူမှုများရှိနေသည် ဟု ဆိုသည်။

“ဘုန်းတော်ကြီးတွေ၊ မယ်သီလရှင်တွေ နောက်ပြီး ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်း တွေက ကလေးတွေကို မွေးစားဖို့ လာလာခေါ်သွားကြတာပဲ”ဟု သူက ပြောပြသည်။

ဆရာ ဦးလူအေးကတော့ ကလေးများကို မွေးစားခွင့်ရရန် အဆင်သင့်ပြင်ထားသည်။ လက်ရှိ သူ ပညာ သင်ကြားပေးနေ သော ကလေး ၂၃ ဦးရှိသော်လည်း အားလုံးမှာ မိဘမဲ့ ကလေးများ မဟုတ်ဘဲ မိဘများ မပြေလည်၍ ပညာမသင်ကြား နိုင်သော ကလေးများ ဖြစ်သည်။

သူ့ရည်ရွယ်ချက်က မိဘမဲ့ကလေးဂေဟာတခု တည်ထောင်ပြီး ကလေးများကို ပညာ သင်ကြားပေးကာ ပြုစု ပျိုးထောင်ရန် ဖြစ်သည်။ သူ့ရည်ရွယ်ချက် အကောင်အထည် ဖော်ခွင့် ရ၊ မရ ဆိုတာတော့သူကိုယ်တိုင်လည်း ရေရေရာရာ မသိသေးဟု ဆို၏။

“ကျမကတော့ သူရည်ရွယ်ထားတဲ့ မိဘမဲ့ကလေးဂေဟာလေး ဖြစ်စေချင်တယ်။ ကလေးတွေကို ကိုယ့် သား သမီးတွေလို စောင့်ရှောက်မှာပါ။ ခုလည်း ကျမတို့လက်ထဲမှာ ကြီးလာတဲ့ ကလေး ၄၊ ၅ ယောက်လောက် ရှိ နေပြီ”ဟု ဆရာလူအေး၏ ဇနီးကပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်