စောင့်ကြည့်ရဦးမည်ဖြစ်သည့် KNU ခေါင်းဆောင်သစ်များ

အစိုးရကို ဆန့်ကျင်နေသော သက်တမ်းအရှည်ကြာဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်သစ်များအပေါ် ဝေဖန်သုံးသပ်မှုများရှိနေသည်။

KNU ၏ ပထမဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးအပါအ၀င် ဗဟို အလုပ်အမှုဆောင်အသစ်များကို အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ၁၄ ကြိမ်မြောက် ကွန်ဂရက်တွင် ရွေးချယ်ခဲ့သည်။

ယင်း ကွန်ဂရက်မှ ရွေးချယ်လိုက်သည့် ဗဟိုအလုပ်အမှုဆောင်များကို ကရင်တိုင်းရင်းသား တချို့နှင့် လေ့လာသူ များက ကြိုဆိုလက်ခံကြသော်လည်း တခြားသော KNU ခေါင်းဆောင်ပိုင်းသည် အသက်အရွယ် အလွန် ကြီးရင့် နေပြီး တက်ကြွမှု မရှိဟု ဝေဖန်ပြောဆိုမှုများရှိကြောင်း သိရသည်။

အသက် ၈၈ နှစ်ရှိပြီ ဖြစ်သော ဗိုလ်ချုပ်ကြီး တာမလာဘောအား KNU ဥက္ကဌ အဖြစ် ရွေးချယ်ခဲ့ပြီး ၎င်း၏ သမီးဖြစ်သူ နော်စီဖိုးရာစိန်ကို အထွေထွေအတွင်းရေးမှူးအဖြစ် ယခု ကွန်ဂရက်က ရွေးချယ်ခဲ့သည်။

အရွေးချယ်ခံရသည့် တခြားသော ဗဟိုအလုပ်အမှုဆောင်များမှာ စောဒေးဗစ်တာကပေါ ဒု ဥက္ကဌ၊ ဗိုလ်မှူး စောလှငွေနှင့် စောဒေါလေမှူး တို့ကို တွဲဖက်အတွင်းရေးမှူး(၁)နှင့်(၂) အဖြစ် ခန့်အပ်လိုက်ပြီး ဗဟိုအလုပ် အမှု ဆောင် ကော်မတီဝင်များ အဖြစ် ဗိုလ်ချုပ်မူတူး စေးဖိုး၊ စောဒေးဗစ်ထော၊ စောရော်ဂျာခင်၊ ဖဒိုအားတိုး၊ ဖဒို ဟေးဆာ၊ စောလားစေး တို့ကို ရွေးချယ်ခဲ့ ကြသည်။

နော်စီဖိုးရာစိန်သည် လွန်ခဲ့သော ဖေဖော်ဝါရီ ၁၄ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော နိုင်ငံရေးအတွေ့အကြုံရင့် သည့် ယခင် KNU အထွေထွေအတွင်းရေးမှူး ဖဒို မန်းရှာ ၏ နေရာတွင် ပထမဆုံးအကြိမ် ခန့်အပ်ခြင်းခံရသည့် အမျိုးသမီး ခေါင်းဆောင် တဦးဖြစ်သည်။

တချို့သော လေ့လာသူများက နော်စီဖိုးရာစိန်သည် အတွေ့အကြုံနှင့် ဗဟုသုတ အသိပညာကြွယ်ဝသူဖြစ်သော် လည်း ဖဒို မန်းရှာ၏ လုပ်ကိုင်ဆောင်ရွက်မှုမျိုး မျှော်လင့်၍ မရနိုင်ကြောင်း ပြောဆိုသည်။

နော်စီဖိုးရာစိန်သည် လက်ရှိတွင် မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသားများအပေါ် အထူးသဖြင့် အမျိုးသမီးများ အပေါ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသောအဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသမီးအစည်း အရုံးအဖွဲ့(KWO)တွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် နေသူ ဖြစ်သည်။

အမျိုးသမီးများ၏ အခွင့်အရေးကို တိုက်ပွဲဝင်ခဲ့သည့်အတွက် နော်စီဖိုးရာစိန်သည် ၂၀၀၇ ခုနှစ် ဇွန်လတွင် (Perdita Huston Human Rights Award) ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။

နိုင်ငံတကာအမျိုးသမီးအဖွဲ့အစည်းကလည်း ၂၀၀၆ ခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် နော်စီဖိုးရာစိန်ကို အဆို တင်သွင်း ခဲ့သေးသည်။

KWO အဖွဲ့ဝင် ကရင်အမျိုးသမီး တဦးက“ကရင်အမျိုးသမီးတယောက်အနေနဲ့ အခုလို နော်စီဖိုးရာစိန်ကို KNU ရဲ့ အထွေထွေအတွင်းရေးမှူး အဖြစ် ရွေးချယ်ခန့်အပ်လိုက်တာကို ဂုဏ်ယူမိပါတယ်၊ သူဟာ ကရင်တိုင်းရင်းသား အားလုံး အတွက် ခေါင်းဆောင်ကောင်း တယောက် ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်”ဟု ပြောဆို သည်။

အမျိုးသမီးများအဖွဲချုပ် (မြန်မာနိုင်ငံ) အတွင်းရေးမှူး နန်းယဉ်ကလည်း“ကေအန်ယူရဲ့အခုဆောင်ရွက်မှုဟာ နိုင်ငံ ရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်ပြူလိုက်တဲ့သဘောပါပဲ၊ ကရင်အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင် လိမ့်မယ်လို မျှော်လင့်ပါတယ် ”ဟု ပြောခဲ့သည်။

ယခု ဥက္ကဌဖြစ်လာသော နော်စီဖိုးရာစိန်၏ ဖခင် ဗိုလ်ချုပ်တာမလာဘောသည် ယခင်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)၏ စစ်ဦးစီးချုပ်ဟောင်း တဦးဖြစ်ပြီး ကွယ်လွန်သွားသည့် ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ရင်းနှီးသော လုပ်ဖော်ကိုင်ဖက် တဦးလည်းဖြစ်သည်။

တချို့သော လေ့လာသုံးသပ်သူများကမူ ၎င်းအနေနှင့် KNU ကို မည်သို့သော ဦးဆောင်မှုပေးနိုင်မည်လဲ ဆိုသည်ကို မေးခွန်း ထုတ်နေကြသည်။

“အခု ဗိုလ်ချုပ်တာမလာဘော နေရာက နိုင်ငံရေးအမြင်နဲ့ စစ်ရေးအမြင် ၂ မျိုးလုံးရှိသူ ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် သူ့ အနေနဲ့ အကြံပေးနေရာမှာဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်”ဟု မြန်မာ့အရေး လေ့လာသူ တဦးက ပြောဆိုသည်။

သို့သော် လေ့လာသူ တချို့ကမူ အသက်အရွယ် အလွန်ကြီးရင့်သူများကို ခေါင်းဆောင်ပိုင်း တာဝန်ပေးထား သည်မှာ KNU တဖွဲ့တည်း မဟုတ်ကြောင်းနှင့် အဓိက အတိုက်ခံပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နှင့် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များသည်လည်း အသက်အရွယ် အလွန်ကြီးရင့်သူများဖြစ်ကြောင်း ထောက်ပြ ပြောဆိုသည်။

“အသက်အရွယ်ကြီးရင့်နေပြီဖြစ်သူ ဗိုလ်ချုပ် တာမလာဘောမှ အပ ကျန်ခေါင်းဆောင်အများအပြားက ငယ်ရွယ်သေးသူ များဟု ဆိုလျင်ရနိုင်သလို ၊ ကရင့်တော်လှန်ရေးကို နောက်ထပ် မျိုးဆက်သစ်တခုလက်ထဲသို့ စတင် လက်ဆင့် ကမ်းခဲ့ပြီဟု ဆိုလျင်လည်း ရနိုင်ပါသည်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)မှ ထိပ်ပိုင်း ခေါင်းဆောင်ဟောင်း တဦးဖြစ်ပြီး မြန်မာ့အရေးလေ့လာသူ တဦးဖြစ်သည့် ကိုအောင်သူငြိမ်း က ဘလော့ တခုတွင် ပြောဆိုထားသည်။

တတိယနိုင်ငံသို့ ရွှေ့ပြောင်းအခြေချသည့် အစီအစဉ်ဖြင့် သြစတေးလျနိုင်ငံတွင်ရောက်ရှိနေသော ကရင်တိုင်းရင်း သူတဦး ကမူ “ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်ပဲဖြစ်ဖြစ်၊ နယ်စပ်မှာရောက်နေတဲ့ သူတွေပဲဖြစ်ဖြစ် ကရင်တိုင်းရင်းသား အများစုဟာ ဒီနေ့ KNU ဘာဖြစ်နေလဲဆိုတာ စိတ်မ၀င်စားကြတော့ပါဘူး၊ အများစုက တတိယ နိုင်ငံထွက် ဖို့ ပဲ၊ သူတို့အနေနဲ့ KNU ခေါင်းဆောင်တွေအပေါ် ရှေ့ဆက်ပြီး ယုံကြည်မှုရှိကြမှာလည်း မဟုတ်တော့ပါဘူး”ဟု ပြောဆိုသည်။

KNU ကို မြန်မာစစ်အစိုးရက ၂၀၀၆ ခုနှစ်အစောပိုင်းတွင် ထိုးစစ်ဆင်ခဲ့ရာ ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကရင် ရွာသား ၃၀၀၀၀ ခန့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၁၉၄၉ ခုနှစ် မှ စတင်၍ လက်ရှိအချိန်အထိ KNU သည် မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန် ပုန်ကန်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။

KNU သည် နှစ်ပေါင်း ၅၀ ကျော်သည်အထိ လက်နက်ကိုင်တော်လှန်နေသော အဖွဲ့ဖြစ်ပြီး လက်နက်နှင့် ငြိမ်းချမ်းရေး ကို လဲလှယ်ခဲ့ခြင်းမရှိချေ။

၁၉၉၅ ခုနှစ် ဇန်န၀ါရီလတွင်မူ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA)သည် KNU အဖွဲ့မှ ခွဲထွက်ခဲ့ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။

၂၀၀၄ ခုနှစ်တွင် KNU ဥက္ကဌ စောဘိုမြသည်လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်သို့ သွားရောက်ခဲ့သေးသည်။

၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလက KNU မှ ဗိုလ်ချုပ်ထိန်မောင်သည် တပ်သား ၃၀၀ ခန့်နှင့်အတူ KNU တပ်မဟာ ၇ မှခွဲထွက်ကာ မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့ပြီး ယင်းခွဲထွက်အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။ ထိုအချိန်မှစတင်၍ KNU အဖွဲ့က စစ်အစိုးရနှင့် အဆက်အသွယ်ကိုရပ်ဆိုင်း လိုက်ကြောင်း သိရသည်။

ထိုကဲ့သို့ KNU မှ ခွဲထွက်သည့်အဖွဲ့များပြားလာပြီးနောက်ပိုင်း အဖွဲ့အတွင်းတွင် လုပ်ကြံမှုများ ပိုမိုများပြားလာကာ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာသည်လည်း ၂၀၀ဂ ခု ဖေဖော်ဝါရီလ ၁၄ရက်နေ့က နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု ကြောင့် ကွယ်လွန်သွားခဲ့ရသည်။

ကိုအောင်သူငြိမ်းက ဆက်လက်ပြီး“ကရင်လူထုအကြားကွဲလွဲမှုတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ အမြန်ဆုံးရပ်ဆိုင်း သွားအောင် အခု KNU ခေါင်းဆောင်တွေက မဖြစ်မနေလုပ်ဆောင်ဖို့လိုပါတယ်၊ အခုအချိန်က စည်းလုံးရေးကို ပြန်လည် လုပ်ဆောင်ရမယ့် အချိန်လည်းဖြစ်ပါတယ်”ဟု ပြောဆိုသည်။

တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေ ကလည်း မြန်မာစစ်အစိုးရက KNU ပြိုကွဲရန် လိမ္မာပါးနပ်စွာ လုပ်ခဲ့ ကြောင်း ၀န်ခံပြောပြသည်။

“ပြီးခဲ့တဲ့ ပြိုကွဲမှုတွေဟာ ကျနော်တို့မှာအားနည်းချက်တွေ ရှိခဲ့လို့ဖြစ်ပါတယ်၊ ဒါဟာသဘာဝပါပဲ၊ ဘယ်ပါတီ အဖွဲ့အစည်း မဆိုဖြစ်သွားနိုင်တဲ့ကိစ္စ၊ ဒါပေမယ့် နောက် မဖြစ်ဖို့ကို ဒီအပေါ်မှာ သင်ခန်းစာယူရပါမယ်”ဟု ဗိုလ်မှူး စောလှငွေ ကပြောသည်။

တချိန်တည်းတွင်ပင် မြန်မာပြည်တွင်း၌ နိုင်ငံရေးနည်းနှင့်အဖြေရှာရမည့် နိုင်ငံရေးပဋိပက္ခများ ရှိနေကြောင်း၊ သို့သော် KNU အနေနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် လက်နက်ကိုင် တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း KNU ဒု ဥက္ကဌ အသစ် စောဒေးဗစ်တာကပေါ က ပြောသည်။

ထို့အပြင် စစ်အစိုးရနှင့် စေ့စပ်ဆွေးနွေးရေးကို လက်ခံကြိုဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးနှင့် ကရင်ပြည်နယ်အတွင်းရှိ မြန်မာအစိုးရ စစ်တပ်များကို ပြန်လည် ရုတ်သိမ်းပေးရေး စသည့်အချက်များအပါအ၀င် တိကျသေချာသော စည်းကမ်းသတ်မှတ်ချက်များ အောက်တွင် အပစ်အခတ်ရပ်စဲရေးကို ပြုလုပ်နိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“အမှန်တကယ်သာ မြန်မာစစ်အစိုးရက စေ့စပ်ဆွေးနွေးရေးလုပ်မယ်ဆိုရင် ကျနော်တို့ဘက်က စားပွဲဝိုင်းမှာ တွေ့ဆုံဖို့ အဆင်သင့်ပါပဲ”ဟုလည်း ဒေးဗစ်တာကပေါ က ပြောသည်။

ရန်ကုန်မြို့ရှိ ကရင်ဘာသာရေးခေါင်းဆောင်တဦးကမူ KNU အနေနှင့် အားနည်းချက်၊ အားသာချက်များရှိနေ ကြောင်း၊ ယခုခေါင်းဆောင်ပိုင်းအနေနှင့် အဓိက ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သဘောထားကြီးကြီးနှင့် ကျယ် ကျယ်ပြန့်ပြန့် စဉ်းစားဆုံးဖြတ်ရန်လိုကြောင်း ဧရာဝတီသို့ ပြောသည်။

မည်သို့ပင်ဖြစ်စေ ယခု KNU ခေါင်းဆောင်သစ်များအပေါ် ထင်မြင်ချက်ပေးရန်မှာ အလွန်အချိန်စောသေးသည်ဟု လည်း ၎င်းက ဆိုသည်။

“ကျနော်တို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်”ဟု အထက်ပါ ဘာသာရေး ခေါင်းဆောင်က ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်