ပေါက်ကွဲမှု အနုအလှ

မြန်မာပြည်က သူသယ်ဆောင် လာသမျှကတော့ သေနတ်တွေနဲ့ စစ်လက်နက် ပစ္စည်းတွေ ချည်းပါပဲ။ ဒါပေမယ့် အဲဒီ လက်နက်တွေက လူ့အသက်ကို တကယ် မသေစေနိုင်ပါဘူး၊ ပြီးတော့ အရောင်အသွေးတွေ စုံလင်လို့ နေပါသေးတယ်။

သူ့ လက်နက်တွေနဲ့ တိုက်ခိုက်ချေမှုန်းလိုတဲ့ ရန်သူတွေက စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်ကြီးတော့ မဟုတ်ပါဘူး။ သူ့ရန်သူတွေက နယ်ချဲ့စနစ်၊ နည်းပညာ ခေတ်နောက်ကျမှု၊ ကမ္ဘာ့လူဦးရေ အလွန်အမင်း ပေါက်ကွဲမှု၊ ရေသန့်ရှားပါးမှု၊ ကြက်ငှက်တုပ်ကွေးရောဂါ စတဲ့ ပြဿနာတွေပဲ ဖြစ်နေပါတယ်။

{slimbox images/multimedia/San-Minn/01.jpg,images/multimedia/San-Minn/01-sm.jpg, “Turning Point” (ဓာတ်ပုံ - ကိုစိုး/ဧရာဝတီ);images/multimedia/San-Minn/02.jpg,images/multimedia/San-Minn/02-sm.jpg, “Attraction” (ဓာတ်ပုံ - ကိုစိုး/ဧရာဝတီ); images/multimedia/San-Minn/03.jpg,images/multimedia/San-Minn/03-sm.jpg, “Equal Reaction” (ဓာတ်ပုံ - ကိုစိုး/ဧရာဝတီ); images/multimedia/San-Minn/04.jpg,images/multimedia/San-Minn/04-sm.jpg, “Explosion” (ဓာတ်ပုံ - ကိုစိုး/ဧရာဝတီ); images/multimedia/San-Minn/05.jpg,images/multimedia/San-Minn/05-sm.jpg, “Weapon of Art-1” (ဓာတ်ပုံ - ကိုစိုး/ဧရာဝတီ); images/multimedia/San-Minn/06.jpg,images/multimedia/San-Minn/06-sm.jpg, လောကနတ် ပန်းချီကားရှေ့တွင် တွေ့ရသည့် ပန်းချီစံမင်း (ဓာတ်ပုံ - ကိုစိုး/ဧရာဝတီ)}

သူ့ရဲ့ “လက်နက်တွေ” ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့က သုဝဏ္ဏဘူမိ ပန်းချီ ပြခန်းမှာ ခင်းကျင်းပြသထားပါတယ်။ သူ ဆိုတာကတော့ ပန်းချီစံမင်းပါ။ အဲဒီပြခန်းမှာ ပြသခဲ့သမျှ ပန်းချီဆရာတွေ ထဲမှာတော့ သူက “လက်နက်” စီးရီးကို ပထမဆုံး ခင်းကျင်းပြသသူ ဖြစ်တဲ့အတွက် ထူးခြားပါတယ်။

ယုတ္တိလွန် (ဆာရီယယ်လစ်ဇင်) ပန်းချီတွေကို ဆွဲတဲ့ ကမ္ဘာပေါ်က တခြား ပန်းချီဆရာတွေလိုပဲ ပန်းချီ စံမင်းဟာလည်း သူ့ပန်းချီကားတွေကို အတွေးအခေါ်အယူအဆတွေနဲ့ ဖန်တီး ခြယ်မှုန်းထားတဲ့အတွက် ပန်းချီကား ကြည့်သူတိုင်းအတွက် ချင့်ချိန်တွေးခေါ် ခံစားဖို့ အချိန်အနည်းနဲ့ အများ လိုအပ်ပါလိမ့်မယ်။

မကြာသေးခင်က ကျင်းပခဲ့တဲ့ သူ့ပန်းချီပြပွဲ ဖွင့်ပွဲနေ့က Turning Point လို့ အမည်ပေးထားတဲ့ ပန်းချီကား ကိုကြည့်ပြီး ပရိသတ်ထဲက အသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

“ကျနော့်အထင်ပြောရရင်တော့ ဒီပန်းချီကားက စစ်ပဒေသရာဇ်စနစ်ကို ပြချင်တာဖြစ်မယ်” လို့ ပရိသတ်ထဲက အသံတသံထွက်လာ ခဲ့တယ်။ အဲဒီ ပန်းချီကားထဲမှာ ပဒေသရာဇ်ခေတ် စစ်ဝတ်စုံ ဝတ်ထားတဲ့ ရှေးခေတ် စစ်သား တယောက်က ဓား၊ လှံ လက်နက်တွေအစား အခုခေတ် သေနတ် တလက်ကို ကိုင်ထားတာ တွေ့ရပါတယ်။

ဒါပေမယ့် ပန်းချီစံမင်းကတော့ သူဆွဲခဲ့တဲ့ ဒီပန်းချီကားရဲ့ အနက်ကို ပြန်လည် ရှင်းပြခဲ့ပါတယ်။

“ရှေးခေတ်က ကျနော်တို့ရဲ့ ဘုရင်တွေက လက်နက်ပစ္စည်း ခေတ်မမီ မပြည့်စုံလို့ ကိုလိုနီ လက်အောက်ခံ ဘဝကို ရောက်ခဲ့ရတယ်။ အဲဒီအချိန်မှာသာ ခေတ်မီတိုးတက်ခဲ့မယ် ဆိုရင် တပါးကျွန်ဖြစ်ခဲ့မှာ မဟုတ်ဘူးလို့ ကျနော်ပြောချင်တာပါ” လို့ သူက ပြောပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက စိစစ်ရေးအရာရှိတွေကတော့ ဒီပန်းချီကားကို အဓိပ္ပာယ်တမျိုးနဲ့ မြင်ပုံရတယ်။ ပန်းချီစံမင်းရဲ့ ရန်ကုန်ပြပွဲမှာ ဒီပန်းချီကားကို ပြသဖို့ မသင့်လျော်ဘူးဆိုပြီး သူတို့က ပိတ်ပင်ခဲ့ပါတယ်။

ခုအချိန်မှာ အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ ပန်းချီစံမင်းဟာ ပန်းချီပညာကို ဦးဘလုံလေး၊ ဦးလွန်းကြွယ် စတဲ့ မြန်မာ ပန်းချီဆရာကြီးတွေဆီက နည်းနာခံ၊ သင်ယူခဲ့တာဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်က စတင်ပြီး  အနုပညာလောက ထဲမှာ ခြေချခဲ့တဲ့ ပန်းချီဆရာဟာ “လက်နက်” စီးရီးကို ၁၉၇၄ ခုနှစ်မှာ စတင်ရေးဆွဲခဲ့ပြီး အဲဒီစီးရီးရဲ့ ပထမဆုံး ပန်းချီကားကတော့ “အချစ်နှင့် စစ်” ဖြစ်ပါတယ်။

“ဘာကြောင့်လဲ ဆိုတော့ အချစ်ဆိုတာလည်း စစ်ပွဲ တမျိုးပဲ မဟုတ်လား” လို့ ပန်းချီဆရာက ပြုံးပြီးပြောတယ်။

ပန်းချီစံမင်းဟာ လက်နက်တွေနဲ့ပတ်သက်လို့ ပန်းချီကားပေါင်း ၂၄ ကားထိ ဆွဲပြီးခဲ့ပေမယ့် ချင်းမိုင်မြို့က ပန်းချီပြခန်းရဲ့ နေရာ အခက်အခဲကြောင့် ၁၆ ကားပဲ ချိတ်ဆွဲပြသနိုင်ခဲ့ပါတယ်။

၁၉၈၀ ကျော်ကာလတွေက ဖော့ကလန်ကျွန်းအရေးအခင်းကြောင့် ဖြစ်ပွားခဲ့တဲ့ ဗြိတိန်နဲ့ အာဂျင်တီးနား စစ်ပွဲကလည်း လက်နက်စီးရီးရေးဆွဲဖို့ ပန်းချီစံမင်းအတွက် တွန်းအားတခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပန်းချီစံမင်းဟာ နိုင်ငံတကာအရေးကိစ္စတွေနဲ့ ပဋိပက္ခတွေ၊ စစ်ရေးစစ်ရာ ကိစ္စတွေကို စိတ်ဝင်စားသူ တဦး ဖြစ်ပါတယ်။

Turning Point ရဲ့ ဘေးမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားရဲ့ အမည်ကတော့ Attraction လို့အမည်ရပါတယ်။ သေနတ် ပြောင်းဝကနေ နှုတ်ခမ်းနီတောင့် တတောင့် ထွက်ပေါ်နေပြီးတော့ ဘေးပတ်ပတ်လည်မှာ ရဲရဲတောက် နေအောင် ဆိုးဆေးတွေဆိုးထားတဲ့ ရမက်ပြင်းထန်တဲ့ နှုတ်ခမ်းတွေ၊ ခြယ်သထားတဲ့ မျက်လုံးတွေနဲ့ အမျိုးသမီးသုံး အလှပြင်ပစ္စည်း မျိုးစုံ ဝန်းရံထားပါတယ်။ ပန်းချီဆရာကတော့ ဒါတွေဟာ “မာယာလက်နက် တွေပေါ့” လို့ ပြောပါတယ်။

ပန်းချီစံမင်းရဲ့ Equal Reaction ဆိုတဲ့ ပန်းချီကားထဲမှာတော့ ဗုဒ္ဓရဲ့ “ကံ၊ ကံ၏အကျိုး” ဆိုတဲ့ ဟောကြား ချက်တချက်ကို တွေ့မြင်လိုက်ရပါတယ်။ ပြောင်းနှစ်ဘက်ပါတဲ့ သေနတ်တလက်က ပန်းချီကားထဲမှာ နေရာ ယူနေပါတယ်။ အဲဒီိသေနတ်ကို ပစ်လိုက်ရင် ပစ်သူကိုပါ ထိမှန်မယ် ဆိုတဲ့သဘော၊ ပစ်သူရဲ့ ဘက်မှာပါ ပြောင်းဝတခုက ရှိနေတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့ကံ၊ မကောင်းတာပြုမူရင် မကောင်းတဲ့ကံ ခံစားရမယ် ဆိုတဲ့ ဗုဒ္ဓရဲ့ တရားတော်ကို ဖော်ကျူးတဲ့ ပန်းချီကားလို့ ဆိုရမှာပါ။

စိတ်တုန်လှုပ်ဖို့ ကောင်းတဲ့ ပန်းချီကား တချပ်ကိုလည်း တွေ့လိုက်ရတယ်။ အဲဒါကတော့ Explosion လို့ နာမည် ပေးထားပါတယ်။ ထိုကားတွင် လက်ပစ်ဗုံးကြီးတခုထဲ၌ သန္ဓေသားလောင်း ပုံတပုံပါရှိပြီး နောက်ခံကတော့ မီးတောက် မီးလျှံများက အလျှံကြီးကြီးနဲ့ တောက်လောင်နေပါတယ်။ ကမ္ဘာ့ လူဦးရေ သန်း ၆ ထောင်ကျော်နေပြီ၊ ထိန်းချုပ်သင့်ပြီ ဆိုတာကို ပန်းချီကားက ပြသနေတယ်။ ကမ္ဘာပေါ်မှာ လူဦးရေပေါက်ကွဲမှုကြီး ကြောက်ခမန်း လိလိ ဖြစ်နေတယ် ဆိုတဲ့အချက်ကို ပန်းချီဆရာက ပြောချင်တယ်ထင်ပါတယ်။

တခြားပန်းချီကားတချပ်ထဲမှာတော့ ရှေးဟောင်းသေနတ်တလက်ရဲ့ ထိပ်မှာ ကလောင်သွားတခု ပေါ်ထွက် နေတာ တွေ့ရပါတယ်။ ထိုကားရဲ့ နာမည်ကတော့ Weapon of Art – 1 ဖြစ်ပါတယ်။ “ဓားသွားထက် ကလောင်သွားထက်တယ်” ဆိုတဲ့ စကားအတိုင်း အနုပညာ၊ စာပေ၊ သတင်း မီဒီယာတွေဟာ သေနတ် တလက်လိုပဲ ထိရောက်မှု အားကောင်းတယ်လို့ ဆိုလိုနေပုံရပါတယ်။

သူ့ ပန်းချီကားတွေရဲ့ တန်ဖိုးက ဒေါ်လာ ၄၀၀၀ ဝန်းကျင် ဆိုပေမယ့် အဲဒီ ပန်းချီဆရာက ငွေကြေးအတွက် ရေးနေခြင်း မဟုတ်ပါဘူး။ သူပန်းချီဆွဲခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပန်းချီကား ရာနဲ့ချီ ရေးခဲ့ပေမယ့် ၁၀ ကားတောင် မရောင်းခဲ့ရဘူးလို့ သိရပါတယ်။ သူဆွဲချင်တာကိုသာ ရေးဆွဲနေခဲ့တာ ဖြစ်ပါတယ်။ သူ့ ပန်းချီကားတွေကိုလည်း တဦးချင်းစီရဲ့ အိမ်တွေမှာ ချိတ်ဆွဲထားတာထက် ပြတိုက်တွေမှာပဲ ပြသထားတာက ပို သင့်တော်မယ်ထင်ပါတယ်။

“ကျနော်ကတော့ ကျနော်ယုံကြည်တဲ့ အနုပညာကိုပဲ လုပ်နေမှာပဲ။ ကျနော်ဆွဲချင်တာတွေပဲ ဆွဲနေမှာ” ဟု ပန်းချီဆရာက သူ့ ယုံကြည်ချက်ကို ပြောပြသည်။

နောက်ဆုံးမှာတော့ ပန်းချီဆရာက Lokanat ဆိုတဲ့ ပန်းချီကားရှေ့မှာ ရပ်လိုက်ပြီး “ဒီပန်းချီကားကတော့ ကျနော့်အကြိုက်ဆုံးပဲ” လို့ ပြောပါတယ်။ လောကနတ်ဆိုတာက ငြိမ်းချမ်းရေးရဲ့ သင်္ကေတ တခုပါပဲ။
ဒဏ္ဍာရီထဲမှာ ရှူးပျံကြီးနဲ့ ဆင်ပျံကြီးတို့က တိမ်ညွန့်တွေ ခူးစားကြရင်း ကောင်းကင်တိုက်ပွဲ ဖြစ်ကျတော့ ငြိမ်းချမ်းရေး ရဖို့အတွက် လောကနတ်က ကြားဝင်ဖြန်ဖြေပေးခဲ့တာပါ။

ပန်းချီစံမင်းရဲ့ “လောကနတ်” ပန်းချီကားထဲမှာ ခေတ်သစ် လက်နက်တွေ၊ တိုက်လေယာဉ်တွေ ဝဲပျံနေတဲ့ ကြားထဲ လောကနတ်ရုပ်တုကို ထည့်သွင်းရေးဆွဲထားတာ တွေ့ရပါတယ်။

ဒီနေ့ ပဋိပက္ခတွေနဲ့ စစ်ပွဲတွေ သိပ်များနေတဲ့ ကမ္ဘာကြီးဆီကို ငြိမ်းချမ်းရေးတွေ ဆောင်ကြဉ်းလာစေဖို့ အတွက် ပန်းချီစံမင်းရဲ့ လောကနတ်က ကြားဝင် ဆောင်ရွက် ပေးတော့မယ်ဆိုတဲ့ သဘောလို့ ထင်ရပါတယ်။

ကျော်စွာမိုးရေးသည့် Explosive Art from Burma ကို ဆီလျော်အောင် ပြန်လည်ရေးသားသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်