ဗမာပြည်စစ်ဆင်ရေးနှင့် နောက်ဆက်တွဲ

ဒုတိယကမ္ဘာစစ်အတွင်းက ဗမာပြည်စစ်ပွဲကို ထပ်မံကြည့်ရှုခြင်း

စာအုပ်ရဲ့နာမည်က လုံးဝလိုက်ဖက်မှုမရှိပါဘူး။ မဟာမိတ်နိုင်ငံများနဲ့ ဂျပန် အင်ပါယာတပ်မတော်အကြား ဗမာပြည်တိုက်ပွဲကို `အမေ့ခံတိုက်ပွဲ´

လို့ ခေါ်ဆိုဖို့ သိပ်မဖြစ်နိုင်ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကမှ စစ်သမိုင်းဆရာ `ဂျူလီယမ် သွန်ဆင်´ ရေးသားပြီး စာမျက်နှာ (၄၅၆) မျက်နှာပါ ဗမာပြည် စစ်ဆင်ရေးအကြောင်း အသေးစိတ်ဖော်ပြထားတဲ့ စာအုပ်တအုပ်ကို လန်ဒန်ရှိ `အင်ပါယာစစ်ပြတိုက်´ က ထုတ်ဝေခဲ့ပါသေးတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အာရှတိုက်တွင်ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယိုအများဆုံး စစ်ဆင်ရေးတွေထဲက တခုအကြောင်း ရေးသားထားတဲ့စာအုပ်တွေ အများအပြားရှိပါတယ်။ ဒီအထဲမှာ ဂန္ထဝင်ဖြစ်နေတဲ့ စာအုပ်တွေလည်း တော်တော်များများ ပါဝင်နေတယ်။

တကယ်တော့ ခေတ်သစ်အာရှသမိုင်းမှာ ဗမာပြည်တိုက်ပွဲဟာ အထောက် အထားမှတ်တမ်းမှတ်ရာ အပြည့်စုံဆုံး စစ်ပွဲတွေထဲက တခုဖြစ်တယ်။ ဂျွန်လာ တီးမားရဲ့ လေ့လာချက်ဟာ ဖတ်ရှုထိုက်ပါတယ်။ သူ့ရဲ့ သူရဲကောင်းတွေဟာ သူဖော်ပြထားသလို `အညတရ´ တွေဖြစ်တာကြောင့် မဟုတ်ဘူး၊ ဗမာပြည် စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာနဲ့ ထဲထဲဝင်ဝင် လေ့လာထားချက်တခု ဖြစ်လို့ပါ။ ဗြိတိသျှတွေ အရှုံးနိမ့်သွားပုံ၊ နောက် အကျပ်အတည်းတွေနဲ့ တွေ့ကြုံ ရပုံ၊ အဆုံးမှာ ဂျပန်တွေအပေါ် အောင်ပွဲခံခဲ့ပုံတွေကို ခုနှစ်အစဉ်အတိုင်း မှတ်တမ်းတင်ထားပါတယ်။ ဒါကိုလည်း လှလှပပ ရေးဖွဲ့ထားတယ်။

တော်ဝင်ဝေလခြေလျင်တပ် (Royal Welsh Fusiliers) မှာ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ပြီး၊ နောက်ပိုင်းမှာ စစ်ထောက်လှမ်း ရေးအရာရှိ ဖြစ်လာတဲ့ `လာတီးမား´ဟာ ဒုတိယကမ္ဘာစစ်အကြောင်း စာအုပ်အတော်များများကို ရေးသားခဲ့တဲ့ စာရေး ဆရာတယောက်ဖြစ်တယ်။ ဒီစာအုပ်ကိုရေးသားဖို့အတွက် ၀ါရှင်တန်၊ လန်ဒန်၊ အီဒင်ဘတ်နဲ့ ၀င်ချက်စတာက ဂေါ်ရခါး ပြတိုက်ကို သွားပြီး စစ်အတွင်းမှတ်တမ်းများကို ရယူခဲ့တယ်။ စစ်ဘေးဒုက္ခကို ကိုယ်တိုင်တွေ့ကြုံခဲ့ရပြီး ယခုထက်တိုင် အသက်ရှင်နေသေးတဲ့ သူတွေကိုလည်း တွေ့ဆုံမေးမြန်းခဲ့တယ်။

ဗမာပြည်စစ်ဆင်ရေးဟာ စစ်သမိုင်းမှာ လူမျိုးပေါင်းစုံပါဝင်တဲ့ အကြီးမားဆုံးစစ်ဆင်ရေးတွေထဲက တခုပါ။ မဟာမိတ် တပ်သားတွေဟာ အင်္ဂလိပ်နဲ့ အမေရိကန်တွေတင်မက ကနေဒါ၊ သြစတေးလျ၊ နယူးဇီလန်၊ အာဖရိကတိုက်အရှေ့ပိုင်း အနောက်ပိုင်း တောင်ပိုင်းနဲ့ အများစုက အိန္ဒိယမှ လာကြတာပါ။ လာတီးမား ထောက်ပြခဲ့သလို သူတို့တွေဟာ အိန္ဒိယ တိုက်ငယ်ရှိ လူမျိုးနဲ့ဇာတ်အသီးသီးကို ကိုယ်စားပြုကြတဲ့ ဒိုဂရာ၊ ဆစ်ခ်၊ ပန်ဂျပ်၊ ကူမာအိုနီ၊ မဒရပ်နဲ့ နီပေါလူမျိုးတွေ ဖြစ်တယ်။

တရုတ်ပြည်မှာ ဂျပန်ကိုတိုက်ခိုက်နေတဲ့ မဟာမိတ်တပ်တွေကို ထောက်ပံ့ဖို့ အိန္ဒိယအရှေ့မြောက်ဖက်ကနေ ဗမာပြည် မြောက်ပိုင်းကိုဖြတ်ပြီး ကီလိုမီတာ (၁၀၀၀) ရှည်လျားတဲ့ကားလမ်းကို ဖောက်လုပ်ခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ရင်  ဒီစာအုပ်က သက်သေပါပဲ။ ဒီစစ်ပွဲနဲ့ပတ်သက်တဲ့ နောက်ထပ်စာအုပ်တအုပ်ဖြစ်တဲ့ `ဗမာပြည်စစ်ဆင်ရေး´ စာအုပ်ကို ရေးသားသူ ဗြိတိသျှစစ်သားဟောင်းကြီး ဒုတိယဗိုလ်မှူးကြီး `ဖရန့်ခ် အိုဝင်´ အဆိုအရ တရုတ်၊ ချင်း၊ ကချင်၊ အိန္ဒိယ၊ နီပေါ၊ နာဂနဲ့ ဂရိုစ်လူမျိုးတွေဟာ တောတွေ ခုတ်ထွင်ရှင်းလင်း စုပုံကြရတယ်။ နီဂရိုးတွေက စက်ယန္တရားတွေကို မောင်းတယ်။ ပုခုံးထိနက်တဲ့ ချောင်းတွေထဲ၊ ခါးအထိနက်တဲ့ အနီရောင်ရွှံ့တောထဲ လူမည်း၊ လူညို၊ လူဝါနဲ့ လူဖြူတွေဟာ ပင်ပန်းခက်ခဲ စွာရုန်းကန်ပြီး အလုပ်လုပ်ခဲ့ကြရတယ်။ ပတ်ဝန်းကျင် တောင်ကုန်းတောင်တန်းတွေပေါ်မှာ ကချင်နဲ့ကရင် ပြောက်ကြား တပ်ဖွဲ့တွေက ဂျပန်စစ်စခန်းတွေကို ပြောက်ကြားစစ်ဆင်နွှဲခဲ့ကြတယ်။

ရှေ့ကစာရေးဆရာတွေထက်သာတဲ့ အချက်ကတော့ လာတီးးမားဟာ ထူးခြားတဲ့ ဒီစစ်ပွဲမှာ ဦးဆောင်ခဲ့သူတွေရဲ့ ကိုယ်ရည် ကိုယ်သွေးကို ချယ်မှုန်းပြသထားတာပါ။ လော့မောင့်ဘက်တန်ရဲ့ ထောက်ခံမှုရထားတဲ့အမှတ် (၁၄) တပ်မတော် တပ်မှူးကြီး ၀ီလျံ ဆလင်းမ်အကြောင်း၊ အနားမှာရှိတဲ့ လူတိုင်းနီးပါးကို (အထူးသဖြင့် ဗြိတိသျှ ရဲဘော်တွေကို) ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတတ်ပြီး စိတ်တိုတတ်လွန်းတာကြောင့် `ချဉ်ဖတ်ကြီး ဂျိုး´လို့ လူသိများတဲ့ အမေရိကန်ဗိုလ်ချုပ် ဂျိုးဇက် စတီးဝဲလ် အကြောင်းကို ရေးသားထားပါတယ်။

ဂမ္ဘီယအယူအဆကို ယုံကြည်ပြီး စိတ်အားထက်သန်လှတဲ့၊ ကိုယ့်ကိုယ်ကို အပြည့်အဝယုံကြည်မှုရှိပြီး အလွန်အကျူး စိတ်ဓာတ်ကျတတ်တဲ့ ဗြိတိသျှအရာရှိ ၀င်းဂိတ်အကြောင်းတွေကိုလည်း ရေးသားထားပါတယ်။ လာတီးမားအပြောအရတော့ ဝင်းဂိတ်ဟာ အစွဲအလမ်းကြီးတယ်၊ ရိုင်းတယ်၊ ပြီးတော့ အနိုင်ကျင့်ဗိုလ်ကျလွန်းတယ်။ ဒါပေမယ့် `ချင်းဒစ်´လို့ လျှို့ဝှက် အမည်ပေးထားတဲ့ သူ့ရဲ့အထူးတပ်ဖွဲ့ဟာ ဂျပန်စစ်တပ်ရဲ့နောက်ကျောရိုးကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး ရန်သူရဲ့ ရိက္ခာပို့ လမ်းကြောင်းတွေကို အကြီးအကျယ် နှောက်ယှက်ဖြတ်တောက်နိုင်ခဲ့တယ်။ ဂျပန်တွေရှုံးနိမ့်တာကို ၀င်းဂိတ် မမြင်သွား လိုက်ရဘူး။ (၁၉၄၄) ခုနှစ်မှာ ဗမာပြည်အတွင်း လေယာဉ်ပျက်ကျပြီး သေဆုံးသွားတယ်။

ဂျပန်တွေမရှုမလှ ရှုံးနိမ့်ပြီးတဲ့နောက်ပိုင်းမှာ ကတုတ်ကျင်းထဲက ရဲဘော်ရဲဘက်စိတ်တွေလည်း မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားခဲ့ကြတယ်။ လာတီးမားဟာ စစ်ပွဲနောက်က ထပ်ချပ်လိုက်ပါလာတဲ့အကျိုးဆက်တွေနဲ့ နောက်ပိုင်း ကျန်ရစ်ခဲ့မယ့် စစ်ရဲ့အမွေအနှစ်တွေအကြောင်း ရေးသားထားပါတယ်။ ဗြိတိသျှကိုလိုနီ အောင်ပွဲကြီးဟာ အဲဒီအချိန်မှာ အသက်ဖိုလှိုက်ဖိုလှိုက်ဖြစ်နေတဲ့အကြောင်း၊ ကိုလိုနီနယ်တွေဘက်က ကိုယ်ပိုင်အုပ်ချုပ်ရေးရဖို့ ပေးတဲ့ ဖိအားသစ်တွေ အကြောင်း၊ ဗမာပြည်စစ်အစိုးရ ပေါ်ပေါက်လာတဲ့အကြောင်း၊ (ဂျပန်ကိုတိုက်ခိုက်ဖို့ မဟာမိတ်တွေက လက်နက် တပ်ဆင်ပေးခဲ့တဲ့) တိုင်းရင်းသား လူမျိုးစုတွေရဲ့ အဆုံးသတ်ဖို့ မမြင်တဲ့ တော်လှန်ပုန်ကန်မှုတွေအကြောင်းကို ရေးဖွဲ့ခဲ့တယ်။

ကရင်၊ ကချင်နဲ့ အခြားလူမျိုးတွေဟာ ရန်ကုန်အစိုးရဆီက အချုပ်အခြာအာဏာရရှိရေးအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲ ၀င်ခဲ့တယ်။ ဒီစစ်ဆင်ရေးကြီးစတင်ခဲ့တဲ့ အိန္ဒိယအရှေ့မြောက်ဒေသမှာ ဗြိတိသျှဆီက လွတ်လပ်ရေး ရခဲ့ချိန်ကတည်းကစပြီး နာဂလူမျိုးတွေဟာ အိန္ဒိယအစိုးရဆီမှ လွတ်လပ်ရေးရရှိဖို့ တိုက်ပွဲဝင်ခဲ့ကြတယ်။ နာဂတွေရဲ့ ဒီစစ်ပွဲကမှ တကယ့် `အမေ့ခံစစ်ပွဲ´ ပါ။ ဗမာပြည်ရဲ့ လူမျိုးစုတော်လှန်ပုန်ကန်မှုတွေနဲ့မတူဘဲ နာဂလူမျိုးတို့ရဲ့ လွတ်မြောက်ရေးတိုက်ပွဲဟာ ဒီဒေသရဲ့ အပြင်ဖက်မှာ အာရုံစိုက်ခံရမှုအလွန်နည်းပါးပါတယ်။ နိုင်ငံတကာ သတင်းစာမျက်နှာတွေပေါ်မှာလည်း ဖော်ပြမှု မရှိသလောက်ပါပဲ။

`ဗမာပြည် - အမေ့ခံစစ်ပွဲ´ စာအုပ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဗမာပြည်စစ်ပွဲသမိုင်းကိုသာ ရေးသားထားတဲ့ စာအုပ် မဟုတ်ပါဘူး။  အာရှရဲ့ စနစ်ဟောင်းကြီးပြိုကျပျက်စီးသွားပြီး အရှိတရားသစ်တွေကို လမ်းဖွင့်ပေးခဲ့တဲ့ ဖြစ်စဉ်တခုကို ရေးသားဖော်ပြထားတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ စိတ်ထိခိုက်စရာကောင်းလှတဲ့ ဒုတိယကမ္ဘာစစ်လွန်နဲ့ ကိုလိုနီခေတ်လွန် ဖြစ်ရပ်ဇာတ်လမ်းတွေကို တခြားစာအုပ်တွေထက် ထင်ရှားပေါ်လွင်စွာ ရေးသားထားတဲ့ စာအုပ်ပါ။

မဟာမိတ်စစ်ပြန်အများစုဟာ စစ်အတွင်းကာလက သူတို့ရန်သူတွေအပေါ်ထားခဲ့တဲ့ အမုန်းတရားတွေကို ငြိမ်းချမ်းမှုကာလ ထဲအထိ ဆောင်ယူခဲ့တယ်။ ဒါပေမယ့်  ဗမာ့စစ်ဆင်ရေးအတွင်း အမှုထမ်းကောင်းတံဆိပ်ရ စစ်ပြန်များအဖွဲ့ရဲ့ ဥက္ကဌ ဒေးဗစ်ဝီလ်ဆင် က သူ့ရဲ့ရန်သူဟောင်းတွေကို သူ့နေအိမ်နဲ့ ယော့ခ်မြို့မှာ ကျင်းပတဲ့ ဒုတိယကမ္ဘာစစ် အောက်မေ့ဖွယ် အခမ်းအနားတခုကို ဖိတ်ခေါ်ခဲ့တယ်။ အဲဒီအခမ်းအနားမှာ ဂန္ဓမာပန်းခွေများချနေချိန် ဖြစ်ပေါ်လာတဲ့ သူတို့ရဲ့ စိတ်ခံစား မှုဟာ အစစ်အမှန်ပါပဲ။ ဒီလို ဗြိတိသျှတို့ရဲ့ အောက်မေ့ဖွယ် အခမ်းအနားကို ဘာကြောင့် လေးလေးစားစား တက်ရောက်ကြ တာလဲလို့ ဂျပန်တွေကို ဝီလ်ဆင်က မေးတဲ့အခါ `အခုအခါမှာ ဒီလိုအောက်မေ့ဖွယ် အခမ်းအနားမျိုးဟာ ကျနော်တို့သမိုင်းရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဗမာပြည်မှာ ခင်ဗျားတို့ရဲဘော်တွေနဲ့အတူ ကျဆုံးသွားကြတဲ့ ကျနော်တို့ ဆွေမျိုးသားချင်း တွေနဲ့ သူငယ်ချင်းတွေကို ပြန်လည်အမှတ်ရနေဖို့ ဂျပန်မှာ ဘယ်လိုအခမ်းအနားမျိုးမှ မရှိဘူးလေ။ အခုဒီမှာ သူတို့ကိုသတိရ အောက်မေ့နိုင်တာ ကျနော်တို့အတွက် အခွင့်ထူးပါပဲ´လို့ ပြန်ဖြေကြပါတယ်။

(ဂျပန်တပ်သား ၁၉၀၀၀၀ ခန့် ဒါမှမဟုတ် ဗမာပြည်တွင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျပန်တပ်သားတွေရဲ့ (၆၀) ရာခိုင်နှုန်း ခန့်ဟာ ဗမာပြည်မှာကျဆုံးခဲ့တယ်။ ဒီအရေအတွက်ဟာ ကျဆုံးသွားတဲ့ မဟာမိတ်တပ်သား အရေအတွက်ရဲ့ ၁၃ ဆ ရှိပါတယ်)။

လာတီးမားဟာ အထက်ကဖြစ်ရပ်နဲ့ လုံးလုံးဆန့်ကျင်ဘက်ဖြစ်တဲ့ အကြောင်းကိုလည်း ရေးသားဖော်ပြခဲ့ပါတယ်။

ဂျပန်လက်ထဲက ပြန်လည်သိမ်းပိုက်ပြီးချိန် ရန်ကုန်မြို့မှာ ယူနီယံဂျက်အလံကိုလွှင့်ထူခဲ့တဲ့ အိန္ဒိယတပ်သား `မိုဟာမက် မူဆစ်ဖ် ခန်း´ရဲ့ စစ်ပြီးကာလအတွေ့အကြုံတွေ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ လုံးဝ တသီးတခြားစီ ဖြစ်သွားပြီးတဲ့နောက် မိုဟာမက်ခန်း ဟာ ပေကျင်းက ပါကစ္စတန်သံရုံးမှာ အလုပ်လုပ်ခဲ့ပါတယ်။ နောက်တော့ သူသားနဲ့ အတူနေဖို့ ဗြိတိန်ကိုသွားခဲ့တယ်။ ဒါပေမယ့်  `စီမံအုပ်ချုပ်ရေးအမှားအယွင်း´တခုကြောင့် ဟီးသရိုးလေဆိပ်က သူ့ကို ပြည်ဝင်ခွင့် ငြင်းဆန်ခဲ့တယ်။ မိုဟာမက်ခန်းဟာ ဒေါသပေါက်ကွဲပြီး သူရခဲ့တဲ့ ဆုတံဆိပ်တွေကို ဗြိတိသျှအစိုးရထံ ပြန်အပ် ခဲ့ပါတယ်။ ဒီအထဲမှာ ဗမာပြည်စစ်ဆင်ရေးအတွင်း ရွပ်ရွပ်ချွန်ချွန် အမှုထမ်းခဲ့တဲ့အတွက် ရရှိခဲ့တဲ့ Burma Star လို့ခေါ်တဲ့ ဆုတံဆိပ်လည်း ပါဝင်ပါတယ်။     ။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်