စစ်အစိုးရအုပ်ချုပ်ရာမြန်မာနိုင်ငံရဲ့ အနိဌာရုံတွေကိုကြုံတွေ့ရတဲ့ ဒီစိတ်ကူးယဉ်ခရီးကို ဆန်းကြယ်ကမ္ဘာထဲက အယ်လစ် (Alice in Wonderland) ၀တ္ထုသွားမျိုး လွှမ်းမိုးနေပါတယ်။
The Joy Love Club နဲ့ The Bonesetter's Daughter ၀တ္ထုတွေရေးသားသူ အေမီတန်ဟာ လေးနက်တဲ့ နိုင်ငံရေး အကြောင်းအရာတွေကိုသုံးပြီး ရယ်ရွှင်စရာဝတ္ထုရှည်တပုဒ်ကို ရေးထားတာဖြစ်ပါတယ်။ “ငါးများ ရေနစ်မှာစိုး၍ ကယ်လိုက်ခြင်း” ဆိုတဲ့ နာမည် (ဗုဒ္ဓဘာသာဝင်တယောက် ငါးစားတဲ့အခါ ပေးတဲ့ဆင်ခြေ) နဲ့ ရေးထားတဲ့ ဒီဝတ္ထုကို လူတိုင်းကြိုက်ချင်မှ ကြိုက်မှာပါ။ ကြိုက်တဲ့သူတွေအဖို့တော့ ဒီဝတ္ထုထဲမှာ စာရေးသူရဲ့ စေတနာကောင်းတွေ နေရာအနှံ့လင်းလက်နေတာ တွေ့ရပါလိမ့်မယ်။
ခရီးသွားအုပ်စုကို ဗဟိုပြုပြီး ဇာတ်လမ်းဖွဲ့တာမျိုးဟာ ဥရောပအလယ်ခေတ်စာအုပ် ကင်တာဘာရီပုံပြင်များ (Canterbury Tales) နဲ့ တရုတ်ဂန္ထ၀င်စာအုပ် အနောက် ဘက်သို့ခရီး (Journey to the West) တို့ ကတည်းက စခဲ့တာပါ။ မြန်မာပြည်ရဲ့ တကယ့်လူမှုဒုက္ခတွေကို ဖော်ထုတ်ဖို့အတွက် စာရေးသူ အေမီတန်ဟာ စိတ်ကူး ဖန်တီးထားတဲ့ ခရီးသွားတစုရဲ့ ကမောက်ကမဖြစ်ပုံတွေကို ၀တ္ထုကျောရိုးအဖြစ် ယူထားပါတယ်။
ဝတ္ထုတပုဒ်လုံးကို ဝိညာဉ်တစ္ဆေလို ပြောပြသူတဦးနဲ့ စထားတယ်။ တစ္ဆေသရဲ မျိုးစုံရှိတဲ့ မြန်မာနိုင်ငံနဲ့ လိုက်ဖက် လှပါတယ်။ ၀ိညာဉ်က မကြာခင်ကမှ ပူပူနွေးနွေးသေဆုံးသွားခဲ့သူ ဘီဘီချန်းဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုမှာနေပြီး ပန်းချီကား အရောင်းအ၀ယ်လုပ်သူ ဖြစ်ပါတယ်။ သူက သူဦးဆောင်ဖို့ ရည်ရွယ် ထားခဲ့တဲ့ တရုတ်မြန်မာ ခရီးစဉ်က ဖြစ်ပျက်ပုံတွေကို စူးရှထက်မြက်တဲ့ ဟာသ ဥာဏ်နဲ့ ပြောပြပါတယ်။
ခရီးသည်တွေဟာ “ဘယ်မဆိုရောက်ဖူး ဘာမဆိုလုပ်ဖူး”တဲ့ နယ်ပယ်စုံက လူချမ်းသာ အမေရိကန်တွေပါ။ အနုပညာကို အဓိကထားပြီး ပြတိုက်တွေကို လိုက်ကြည့်နေတဲ့ ကမ္ဘာပတ်နေသူတွေဖြစ်တယ်။ ဒါပေမယ့် ယဉ်ကျေးမှုဆိုတာကို ကောင်းကောင်းနားမလည်၊ ကောင်းကောင်းအရသာမခံတတ်ဘဲ စားသုံးနေတဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ တရုတ်နိုင်ငံယူနန်ပြည်နယ်က စပြီးထွက်လာကြတယ်။ အမှတ်တမဲ့နဲ့ အဲဒီဒေသက နတ်စင် တခုကို မလေးမစားပြုမိရာကနေ မြန်မာပြည်နယ်စပ်ကိုဖြတ်တဲ့အခါ ကျိန်စာသင့်ပြီး ထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ ကြရတယ်။
ခရီးသည်တွေရဲ့ ပတ်ဝန်းကျင်နဲ့ သူတို့အချင်းချင်းအပေါ် အမှုမဲ့အမှတ်မဲ့ပြုမူမိတာတွေက “ငါးများ ရေနစ်မှာစိုး၍ ကယ်လိုက်ခြင်း” ၀တ္ထုရဲ့ အဓိကဇာတ်ကြောင်းဖြစ်တယ်။ “လူတွေဟာ အတော်ဆိုးဝါးပြီး အောက်တန်းကျနိုင်တယ်။ ဒီလိုဖြစ်နေတာကိုလည်း မသိနိုင်ကြဘူး”လို့ ခရီးသွားအဖွဲ့ဝင် အငယ်ဆုံးအမျိုးသမီးလေးက မြင်သွားတယ်။ သူ့နာမည်က “အက်စ်မီ” ဖြစ်တယ်။ ဒါဟာ သူတို့ အတ္တဘယ်လောက်ကြီးသလဲ ဆိုတာကို ဖော်ပြနေတာပဲ။ သူတို့အထဲမှာ အတွေအကြုံ မရှိတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတောင် ပါလိုက်သေးတယ်။သူတို့ဟာ မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် သပိတ်မှောက် ထားတာကို မသဲမကွဲတော့ သိနေတယ်။ ဒါပေမယ့် ဒီ သပိတ် မှောက်မှုဟာ သူတို့လို လူတွေနဲ့ အကျိုးးမ၀င်ဘူးလို့ ယူဆထားတယ်။
“စိတ်မချမ်းမြေ့စရာသတင်းတွေ ရှိနေပေမယ့် မြန်မာနိုင်ငံက အနုပညာလက်ရာတွေ၊ ပွဲလမ်းသဘင်တွေနဲ့ တိုင်းရင်းမျိုးနွယ် စုတွေရဲ့ အ၀တ်အထည်တွေ၊ စေတီပုထိုးတွေအပေါ်မတက်မီ ဖိနပ်ချွတ်ရတဲ့ ချစ်စရာ ဘာသာရေးကိုင်းရှိုင်းပုံတွေ စတဲ့ ကိုယ့်လက်တကမ်းမှာ ရှိတဲ့အရာတွေကိုလည်း ကြည်နူးခံစား နိုင်ပါသေးတယ်။ ဒါတွေဟာ ကျနော်တို့ခရီးသွားတွေ မြတ်နိုးတဲ့ အရာတွေဖြစ်ပြီး အရိုးခံချစ်စရာ သဘာဝနဲ့ ရှေးဟောင်း အမွေအနှစ် အလှအပတွေပဲပေါ့” လို့ ဘီဘီချမ်းက ရှင်းပြတယ်။
မိုင်းရှင်းကရိယာအဖြစ် အသုံးချခံခဲ့ရတဲ့ ခြေလက်အင်္ဂါပြတ်တောက်နေသူတွေကို သူတို့ရှေ့မှာ ရုတ်တရက်တွေ့လိုက်ရတဲ့ အချိန်ထိ မြန်မာပြည်ရဲ့ အနိဌာရုံတွေကို ဒီခရီးသည်တွေ မသိကြဘူး။ သူတို့ကို ကရင်မျိုးနွယ်စုတစုက ဖမ်းဆီးလိုက်တဲ့ အချိန်မှာ ဒီအနိဌာရုံတွေကို စတင်တွေ့တာပါပဲ။ ဖဲချပ်နဲ့ မျက်လှည့်ကစားနေတဲ့ လူငယ်ဟာ သူတို့ကို မြန်မာစစ်တပ်ရဲ့ နှိပ်စက်ညှင်းပမ်းမှုကလွတ်အောင် ကယ်တင်ဖို့လာတဲ့ “လူဖြူညီငယ်” ပဲလို့ အဲ့ဒီ ကရင်လူမျိုးတွေက ယုံကြည်နေကြတယ်။
ဝတ္ထုထဲက ကရင်ဇာတ်ကောင်တွေမှာ လက်တွေ့မကျတာတွေ ရှိနေတယ်။ နောက်ပြီး အမေရိကန်ဖွား တရုတ်လူမျိုး ဇာတ်ကြောင်းပြန်သူဝိညာဉ်ကပဲ အားလုံးသိ အားလုံးပြောနိုင်သူ ဖြစ်နေတယ်။ ဒီစာအုပ်ထဲက အေမီတန်ရဲ့ ဇာတ်ကောင် တွေဟာ ရုပ်ပြောင်ဆန်လှတယ်။ (ကာမလိုက်စားလွန်တဲ့ ဗြိတိသျှခွေးသင်တန်းဆရာ၊ ဆေးပေါ့လိပ်သောက်တတ်တဲ့ လု(တ်) နဲ့ ဘူတီ အမွှာကလေး နတ်သမီးနှစ်ပါး၊ အရက်ဘီဒိုထဲက နတ်ကို ပူဇော်ပသနေတဲ့ ဟိုတယ်ပိုင်ရှင်) Beyond Rangoon နဲ့ အမေရိကန်ရုပ်ရှင်ဇာတ်လမ်းတွဲဟောင်း Gilligan's Island ဇာတ်ကားနှစ်ကားပေါင်းစပ်ထားတဲ့ ခံစားမှုရသမျိုး မကြာခဏရတယ်။
အမှန်တကယ်ရှိနေတဲ့ တိုင်းပြည်တပြည်နဲ့ အဲ့ဒီတိုင်းပြည်မှာတကယ်ဖြစ်နေတဲ့ ပြဿနာတွေအကြောင်း အခုလို ခပ်ပေါ့ပေါ့ ဟန်မျိုးနဲ့ ချယ်မှုန်းပြထားတာကို စိတ်အနှောက်အယှက်ဖြစ်သူ တချို့ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ၀တ္ထုရဲ့အလယ် လောက်မှာ ကရင်လူမျိုးတွေက ဓားစာခံအဖြစ်ဖမ်းတဲ့အခန်းကိုရောက်တော့ သူ့ရဲ့နိုင်ငံရေးအမြင်ကို လက်ခံနားလည် လာအောင် စာရေးသူက တင်ပြပါတယ်။
ကရင်အဖွားအိုတယောက် ပြန်ပြောပြတဲ့ တောထဲတောင်ထဲက သူတို့ကရင်မျိုးနွယ်စုတွေ နှိပ်စက်ညှင်းပမ်းခံခဲ့ရပုံ ဖြစ်ရပ် တွေဟာ လူ့အခွင့်အရေးအဖွဲ့အမျိုးမျိုးရဲ့ အစီရင်ခံစာတွေကို ပေါင်းစပ်ဖတ်ရှုနေရသလိုပါပဲ။ စစ်အစိုးရက အမေရိကန်လူထု ဆက်ဆံရေးကုမ္ပဏီကြီးတခုကို ငှားရမ်းခဲ့တယ်။ အဲ့ဒီ ကုမ္ပဏီရဲ့ အကြံပေးပုဂ္ဂိုလ်တဦးက စစ်ဗိုလ်ချုပ်တွေအကျိုးအတွက် ခရီးသွားလုပ်ငန်းကို တိုးမြှင့်ဖို့ “ဗမာနိုင်ငံသစ်ဟာ မြန်မာနိုင်ငံပါ” ဆိုတဲ့ ဆောင်ပုဒ်ကို ဖန်တီးခဲ့တယ်။ ဒါကြောင့် လက်တွေ့ဖြစ်ရပ်တွေက ခရီးသည်တွေရဲ့ အဆင်ပြေနေတဲ့ ခရီးစဉ်ထဲကို ထိုးဖောက်လာတဲ့အချိန်မှာပဲ ၀တ္ထုထဲကိုလည်း လက်တွေ့ ဖြစ်ရပ်တွေ ဝင်ရောက်လာပါတော့တယ်။
မြန်မာပြည်ရဲ့ ဒုက္ခဆင်းရဲတွေကို ခပ်ပေါ့ပေါ့ ခေတ်ပေါ်ယဉ်ကျေးမှုဟန်နဲ့ ရေးဖွဲ့လိုက်တဲ့အတွက် စာရေးသူ အေမီတန်အပေါ် မကျေမနပ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခရီးသွားဇာတ်လမ်းအတွက် စိတ်ကူးယဉ်နိုင်ငံတခုကို ဖန်တီးခဲ့တယ်ဆိုရင်တောင်မှ အေမီတန်ရဲ့ဝတ္ထုကိုဖတ်သူ ထောင်ပေါင်းများစွာကတော့ “ဗမာနိုင်ငံသစ်”မှာ တကယ်ဖြစ်ပျက်နေတာတွေကိုသိသွားကြ မှာပါ။ မြန်မာပြည်ရဲ့ အဖြစ်မှန်တွေကို အလွန်ကြီးမားတဲ့ စာဖတ် ပရိသတ်ထုကြီးသိအောင် ဆောင်ကျဉ်းပေးတဲ့အတွက် အေမီတန်ကို ချီးကျူးထိုက်ပါတယ်။ ဘီဘီချမ်းရဲ့ စကားနဲ့ပြောရရင် “၀ိတိုရိယခေတ်က ထီး၊ ခပ်မာမာကျွဲကောသီးပုံ ခမောက်၊ ဒေသခံတွေနဲ့ လိင်ဆက်ဆံ ပျော်ပါးမှု” စတဲ့ ကိုလိုနီခေတ် အချစ်ဇာတ်လမ်းတွေကိုကျော်ပြီး မြင်တဲ့အတွက်လည်း အေမီတန်ကို ချီးကျူးထိုက်ပါတယ်။
အနည်းဆုံးတော့ “ငါးများရေနစ်မှာစိုး၍ ကယ်လိုက်ခြင်း”ဝတ္ထုဟာ မြန်မာ့ အနုပညာနဲ့ ယဉ်ကျေးမှုတွေကို အပေါ်စီးနဲ့ လာရောက်လေ့လာမယ့် ခရီးသွားတွေကို မြန်မာပြည်လာသင့် မလာသင့်နဲ့ ပတ်သက်ပြီး ပြန်စဉ်းစားစရာဖြစ်အောင်တော့ လုပ်ပေးပါလိမ့်မယ်။ ။(၂၀၀၆ မေလထုတ် ဧရာဝတီမဂ္ဂဇင်းမှ Edith Mirante ၏ Fictional Travel in Real Burma ကို ဆီလျော်အောင် ဘာသာပြန်ပါသည်)
< Prev | Next > |
---|