ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၂၁၄)

ချင်းမိုင် ရုက္ခစိုးနှင့် ကြွက်စုတ်တို့ ၂ ဦးသည် ညောင်ပင်ရိပ်တွင် မြေသင်းနံ့နှင့် မိုးရနံ့တို့ ပေါင်းစပ်ထားသည့် လေပြေ လေညင်းကို ရှူရှိုက်ရင်း ထုံးစံအတိုင်း လေပန်းနေကြ၏။

ရုက္ခစိုး။     ။ အခုတလော ငါတို့ရဲ့ အထောက်တော်ကြီးတယောက် ပျောက်လှချည်လားကွ။

ကြွက်စုတ်။     ။ ပျောက်ဆို သူ့မှာလည်း တနေ့တနေ့ အလုပ်တွေ ပိနေပုံရတယ်။ မုန်တိုင်းသတင်း၊ နိုင်ငံရေးသတင်း၊ အဖမ်းအဆီးသတင်းတွေနဲ့ ရှုပ်နေတဲ့အပြင် ယူရို ၂၀၀၈ ဘောလုံးပွဲကလည်း ကြည့်ရသေးတာဆိုတော့ … အင်း … ပျောက်ချက်သား ကောင်းနေတယ်ပေါ့လေ။

ရုက္ခစိုး။     ။ ဟိုတနေ့က အစိုးရသတင်းစာကနေပြီး သူတို့မီဒီယာတွေကို နာဂစ်ထက်ဆိုးတဲ့ရန်သူလို့ ရေးထားတာ တွေ့လိုက်သေးတယ်။ ပြည်ပမီဒီယာတွေက နာဂစ်အလှူရှင် နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကို သဒ္ဓါတရား လျော့နည်းအောင် လုပ်နေကြတယ်လို့ ရေးထားတာကွ။

ကြွက်စုတ်။     ။ ဟောဟိုမှာ ပြောရင်းဆိုရင် လာပါပြီဗျာ … နာဂစ်ထက်ဆိုတဲ့ ရန်သူကြီး။

ကြွက်စုတ်စကားမဆုံးခင် မျက်နှာထားသုန်မှုန်စွာဖြင့် အနားရောက်လာသည့် ဖိုးရှုပ်က …

ဖိုးရှုပ်။     ။ သြော် … မင်းကလည်း ဖားမင်းဆွေ လေအတိုင်းပါပဲလား။ နင့်ဂျီးဒေါ်ကြီးသာ နာဂစ်တဲ့ဆိုးတဲ့ရန်သူ ဖြစ်မှာ။ စကားကိုကြည့်ပြော … ဒီမှာ စိတ်တိုနေတယ်။

ရုက္ခစိုး။     ။ ဒါကတော့ကွာ … မင်းတို့မီဒီယာတွေက အမေရိကန်တပ်တွေကို အခုပဲ ရွာထိပ်က ထွက်ကြိုရတော့မလိုလို ဘာလိုလိုပြောနေလို့ တဘက်က ကြောက်ကန် ကန်လိုက်တာနေမှာပါကွာ … ဒီကိစ္စလောက်ကို စိတ်တိုမနေစမ်းပါနဲ့။ ဒီအပြောမျိုးတွေက မင်းတို့အတွက်တော့ ရိုးနေပါပြီကွ။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးရာ မြန်မာ့အလင်းထဲကနေခုန်ပြရုံနဲ့တော့ ဖုန်မထပါဘူးဗျ။ ကျနော်စိတ်တိုနေတာက တခြားကိစ္စပါ။

ကြွက်စုတ်။     ။ ဒါဆိုရင် မဟုတ်မှလွဲရော … ဘောလုံးပွဲ ရှုံးပြန်ပြီ မဟုတ်လား။

ဖိုးရှုပ်။     ။ ဒီကိုအလာ လမ်းမှာ ဆိုင်ကယ်ဘီး ပေါက်သွားလို့ ဆိုင်မှာအပ်ပြီး လမ်းလျှောက်လာရလို့ စိတ်တိုနေတာကွ။ ငါ့ကိုများ မင်းလို လောင်းကစားသမား မှတ်နေသလား။

ကြွက်စုတ်။     ။ ဘီးပေါက်တဲ့ကိစ္စလောက်နဲ့တော့ စိတ်မဆိုးပါနဲ့ သူငယ်ချင်းရာ … ဒီနေ့ညနေစာကို ဖားသားဟင်းနဲ့ ကျွေးပါ့မယ်။

ရုက္ခစိုး။     ။ အတို့အမြှုပ်လိုရင်တော့ တောင်တက်လမ်းမှာ အလေ့ကျပေါက်တဲ့ အပင်တွေ၊ အရွက်တွေ ရှိတယ်ဟေ့ … လိုသလောက်သာ ခူးသွားကြ။ မှိုနတိုတို့၊ ထိကရုံးတို့တော့ ရှိမယ်မထင်ဘူး။

ဦးရုက္ခစိုးနှင့် ကြွက်စုတ်တို့သည် ဆိုင်ကယ်ဘီးပေါက်လို့ စိတ်တိုနေသည့် ဖိုးရှုပ်အား မြန်မာ့အလင်း သတင်းစာဆောင်းပါးမှ စကားလုံးများဖြင့် ကျီစယ်ကြပြန်၏။

ဖိုးရှုပ်။     ။ ခင်ဗျားတို့က မြန်မာ့အလင်းထဲကစာသားတွေကို အတော်ခံတွင်းတွေ့နေကြပုံရတယ်။ သူတို့က ထပ်တောင်ရေး ထားလိုက်သေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် တနှစ်ထပ်တိုးတာ ဥပဒေနဲ့ညီပါတယ်တဲ့။

ကြွက်စုတ်။     ။ ဟုတ်ပါ့ … မိဘက သားသမီးလို မသွားသင့်တဲ့နေရာကို မသွားအောင်၊ မစားသင့်တဲ့အရာကို မစားအောင် မေတ္တာရှေ့ထား ဆုံးမတဲ့သဘောမျိုးပါကွ၊ ကျေးဇူးတောင်တင်ရဦးမှာ … အထင်မလွဲစမ်းပါနဲ့။

ရုက္ခစိုး။     ။ ဒါဆိုရင်တော့ သေချာပြီဟေ့။ ပေါတာကြီးတယောက် ဘုရင်ရူးတင်မက အဖေကြီးရူးပါ ရူးနေပြီကွ။

ကြွက်စုတ်။     ။ ဘာဗျ … အဲဒိ သင်္ချိုင်းကထလာတဲ့ သံပတ်စက်ရုပ်ကြီးက အဖေကြီးလုပ်ချင်သေးတယ် … ဟုတ်စ။

ဖိုးရှုပ်။     ။ သူလည်း သွားလေသူ အာဏာရှင်ဟောင်းကြီးရဲ့ခြေရာ နင်းချင်လို့ပါကွာ။

ကြွက်စုတ်။     ။ ခြေရာနင်းမ မနင်းတော့မသိဘူး၊ နေရာလိုချင်သေးရင်တော့ ရေဝေးမှာ နေရာကောင်း ပေးမယ် … ရောက်အောင်သွားဖို့ပဲ လိုတယ်။

ရုက္ခစိုး။     ။ လောလောဆယ်တော့ သွားဖြစ်ဦးမယ်မထင် … ပေါတာကြီးက ဟိုက် အင်နာဂျီ ဘီစကစ်တွေနဲ့ ကျန်းမာနေ တာကွ။ သူ့ဗေဒင်ဆရာကလည်း အဲဒါတွေစားရင် အသက်ရှည်မယ်လို့ ဟောထားတယ်ကွ။

ရုက္ခစိုးကြီး၏စကားကြောင့် ပေါတာကြီးအား မြန်မြန်သေစေချင်နေသည့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ စိတ်ပျက်သွားပုံရသည်။

ဖိုးရှုပ်။     ။ ဒါဆို ပေါတာကြီးတယောက် ယူအန်နဲ့ နိုင်ငံတကာကပေးတဲ့ ခွန်အားတွေ့နဲ့ အသက် ဆက်နေတာပေါ့။

ရုက္ခစိုး။     ။ အခုတလောဖတ်ရတဲ့ သတင်းတွေမှာ ယူအန်ကို ဝေဖန်ထားတာ တော်တော်လေး တွေ့ရတယ်။ ဘယ်လို ဖြစ်တာလဲကွ။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးရဲ့ယူအန်က မိုက်မှမမိုက်တာဗျ။

ရုက္ခစိုး။     ။ မမိုက်ရင်လည်း ရိုးရိုးပြောပါကွာ … ငါ့ ယူအန်တော့ မလုပ်ပါနဲ့။

ကြွက်စုတ်။     ။ အေးလေကွာ … မကောင်း ကျောင်းပို့လို့ပဲ ကြားဖူးပါတယ်၊ ယူအန် ဦးရုက္ခစိုးဆီပို့ ရယ်လို့ မကြားဖူးဘူး။

ဖိုးရှုပ်။     ။ ဒီလိုဗျ … ဥပမာ- ဒုက္ခသည်တသန်းလက်ထဲကို အကူပစ္စည်းတွေရောက်သွားတယ်လို့ ယူအန်က သတင်း ထုတ်ပြန်တယ်ဆိုပါတော့ … အဲဒီလူတသန်းလက်ထဲကို အဲဒီပစ္စည်းတွေ ရောက်တယ်လို့ သူတို့က ဘာလို့ပြောနိုင်တာလဲ။ သူတို့က ကိုယ်တိုင်ဝေခွင့်ရတာလည်းမဟုတ် … မယက ရုံးကိုပို့ရတာ။ ယူအန်အနေနဲ့ ကိုယ်လုပ်နေတဲ့အလုပ်တခုဟာ ထိရောက်မှုဘယ်လောက်ရှိတယ်ဆိုတာကို တနစ်တကျ စာရင်းပြုစုပြီးမှ သတင်းထုတ်ပြန်ဖို့ကောင်းတယ်။

ကြွက်စုတ်။     ။ သူတို့က အစိုးရနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့်ရတာကိုပဲ အကျေနပ်ကြီး ကျေနပ်နေတာကွ။ အကူညီလိုအပ်နေ သူတွေလက်ထဲရောက်အောင် ဘယ်လိုကူညီမယ်ဆိုတာ မစဉ်းစားကြဘူး။

ရုက္ခစိုး။     ။ ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့ကတော့ ရှေ့လျှောက်ပြီး ဒုက္ခသည်တွေဘယ်လိုများ စခန်းသွားကြမလဲဆိုတာ စဉ်းစားမိတိုင်း စိတ်မကောင်းဖြစ်မိတယ်။

ကြွက်စုတ်။     ။ စိတ်မကောင်းဖြစ်နေရုံနဲ့ မပြီးသေးဘူးဗျ … တကယ်ထိထိရောက်ရောက် အကူအညီပေးနေတဲ့ ပုဂ္ဂလိက စေတနာရှင်တွေကို ကျနော်တို့တွေ တတ်စွမ်းသလောက် ၀ိုင်းကူရမှာပေါ့။

ဖိုးရှုပ်။     ။ ဟုတ်တယ်။ နောက်တခုက အကူပစ္စည်းတွေကို ဘိုးဘွားပိုင်ပစ္စည်းလိုသဘောထားပြီး အလွဲသုံးစား လုပ်နေကြ တာတွေကိုလည်း ဖော်ထုတ်ရမယ်။ ခိုင်မာတဲ့အချက်အလက်တွေနဲ့ သတင်းထုတ်ပြန်ရမယ်ကွ။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့၏ စိတ်အားတက်ကြွနေပုံကိုကြည့်ကာ ရုက္ခစိုးကြီးက …

ရုက္ခစိုး။     ။ အေး … မင်းတို့လိုလူငယ်တွေဆီက အခုလိုစကားမျိုးတွေကိုကြားရလို့ ၀မ်းသာတယ်ကွာ။

ကြွက်စုတ်။     ။ ၀မ်းသာရုံနဲ့မပြီးဘူးလေဗျာ၊ ကိုယ်တိုင်လည်း တခုခုတော့ လုပ်ဦးမှပေါ့။ ၀မ်းသာပါတယ်၊ ၀မ်းနည်းပါတယ်၊ ပြင်းထန်စွာရှု့တ်ချပါတယ်ဆိုတဲ့စကားတွေကို အနှစ် ၂၀ လောက် ဆက်တိုက်ကြားခဲ့ရလို့ ရိုးအီနေပြီ။

ကြွက်စုတ်၏စကားက ရုက္ခစိုးကြီးကို စိန်ခေါ်သလိုဖြစ်နေသည်။ ဒါကို ရုက္ခစိုးကြီးကလည်း မခံ …

ရုက္ခစိုး။     ။ ကြွက်စုတ် …  မင်းကငါ့ကို ဘာအလုပ်မှမလုပ်ဘဲ ထိုင်အာနေတယ်လို့ ပြောတာပေါ့လေ။ အဲဒါက မင်းတို့ လူကြီးတွေကို ပြောရမယ့်စကားကွ။ ငါသာ မင်းတို့လို လူဖြစ်နေလို့ကတော့ အနှစ် ၂၀ ဘယ်ကြာလိမ့်မလဲ၊ ပွဲပြတ်သွားတာ ကြာလှပြီ။

ဖိုးရှုပ်။     ။ ကဲကဲ တော်ကြပါတော့ဗျာ … ခင်းဗျားတို့ မြန်မာ့အရေးလုပ်တာကလည်း နောက်ဆုံးတော့ အချင်းချင်း ရန်ဖြစ်ပြီး ပွဲသိမ်းတာပါပဲလား … သွားတော့မယ်ဗျာ၊ ဆိုင်ကယ်ဆိုင်ကိုရောက်တဲ့အထိ လမ်းထပ်လျှောက်ရဦးမယ်။ ဟေ့ကောင် ကြွက်စုတ် … တခါတည်း ပြန်လိုက်မှာလား ဒီမှာရန်ဖြစ်ဖို့ နေခဲ့ဦးမှာလား။

ဖိုးရှုပ်သည် ပြောပြောဆိုဆိုနှင့် ကြွက်စုတ်လိုက်လာသည်ကိုပင် စောင့်မနေဘဲ လာရာလမ်းအတိုင်း ပြန်လျှောက်သွား လေတော့သည်။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်