မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နှစ်ဦးသားမှာ ကော်ဖီတခွက် ဝယ်သောက်၍ ကွန်ပျူတာ နုတ်ဘုခ် တလုံးဖြင့် ချင်းမိုင်မြို့က ဝါဝီ ကော်ဖီ ဆိုင်လေးထဲတွင် အလုပ်ရှုပ်နေ ကြသည်။

သူတို့ နှစ်ဦးအတွက် ကော်ဖီတခွက်ဖြင့် ၅ နာရီခန့် အချိန်ဖြုန်းနိုင်သော၊ မျက်စိလည်း ကောင်းကောင်း ကစားနိုင်သော၊ ရုံးခန်းဟုလည်း ဆိုနိုင်သော အဆိုပါ ကော်ဖီဆိုင်လေးထဲသို့ ဦးရုက္ခစိုး ခေါင်းငိုက်စိုက်ချကာ ဝင်လာနေသည်။

ဖိုးရှုပ်။     ။ ဘယ်လိုဖြစ်တာလဲ ဦးရုက္ခစိုးရဲ့။ မျက်နှာလည်း မကောင်းပါလား။ ဘောလုံးပွဲရှုံးလို့လား။ ဒီလိုပဲပေါ့ဗျာ၊ နောက်တပွဲ ကျရင် နှစ်ဆ လိုက်ပေါ့။ ကြွက်စုတ်ဆိုလည်း ရေဘဝဲလေးကို အားမကိုးဘူးဆိုပြီး လောင်းလိုက်တာ ရှိသမျှ ကုန်လို့ ကျနော်ပဲ ထမင်းကျွေးထားရတာ၊ ဟင်းက စပ်တယ်ဆိုလို့ အအေးတောင် ဝယ်တိုက်လိုက်ရသေးတယ်။

ထုံးစံအတိုင်း စိတ်ထင်ရာများကို ပေါက်ပေါက်ဖောက်သလို ပြောနေသည့် ဖိုးရှုပ်ကို ဦးရုက္ခစိုးက စိတ်ပျက်သလိုကြည့်၍ ခေါင်းခါရင်း ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ကြွက်စုတ်ကတော့ ဦးရုက္ခစိုးကို စိတ်မဝင်စားဘဲ အင်တာနက်ကိုသာ သည်းကြီး မည်းကြီး ကြည့်ရင်း “ချင်းမိုင်ရုက္ခစိုး ဆိုတဲ့ နာမည်အစား ရန်ကုန်ရုက္ခစိုးလို့ ပြောင်းလိုက်ပြီ မှတ်နေတာ” ဟု ပြောသည်။

ရုက္ခစိုး။     ။ မင်းတို့ ပြောလည်း ခံရမှာပဲကွာ။ ငါလည်း ရန်ကုန်ကို ခဏခဏ သွားဖြစ်နေတာကိုး။ ဒါကလည်း သိချင်တာ လေးတွေက ဆက်တိုက်ဆိုသလို ရှိနေလို့ပါ။

ကြွက်စုတ်။     ။ (ဦးရုက္ခစိုးအား ဘုကြည့်ကြည့်ရင်း) အခုကော ဘာလာလုပ်တာလဲ။ တောင်ပေါ်ပြန်တက်ပြီး တရား အားထုတ်တော့ မလို့လား။

ရုက္ခစိုး။     ။ အေး စဉ်းစားနေတာကွ။ တောင်ပေါ် မတက်ခင် မင်းတို့နဲ့ တွေ့ချင်လို့။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးကို ကြည့်ရတာ တော်တော်လေး တရားရလာပုံရတယ် ဟုတ်လား။

ရုက္ခစိုး။     ။ ဆိုပါတော့ကွာ။ ငါ့နှယ် … ရန်ကုန်မှာ ပါတီတွေ နင်လား ငါလားထောင်ပြီး ပြည်သူလူထုကို စည်းရုံးကြ၊ ပြည်သူ လူထုအတွက် ဘာလုပ်ပေးနိုင်မလဲ ပြော၊ ပြည်သူလူထုကလည်း အားပေး ဒါမျိုးတွေ့ရမယ်ထင်တာ … လက်စ သတ်တော့ ခမောက်လုပွဲကြည့်ပြီး ပြန်ခဲ့ရတာကိုးကွာ … စိတ်ဓာတ်ကျပါတယ်။ အနိစ္စ … ဒုက္ခ၊ အနိစ္စ … ဒုက္ခ ...။

ကြွက်စုတ်။     ။ ဦးရုက္ခစိုးတောင် အမြင်မှန်ရလာပြီပဲ။ စိတ်ဓာတ်မကျပါနဲ့ ဦးရုက္ခစိုးရယ် ...။ ဟောဒီမှာ ကျနော်လည်း အခုပဲ ဖတ်နေတာ။ “စည်းလွတ်ဝါးလွတ်” ပါတီ အထွေထွေ အတွင်းရေးမှူးရဲ့ နိုင်ငံရေးအမြင်တဲ့ဗျ။

ဖိုးရှုပ်။     ။ ဟေ … ဟုတ်လား။ ဘာတွေများ ရေးထားလဲ လုပ်စမ်းပါဦး။ ငါလည်း သတင်းလေး ဘာလေး ရေးလို့ရမလားလို့။

ကြွက်စုတ်။     ။ သူတို့ ဘလော့မှာ ရေးထားတာကွ … ဘာတဲ့ … ထွေရာလေးပါး အမြင်တဲ့။

ဖိုးရှုပ်။     ။ ဟာကွာ … လာနောက်နေပြန်ပြီ။ သူ့ နိုင်ငံရေးအမြင် သိချင်တာကွ။

ကြွက်စုတ်။     ။ အေးလေ … သူ့နိုင်ငံရေးအမြင်က ထွေရာလေးပါး တဲ့။ ငါတို့ မင်းတို့ ပေါက်တတ်ကရ လျှောက်ပြောကြတာနဲ့ ဘာမှ မထူးဘူး ဆိုတဲ့ သဘောပေါ့ကွာ။

ရုက္ခစိုး။     ။ ဒါနဲ့ အဲဒီပါတီက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စလေး ဘာလေး မပြောဘူးလား။

ကြွက်စုတ်။     ။ ကြေညာချက် တခုတော့ တွေ့တယ်ဗျ။

ဖိုးရှုပ်။     ။ (စာအုပ်နှင့် ဘောပင်ကို ကမန်းကတန်း ပြင်ရင်း) ဘာကြေညာချက်လဲကွ … လုပ်ပါဦး။

ကြွက်စုတ်။     ။ သူ့ကြေညာချက်ကတော့ ပဉ္စမမြောက် ကြေညာချက်တဲ့။ တစ် ကနေ လေး အထိက သူများတွေ ကြေညာနေကျ ပုံစံမို့ မပြောတော့ဘူးတဲ့။ သူ့ရဲ့ ပဉ္စမမြောက် ကြေညာချက်ကတော့ အသစ်ပဲ “ကျနော်တို့ အားလုံး မှားပါတယ်” တဲ့။

ဖိုးရှုပ်။     ။ ကောင်းရောကွာ … နိုင်ငံရေး အမြင်ကော၊ ကြေညာချက်ကော လေးစားလောက်ပါတယ်။ နိုင်ငံရေးမလုပ်ဘဲ ဝတ္ထု ရေးတာကမှ ပိဿာချိန်နဲ့ ရောင်းစားလို့ ရဦးမယ်။

ရုက္ခစိုး။     ။ သြော် တချိန်ကျရင် … နိုင်ငံရေးပါတီထောင်ခဲ့စဉ်က အတွေ့အကြုံများ ဆိုပြီး ပေါက်တတ်ကရတွေ ရေးလို့ ရတာပေါ့ကွ။

ကြွက်စုတ်။     ။ အင်း ... ဒီမှာလည်း နောက်တခု။ “ကသောင်းကနင်း” ပါတီတဲ့ ...။ သူကတော့ ငွေစာရင်း ရှင်းတန်းတွေ ဖော်ပြ ထားတယ်။

ဦးရုက္ခစိုး။     ။ ဒါဆို မဆိုးဘူးပေါ့ကွာ။ အလှူငွေ ထည့်ချင်တဲ့ ပြည်သူလူထု အတွက် စိတ်ရှင်းရတာပေါ့။

ကြွက်စုတ်။     ။ သူ့ငွေစာရင်း ရှင်းတန်းက အဆန်းပဲ … ဦးရုက္ခစိုးရဲ့။ ရေငတ်သောကြောင့် ရေခဲရေဝယ်သောက် … ၁၀၀။ အကြွေ မအမ်းနိုင်သဖြင့် တစ်ရှုးတထုတ် ယူလာရ … တဲ့။ ရှိသေးတယ် … မန္တလေးအသွား လမ်းတွင် ကားပျက်၊ ဗိုက်ဆာသော်လည်း ငွေကုန် မခံနိုင်သောကြောင့် အောင့်ထား၊ နာရီဝက်ခန့် အကြာ မအောင့်နိုင်သဖြင့် လာရောင်းသည့် အကြော်ဝယ်စား၊ ၃၀၀ တဲ့။

ဖိုးရှုပ်။     ။ သူ့ငွေစာရင်း ရှင်းတန်းကလည်း မော်ဒန်ဝတ္ထု ဖတ်နေရသလိုပါလားကွာ။

ကြွက်စုတ်။     ။ နောက်တခုက … ပါတီစည်းရုံးရေးဆင်းရန် ကိစ္စအတွက် မနက် အိမ်က ကမန်းကတန်း ထွက်လာရသူများကို မြို့ထဲတွင် အိမ်သာတက်ခွင့်ပေးရ၊ တယောက် ၅၀၊ ၃ ယောက် ၁၅၀ ကျ။ သကြားလုံးတလုံး ပြန်အမ်း။ မှတ်ချက်၊ တန်ရာ တန်ကြေးပေးသော်လည်း အများသုံးအိမ်သာများ သန့်ရှင်းမှု လိုအပ်နေသေး၊ အုန်းတံမြက်စည်းနှင့် ရေ များများသုံးသင့် တဲ့ဗျ။

ဖိုးရှုပ်။     ။ အဲဒီပါတီက ဂျာနယ်တစောင်မှာ “လွှတ်တော်အမတ် အလိုရှိသည်” ဆိုပြီး ကြော်ငြာထည့်တာ စိစစ်ရေးက ဖြုတ်လိုက်တာတဲ့။

ရုက္ခစိုး။     ။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်တွေ ပါလားကွာ။ အင်း … အနိစ္စ … ဒုက္ခ၊ အနိစ္စ … ဒုက္ခ။

ဖိုးရှုပ်။     ။ သြော် … ဦးရုက္ခစိုးကလည်း ...။ အဲဒီပါတီ ခေါင်းဆောင် ဦးလေအိုးခွေနဲ့ ကျနော် အင်တာဗျူး လုပ်ထားသေးတယ်ဗျ။ သူကတော့ သူ့ကိုယ်သူ အရစ္စတိုတယ် လိုပါပဲတဲ့။

ရုက္ခစိုး။     ။ ဟေ … မင်းတို့ဟာတွေက နိုင်ငံရေးပါတီခေါင်းဆောင်လား မော်ဒန်ဝတ္ထုရေးဆရာတွေလားကွာ … ငါလည်း မျက်စိတောင် လည်လာပြီ။

ကြွက်စုတ်။     ။ ဒါကတော့ ဦးရုက္ခစိုးရယ်။ အခုလက်ရှိမှာ မော်ဒန်ကဗျာဆရာတွေတောင် နိုင်ငံရေးပါတီ ထောင်နေတာပဲဟာ။ စာရေးဆရာလောက်က ပျင်းတောင် ပျင်းသေးတယ်။ ဒါနဲ့ သူက ဘာလို့ သူ့ကိုယ်သူ အရစ္စတိုတယ် လိုပါပဲလို့ ပြောရတာလဲ။

ဖိုးရှုပ်။     ။ အဲဒါတော့ မသိဘူးကွာ။ ပြောနေရင်းနဲ့ ရန်ကုန်မှာ မိုးကြိုးပစ်ချတာ သူ့ဟန်းဖုန်းထဲ တန်းခနဲဝင်ပြီး ဖုန်းပျက်သွားလို့ အဆက်အသွယ် ပြတ်သွားတယ်။

ရုက္ခစိုး။     ။ အင်း … အဲဒီတလွဲတွေကို မြင်ရလေ … ချိုကုပ်ဒူးကြီးတို့က ပျော်လေ ဖြစ်နေမှာတော့ မြင်ယောင်သေးတယ်။ ဒီလူတွေ ဒီလောက် ကမောက်ကမ ဖြစ်နေတာတောင် ဒေါက်တာ ချာတူးလန်တို့ပါတီက အခုထိ မှတ်ပုံတင်ခွင့် ရမယ်လို့ မျှော်လင့် နေသေးတယ်တဲ့ ...။ အနိစ္စ … ဒုက္ခ ...။

ကြွက်စုတ်။     ။ သူကသာ မျှော်လင့်နေတာ ကသောင်းကနင်းပါတီက ရွေးကောက်ပွဲ မဝင်တော့ဘူးတဲ့။

ဖိုးရှုပ်။     ။ ဘာလို့တဲ့လဲ … ရွေးကောက်ပွဲက တရားမျှတမှု မရှိဘူးဆိုတာကို သဘောပေါက်သွားလို့လား။

ကြွက်စုတ်။     ။ မဟုတ်ပါဘူး။ ပိုက်ဆံမရှိလို့လေ။

ရုက္ခစိုး။     ။ အင်း ပါတီတွေက ငွေလေး ၅၀၊ ၁၀၀ လောက်ကို ရှင်းတန်းလုပ်နေရတဲ့ အချိန်မှာ ကြံ့ဖွံ့ပါတီကတော့ ငွေစာရင်း ခွဲတမ်းတွေ လုပ်နေတာကွ။

ဖိုးရှုပ်။     ။ ဘယ်လို ငွေစာရင်း ခွဲတမ်းလဲ ဦးရုက္ခစိုးရဲ့။

ရုက္ခစိုး။     ။ သြော်၊ နိုင်ငံတော်ငွေနဲ့ ပါတီပိုင်ငွေကို ခွဲတာလေ။ နိုင်ငံတော်ပိုင်ငွေတွေကို သူတို့ အိတ်တွေထဲ ခွဲထည့်၊ ပါတီပိုင် ငွေတွေကိုတော့ ပါတီအတွက် သုံး … အဲဒီလိုပေါ့။

ကြွက်စုတ်။     ။ ပါတီပိုင်ငွေ ဟုတ်လား။ သူတို့ပါတီက ဘယ်က ဝင်ငွေရှိလို့လဲ။

ရုက္ခစိုး။     ။ နိုင်ငံတော်ကနေ “သီရိသူ့ဓားမ ဝဏ္ဏတောင်ထင်မြောက်ထင် မဟာ ဇောတိက ဝက်ဝက်ကွဲ” ဘွဲ့ ချီးမြှင့်ခြင်းခံရတဲ့ သူဌေး အယောက် ၂၀ ကျော်က အကျိုးလိုလို့ ညောင်ရေလောင်းထားတဲ့ ငွေတွေပေါ့ကွာ။

ဖိုးရှုပ်။     ။ သြော် … မှတ်သားလောက်ပါပေတယ်။ ဒါနဲ့ စကားပြတ်သွားလို့ ဦးရုက္ခစိုးရဲ့။ ဦးရုက္ခစိုး ဝင်လာခါစက ပြောတဲ့ ခမောက် လုပွဲကကော ဘာဖြစ်သွားသေးလဲ။

ရုက္ခစိုး။     ။ ဘာဖြစ်ရမလဲကွာ၊ ခမောက်က ဝါးခမောက် …။ အနှစ် ၂၀ ကျော်ဆိုတော့ နဂို ကတည်းက ဆွေးပြီးသားပဲ။ အဲဒါကို လုနေကြတာဆိုတော့ ချိုကုပ်ဒူးကြီးလည်း ပျော်နေတာပေါ့ကွာ။ သူက သူ့ထိုင်ခုံလာမလုရင် ပြီးရောမဟုတ်လား။

ကြွက်စုတ်။     ။ အဲဒီခမောက်လုတဲ့ ပါတီလည်း မန္တလေးမှာ စည်းရုံးရေးဆင်းတာ ခန်မးကြီး တခုလုံးကို လူ ၁၀ ယောက်တောင် မပြည့်လို့ စိတ်ပျက်ပြီး ပြန်လာရတယ်တဲ့။ ခန်းမနဲ့ အသံချဲ့စက် ငှားခ ဆုံးတာပဲ အဖတ်တင်သွားတယ်။ အနိစ္စ … ဒုက္ခ … အနိစ္စ ...။

ရုက္ခစိုး။     ။ ဟေ့ကောင်၊ အဲဒါ ငါပြောရမှာလေ။ အနိစ္စ … အဲ ... မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ … ဆိုတဲ့စကား ကြားဖူးတယ် မဟုတ်လား။ ကိုယ့်ဘာသာ မျက်ဖြူ စိုက်ရင်စိုက်၊ မစိုက်ရင် သူတို့က မျက်ဖြူ မဆိုက် ဆိုက်အောင် လုပ်ဦးမှာပဲ။ အဲဒီတော့ ငါ့ဘာသာ ဒွိုင်ဆူထေ့ တောထဲ တရား ကျင့်နေတာပဲ ကောင်းပါ တယ်ကွာ ...။ ကြံ့ဖွံ့ပါတီကလွဲရင် ကျန်တာအားလုံး … အနိစ္စ … ဒုက္ခ … အနိစ္စ … ဒုက္ခ … ပါလား။

ဖိုးရှုပ်။     ။ ကဲ ကြွက်စုတ်ရေ … ဦးရုက္ခစိုးကတော့ ပြောချင်တာတွေ ပြောပြီး ကိုယ်ရောင်ဖျောက်သွားပြီ။ ကော်ဖီတခွက်ထဲနဲ့ ၅ နာရီလောက် ထိုင်နေတဲ့ ငါတို့ကို ဆိုင်ကလည်း မျက်စိနောက်နေပြီ။ ဘာလုပ်ကြမလဲ။

ကြွက်စုတ်။     ။ ဘာလုပ်မလဲဆိုတာ ငါလည်း စဉ်းစားနေတာ။

ဖိုးရှုပ်။     ။ ပါတီတွေ ကိစ္စလား။

ကြွက်စုတ်။     ။ ဟာ ပါတီတွေကိစ္စက ရှင်းနေတာပဲ ဘယ်သူနိုင်မလဲ ဆိုတာ သိပြီးသားပဲ။ ဘောလုံးပွဲလောက် စဉ်းစားရမကျပ် ပါဘူး။ စပိန်ကော၊ ဂျာမန်ကော ကြိုက်တယ်ကွာ။ ရေဘဝဲလေးက စပိန် တက်မှာလို့ပြောထားတော့ စဉ်းစားရ ကျပ်နေတာ။

ကြွက်စုတ်၏ အဖြေစကားကြောင့် ဖိုးရှုပ်မှာ “အနိစ္စ … ဒုက္ခ၊ အနိစ္စ … ဒုက္ခ” ဟု ရေရွတ်ရင်း ဝါဝီကော်ဖီဆိုင်ထဲတွင် ထိုင်နေသည့် ကောင်မလေးများကို သိမ်းကျုံးငေးမောကာ ထွက်ခွာသွား လေတော့သည်။     ။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်