မည်ကဲ့သို့ ပြုလုပ်လိုက်သည် မသိ

ဖိုးရှုပ်။     ။ ဦးရုက္ခစိုး … ဦးရုက္ခစိုး … ဖုန်းလာနေတယ်။ ဖုန်းလာနေတယ်ဗျ။

ရုက္ခစိုး။     ။ ဘယ်က ဖုန်းလဲ၊ ဘာဖုန်းလဲ၊ ဂျီအက်စ်အမ်လား၊ ၅ သိန်းတန် နေပြည်တော်လား၊ ၅ သိန်းတန် ရန်ကုန်လား၊ ၂၀ တန်ဖုန်းတော့ မဖြစ်နိုင်ဘူး၊ ၅၀ တန် ကတ်ဖုန်းလား။ ကြိုးဖုန်းလား။ လမ်းဘေးဖုန်းလား။ အင်တာနက် ပီဖင်းဂိုးလား။

cmnatဖိုးရှုပ်။     ။ အာ … တပါးတည်းကို ရှုပ်နေတာပဲ … ချိုကုပ်ဒူးကြီး ဆက်နေတာ။ ဦးရုက္ခစိုးကို တရားစွဲမလို့ … အမြန်လာခဲ့ပါတဲ့။

ရုက္ခစိုး။     ။ ဟေ … ဘာကိစ္စ ငါ့ကို တရားစွဲမှာတဲ့လဲ ...။

ဖိုးရှုပ်။     ။ အသရေ ဖျက်မှုနဲ့ တရားစွဲမလို့တဲ့။ အမြန်လာပါလို့ ပြောနေတယ်။

ရုက္ခစိုး။     ။ အမြန်လာဆိုလည်း လာရတာပေါ့ကွာ။ ကဲ … မင်းပါ လိုက်ခဲ့။

ဖိုးရှုပ်။     ။ အာ ဦးရုက္ခစိုးက နတ်ဆိုတော့ ချက်ချင်း သွားတာ ဟုတ်တယ်လေ။ ကျနော်က လေယာဉ်လက်မှတ် ဝယ်ရမှာနဲ့ ဘာနဲ့ ဘယ်လိုလုပ် သွားမလဲ။

ရုက္ခစိုး။     ။ ငါ့တာဝန် ထားစမ်းပါ။ ငါ့မှာ အင်နာဂျီတွေ အပြည့်ကျန်သေးတယ်။ မင်းတယောက်လောက်တော့ ခေါ်သွားလို့ ရတယ် …. လာလေ့ ...။

ထိုသို့ဖြင့် ဦးရုက္ခစိုးက မည်ကဲ့သို့ ပြုလုပ်လိုက်သည် မသိ ၎င်းတို့ နှစ်ဦးစလုံး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ နေ၍ ချိုကုပ်ဒူးကြီးရှိရာ နေပြည်တော်သို့ စက္ကန့်ပိုင်းအတွင်း ရောက်ရှိသွားကြ လေတော့သည်။

နေပြည်တော်တွင် ချိုကုပ်ဒူးကြီးမှာ မှိုရသည့် ပြုံးဖြီးဖြီး မျက်နှာကြီးနှင့် တောင်လျှောက်လိုက်၊ မြောက်လျှောက်လိုက် ဂနာမငြိမ် ဖြစ်နေသည်။ သူ့ကတော် ဒေါ်ကွိုင်ကွိုင်ကတော့ ရှိရှိသမျှ နတ်များကို ပူဇော်ပသနေရသဖြင့် မအားပေ။ နေပြည်တော် တခွင် ဒေါ်ကွိုင်ကွိုင် ထွန်းညှိထားသော အမွှေးတိုင်များမှ ထွက်သည့် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းနေသည်။

ကွိုင်ကွိုင်။     ။ အဘတို့၊ အဖေကြီးတို့၊ အဖေလေးတို့၊ အမေကြီး၊ အမေလေးတို့၊ မမတို့၊ ကိုယ်တော်ကြီး၊ ကိုယ်တော်လေး၊ ကိုယ်တော်လတ်၊ ကိုယ်တော် စကောစက … အားလုံးကို သမီးတော်လေး ကွိုင်ကွိုင်က အမွှေးနံ့သာနဲ့ ပူဇော်ပါတယ်။ အခုလို သမီးတော်လေးတို့ရဲ့ ပါတီကို အနိုင်ရအောင် စောင်မ ကြည့်ရှုတဲ့အတွက် အိုရီရန်တယ်လ် နတ်နန်းတွင်လည်းကောင်း၊ ထရေးဒါး နတ်နန်းတွင်လည်းကောင်း၊ အင်းလျားလိတ် နတ်နန်းတွင်လည်းကောင်း၊ ဆီဒိုးနား ...။

ချိုကုပ်။     ။ ဟာ ကွိုင်ကွိုင် … မှားကုန်တော့မှာပဲ … အဲဒါ ဟိုတယ်တွေလေ။

ကွိုင်ကွိုင်။     ။ သိပါတယ် မောင်တော်ရယ် … ဆရာ မလုပ်ပါနဲ့။ ဘယ်ရောက်သွားပြီလဲ … သြော် သိပြီ။ ဆီဒိုးနား နတ်နန်းတွင် လည်းကောင်း အကောင်းဆုံး အစားအသောက်၊ အရက်၊ ကြက်၊ ခွက်၊ ဗျက် တို့နဲ့ ပူဇော်ပသပါ့မယ်။

ချိုကုပ်။     ။ ကြက်တို့၊ ခွက်တို့ကတော့ ဟုတ်ပါပြီ ဗျက် က ဘာလဲဟင်။

ကွိုင်ကွိုင်။     ။ သြော် မောင်တော်ကလည်း … ဗျက်ဆိုတာ ဖဲ လေ။ ကာရန်ကိုက်အောင် ဇာတ်စကားလေးနဲ့ ထည့် ဆိုထားတာ။ မောင်တော် လုပ်တာနဲ့ စကားစ ပြတ်သွားပြန်ပြီ။ (နဖူးပေါ်တွင် လက်ကို တင်၍) ရန်ကုန်က ကိုယ်တော်လေး အောင်သိန်းပျင်း၊ မန္တလေးက ကိုယ်တော် စကောစက ဘုံးအော်ဖန် တို့အပါအဝင် နေပြည်တော်က ကိုယ်တော် အပေါင်းနဲ့  ကော်မရှင် နတ်အပေါင်းကိုလည်း ထပ်လောင်းလို့ ချက်ကောင်းတွေ ... အဲ ထပ်လောင်းလို့ ပူဇော်ပသ ပါဦးမယ်။ သမီးတော်ကြီး၊ သားတော်ကြီး တို့ကို မစ လက်စ ရှိတဲ့အတိုင်း ဆက် မစတော်မူပါ။

ရုက္ခစိုး။     ။ (ဖိုးရှုပ်ကို လက်တို့၍) ဖိုးရှုပ်ရေ … သူ့ နတ်တွေ နာမည်တွေကလည်း မြို့တော်ဝန် နာမည်တွေနဲ့ တူတယ်နော်။

ကွိုင်ကွိုင်။     ။ ရွေးဂေါက်ပွဲ မတိုင်ခင်က သေသွားပြီး ငရဲရောက်သွားတော်မူ … အဲ ဟုတ်ပါဘူး၊ နတ်ဖြစ်သွားတော် မူတဲ့ “မွန်းလွဲချိန်မှာ ဂန့်သည်ငါ” ဇာတ်ကား ဒါရိုက်တာကြီး တင်သန်းပြူးကိုလည်း ပူဇော်ပါတယ်။ မောင်တော် ကန်တော့လေ။

ဒေါ်ကွိုင်ကွိုင်က ကန်တော့ ခိုင်းသဖြင့် ချိုကုပ်ဒူးကြီးလည်း ဓာတ်ပုံ တပုံကို ကုန်း၍ ကန်တော့လေသည်။ ကန်တော့ပြီး ပြန်အထတွင် ဦးရုက္ခစိုးနှင့် ဖိုးရှုပ်တို့ကို မြင်သွား၏။

ချိုကုပ်။     ။ သြော … ဦးရုက္ခစိုး ရောက်လာပြီကိုး။ ခင်ဗျားကို အသရေ ဖျက်မှုနဲ့ တရားစွဲမလို့။ အကောင်းဆုံး ရှေ့နေသာ ငှားထားပေတော့။

ရုက္ခစိုး။     ။ ကျုပ်က ချိုကုပ်ဒူးကြီးကို ဘာများ အသရေ ဖျက်မိလို့လဲဗျာ။

ချိုကုပ်။     ။ အရင်တပတ်က ရွေးဂေါက်ပွဲ မကျင်းပခင် ရှစ်ဆယ့်ကိုး ဒဿမ ကိုးကိုး ကိုးကိုး ရာခိုင်နှုန်းနဲ့ ကြံ့ဖွံ့က အနိုင်ယူမယ် ဆိုတဲ့စကား ကျုပ်ပြောပါတယ်ဆိုပြီး လျှောက် ပြောတယ်လေ။

ဖိုးရှုပ်။     ။ ဒါ မှန်တာပဲ မဟုတ်လား။ အခုလည်း အနိုင်ယူတာပဲလေ။

ချိုကုပ်။     ။ ကျုပ်က အခု ၈၀ ရာခိုင်နှုန်း စွန်းစွန်းလေးနဲ့ပဲ အနိုင်ယူတာ။ ခင်ဗျားတို့က ရှစ်ဆယ့်ကိုး ဒဿမ ကိုးကိုး ဆိုတော့ ကိုးဆယ် နီးပါး ဖြစ်နေပြီ။ ဒါ ကျုပ်ကို သက်သက် အသရေဖျက်တာ။ တရားစွဲမှာပဲ။

ရုက္ခစိုး။     ။ ကျုပ်ကို တရား စွဲမယ်ဆိုလည်း စွဲတာပေါ့ ချိုကုပ်ဒူးကြီးရယ်။ အခုတော့ မရှင်းတာလေးတွေ မေးစမ်းပါရစေဦး။ မဲ ရေတုန်းက နိုင်နေတဲ့ပါတီတွေက နောက်တနေ့မနက် ကြေညာလိုက်တဲ့ အချိန်မှာ အကုန်လုံး ရှုံးသွားတဲ့ ကိစ္စ။

ဖိုးရှုပ်။     ။ ဟုတ်တယ် … ဟုတ်တယ်။ ကျနော် ဖတ်နေကျ တရုတ်သိုင်းစာအုပ် တွေထက်တောင် ထူးဆန်းသေးတယ်။ မည်ကဲ့သို့ ပြုလုပ်လိုက်သည်မသိ ဆိုပြီး ရှုံးသွားတာနော်။

ချိုကုပ်။     ။ ဒါလား … ဒါကတော့ နည်းနည်း ထူးဆန်းတယ်ဗျ။ ဒါ လူက လုပ်တာ မဟုတ်ဘူး။

ရုက္ခစိုး။     ။ သြော် … လူက လုပ်တာမဟုတ်ဘူး ဆိုတော့ တိရစ္ဆာန်တွေကများ လုပ်တာလားဗျာ။

ကွိုင်ကွိုင်။     ။ အောင်မလေး၊ အောင်မလေး။ ကိုယ်တော်ကြီး ကိုယ်တော်လေး ကိုယ်တော်စကောစက ရှိရှိသမျှတို့ ခွင့်လွှတ် ကြပါ။ အမိုက်အမဲလေးတွေပါ။

ချိုကုပ်။     ။ ဒါတွေ ဦးရုက္ခစိုးတို့ နားလည်နိုင်မှာ မဟုတ်ပါဘူးဗျာ။ အရမ်းထူးဆန်းတယ်။ ခြင်္သေ့ကို အမှန်ခြစ်ထားတဲ့ မဲတွေကလေ … ဘယ်ကနေ ဘယ်လို ရောက်ရောက် လာမှန်းမသိပါဘူးဗျာ။ ပုံးလိုက် ပုံးလိုက်ကို ရောက်လာတာ။ အဲဒီမှာ ရွေးဂေါက်ပွဲ ကော်မရှင်ကလည်း မနေသာတော့ဘဲ ကြံ့ဖွံ့ပါတီကို အနိုင်ပေးလိုက်ရတော့ တာပဲ။

ကွိုင်ကွိုင်။     ။ ဒါတောင် တချို့နေရာတွေမှာ မဲပေးရမယ့်လူ အရေအတွက်ထက် မဲတွေက ပိုနေလို့ ပြန်လျှော့ လိုက် ရသေးတယ်နော် မောင်တော်။
ချိုကုပ်။     ။ ဟုတ်ပါ့ ကွိုင်ကွိုင်ရယ် ပုဂ္ဂိုလ်တွေက နိုင်စေချင်ဇောနဲ့ မစတာ နေမှာပေါ့။ နောက်တနေ့ မနက်ကျမှ အဲဒီလောက် ကြီးတော့ မလုပ်ပါနဲ့ ကိုယ်တော်တို့ရယ် ဆိုပြီး ခြင်္သေ့ အမှန်ခြစ် မဲတွေကို နည်းနည်းစီ ပြန်လျှော့ရတယ်။ အဲဒီလောက် ပြန်လျှော့လို့ ၈၀ ရာခိုင်နှုန်းဖြစ်တာနော်။ မဟုတ်လို့ကတော့ ၁၀၀ တောင် ကျော်သွားဦးမယ်။

ဖိုးရှုပ်။     ။ လူတွေက မကျေနပ်ကြဘူး။ ရွေးဂေါက်ပွဲကို ပြန်ကျင်းပပေးဖို့ အော်နေကြတယ်။ ဘယ်လို လုပ်မလဲ။

ချိုကုပ်။     ။ အော်တဲ့သူတွေကို အကုန် ဖမ်းပြီး ထောင်ထဲ ထည့်လိုက်မှာပေါ့ဗျ။ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပ ပေးခဲ့တဲ့ ရွေးဂေါက်ပွဲ၊ ၂ ခါ ပြန်မကျင်းပနိုင်ဘူး။ မဲပေးတဲ့ သူတိုင်းကို လိုက်မေးကြည့်လိုက်၊ လွတ်လွတ်လပ်လပ် မဲ ပေးရသလား မပေးရဘူးလား ဆိုတာ။ မဲ ရေတာကိုလည်း မေးလိုက်ဦး၊ ပါတီ ကိုယ်စားလှယ်တွေ ရှေ့မှာ ရေတာ။ သူ့ဘာသာ နောက် တနေ့ကျမှ မဲအရေအတွက် အလိုလို ပြောင်းသွားတာတော့ ကျုပ်လည်း ဘယ်သိပါ့မလဲ။

ရုက္ခစိုး။     ။ သြော် … မည်ကဲ့သို့ ပြုလုပ်လိုက်သည် မသိ ပေါ့နော်။

ကွိုင်ကွိုင်။     ။ ဟုတ်တယ် ဟုတ်တယ်။ ပြန်တော့ မကျင်းပနိုင်ဘူး။ ဒီလောက် ခက်ခက်ခဲခဲ လိမ်ထား၊ ခိုးထား … အဲ … ကျင်းပထားရတာ။

ချိုကုပ်။     ။ ခင်ဗျားတို့ ထင်လို့ပါ။ ပါတီတွေကလည်း ရွေးဂေါက်ပွဲကို ပြန်မကျင်းပချင်ကြပါဘူး။ မယုံ မေးကြည့်လိုက်။ ကျုပ်က အားလုံးကို သွေးခွဲ ထားပြီးသား။ ဟို နည်းနည်း ဒီနည်းနည်း မညီမမျှ၊ မဝရေစာ ဝေခွဲနည်းနဲ့ လွှတ်တော် ထိုင်ခုံ လေးတွေ ပေးထားတာ။ နည်းနည်း ရတဲ့သူက နည်းနည်းပို ရတဲ့သူကို မကျေနပ်၊ ပိုရတဲ့သူက လက်လွတ်သွားမှာစိုးလို့ မပြောရဲနဲ့။ အားလုံး ပွဲငြိမ်ပါ။

ဖိုးရှုပ်။     ။ မထင်နဲ့နော်။ ဒေါ်အောင်ဆန်းစုကြည် မှန်တယ်လို့ ပြောတဲ့သူက ပြောနေပြီ။ နောင်တ ရတဲ့ ပါတီတွေလည်း ရကုန်ပြီ။

ချိုကုပ်။     ။ နောင်တပဲ ရတာပါဗျာ။ ရွေးဂေါက်ပွဲကို ကျုပ်က အခု ပြန်ကျင်းပပေးမယ် ဆိုရင်တောင် မကျင်းပချင်တော့ ပါဘူး။ အကြွေးတင်တဲ့သူက တင်၊ အိမ် ပေါင်တဲ့သူက ပေါင်ရနဲ့။ တချို့ဆို ဘုန်းကြီးဝတ်မလား၊ သီလရှင် ဝတ်မလား မပြောတတ်ဘူး။ အင်းလေ … သူတို့လည်း မှတ်ပလားဟဲ့ ၅ သိန်းရယ်၊ မည်ကဲ့သို့ ပြုလုပ်လိုက်သည် မသိ ဆိုတာရယ်နဲ့ ဘယ် ထပ်တွေ့ ချင်ပါတော့မလဲ။

ချိုကုပ်ဒူးကြီး စကားမဆုံးသေးခင် “ထိန်း” ခနဲ သေနတ်သံတချက် ကြားလိုက်ရပြီး နောက်ဆက်တွဲ သေနတ်သံများ ဆက်တိုက် ကြားလိုက်ရသည်။

ချိုကုပ်ဒူးကြီးက “ကေအန်ယူ၊ ကေအန်ယူ” ဟု ထအော်ရာ မြန်မာ့ရုပ်မြင်သံကြားက “နအဖ သောင်းကျန်းသူ
အဖျက်သမားများမှာ ကေအန်ယူ ပြည်သူလူထုကို ပစ်ခတ် သတ်ဖြတ် … မှားသွားလို့ သီးခံပါရှင် … ကေအန်ယူ သောင်းကျန်းသူ အဖျက်သမားများက ပြည်သူလူထုကို ပစ်ခတ် သတ်ဖြတ် နေပါတယ်” ဟု သတင်း ကြေညာလိုက်လေသည်။

ထိုစဉ် မည်သူက မည်သို့ ပြုလုပ်လိုက်သည် မသိ … သူတို့နားတွင် လက်နက်ကြီး ကျည်တခု လာပေါက်ကွဲသည်။ သေနတ် သံများလည်း ဆူညံသည်ထက် ဆူညံလာသည်။

ရုက္ခစိုး။     ။ ရွေးဂေါက်ပွဲ ရလဒ်ကို မကျေနပ်ကြလို့ ပေါက်ကွဲကြတာ ဖြစ်မယ်ထင်တယ် ချိုကုပ်ဒူးကြီး။

ချိုကုပ်ဒူးကြီးဆီက ဘာသံမှ ထွက်ပေါ်မလာတော့။

ထိုစဉ် မည်သူက ထပ်မံ၍ မည်ကဲ့သို့ ပြုလုပ်လိုက်သည် မသိ … လွှတ်တော် အဆောက်အအုံ သစ်ကြီးပေါ်သို့ လက်နက်ကြီး ကျည်တလုံး ကျ၍ “ဝုန်း” ခနဲ ပေါက်ကွဲလေရာ ချိုကုပ်ဒူးကြီးနှင့် ဒေါ်ကွိုင်ကွိုင်တို့လည်း ကြိုတင် တူးထားသည့် လိုဏ်ခေါင်းများအတွင်း လေးဘက်ထောက်၍ တဟုန်ထိုး ဝင်ပြေးကြ လေတော့သတည်း။     ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်