ဝစီပိတ်လွှတ်တော်

ချိုကုပ်။     ။ ဟာ … ဦးရုက္ခစိုး … ကြွပါ … ကြွပါ။ ဘာသောက်မလဲ … အပူလား အအေးလား။ အအေးဆိုရင်တော့ ရေခဲရည်ရမယ်၊ အပူကတော့ နေလှမ်းထားတဲ့ ရေသန့်ဘူးထဲက ရေရမယ်။

ရုက္ခစိုး။     ။ တော်ပါပြီဗျာ။ အကုန်အကျ များနေပါဦးမယ်။ ချိုကုပ်ဒူးကြီးရဲ့ လွှတ်တော် ခန်းမကြီးကတော့ တကယ့်ကို သားနားခန့်ညားတာပါလား … ။

ချိုကုပ်။     ။ သားနားရမယ်လေ။ အဲဒီလို ဘယ်လောက် သားနား ခန့်ညားတယ်ဆိုတာ ဦးရုက္ခစိုးကို ကြွားချင်လို့ ခေါ်လိုက်တာပဲဟာ။ ဒါမျိုး လွှတ်တော်ဆိုတာ ကမ္ဘာမှာ မပြောနဲ့ စကြဝဠာနဲ့ နတ်ပြည် ၆ ထပ်မှာတောင် ရှိမှာ မဟုတ်ဘူး။

ချိုကုပ်ဒူးကြီးက ဖိတ်ကြွား (ဖိတ်ကြားမဟုတ်ပါ) သောကြောင့် ဦးရုက္ခစိုးကြီးမှာ နေပြည်တော်ရှိ လွှတ်တော်ခန်းမကြီးအတွင်း ရောက်ရှိနေခြင်း ဖြစ်သည်။ ဦးရုက္ခစိုးမှာ တခါမှ မမြင်ဘူးသော လွှတ်တော်ကြီးကို စေ့စေ့စပ်စပ် လိုက်လံ ကြည့်ရှုနေသည်။

cmnatရုက္ခစိုး။     ။ ဟား … ကိုယ်စားလှယ်တွေက ကွန်ပျူတာတွေ တယောက်တလုံးနဲ့ပေါ့ ဟုတ်လား။ လန်ထွက်နေတာပဲဗျာ။

ချိုကုပ်။     ။ ဟဲဟဲ … ဒီထက် လန်တာတွေ တွေ့ဦးမယ် … ကြည့်ပါ ကြည့်ပါ။

ရုက္ခစိုး။     ။ ဒါပေမယ့် ကွန်ပျူတာတွေက အခွံတွေချည်းပါလား။ အထဲကဟာတွေက မဆင်ရသေးတာလား။ ကြိုးတွေ ဘာတွေလည်း မတွေ့ဘူး။

ချိုကုပ်။     ။ ကြိုးတွေဘာတွေနဲ့ဆိုတော့ ဓာတ်ပုံရိုက်ရင် ရှုပ်တာပေါ့ ဦးရုက္ခစိုးရယ်။ အခွံချည်းပဲ ဆိုတာကလည်း ဒီလိုဗျ။ ဒီကွန်ပျူတာတွေက သုံးဖို့မှ မဟုတ်ဘဲ။ ဒီတိုင်းအလှထားဖို့လေ။ သတင်းစာထဲမှာ လွှတ်တော်ကျင်းပနေတဲ့ ဓာတ်ပုံ ရိုက်တဲ့အခါ ကိုယ်စားလှယ်တော်ကြီးတွေက ကွန်ပျူတာတွေ ရှေ့မှာ ထိုင်နေတယ်ဆို ဘယ်လောက် သားနားလိုက်မလဲ။

ရုက္ခစိုး။     ။ သြော် ဒီလိုလား။ ဒါဆို အင်တာနက်တို့ ဘာတို့ကော။ ကိုယ်စားလှယ်တော်တွေ ယူလာတဲ့ လက်ပ်တော့နဲ့ပဲ သုံးရမှာပေါ့ ဟုတ်လား။

ချိုကုပ်။     ။ ဘယ့်နှယ် … ဦးရုက္ခစိုးကလည်း။ ကိုယ်စားလှယ်တော်ကြီးတွေကို လက်ပ်တော့တွေ သယ်လာခိုင်းရမယ်လို့ ...။ပင်ပန်းနေပါ့မယ်။ ဘာမှကို ယူလာစရာမလိုဘူး။ အားလုံး ဒီက အသင့်လုပ်ပေးထားမှာ။

ရုက္ခစိုး။     ။ ဟိုဒင်း … ဝိုင်ဖိုင်တို့ ဘာတို့။

ချိုကုပ်။     ။ ဟာ မုန့်တွေဘာတွေ ယူလာစရာမလိုဘူးလေ။ ဒီကပဲ ကျွေးမှာ … ဦးရုက္ခစိုးရယ်။ ဝေဖာတွေဘာတွေ စားရင် ချွဲကျပ်နေပါ့မယ်။ နောက်ပြီး အဲဒီမုန့်တွေက တိုင်းတပါးမုန့်တွေလေ။ လွှတ်တော်မှာ မြန်မာဆန်ရမယ်။ မြန်မာမှု မြန်မာ့ဟန်နဲ့ ပဲပြုတ်တို့ ကောက်ညှင်းပေါင်းတို့ပဲ ကျွေးမှာ။

ရုက္ခစိုး။     ။ ကျုပ်ပြောတာ ဝေဖာမုန့်မဟုတ်ဘူးလေ။ အင်တာနက် ဝါယာလက်စ် … ဝိုင်ဖိုင်ကို ပြောတာပါ။

ချိုကုပ်။     ။ သြော် အဲဒါလား။ အစကတည်းက ရှင်းရှင်းပြောရောပေါ့။ အဲဒါတွေ မသိဘူးဗျ။ မကြားဖူးဘူး။ မကြားဖူးတဲ့ဟာတွေ မလုပ်ထားဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က မြန်မာမှု မြန်မာ့ဟန်ပဲလေ။ ကျုပ်ရဲ့ ကြံ့ဖွံ့ ကိုယ်စားလှယ်ကြီးတွေလည်း သုံးတတ်မှာ မဟုတ်မယ့်အတူတူ မထည့်တာကောင်းပါတယ်။

ရုက္ခစိုး။     ။ အင်း မြန်မာမှု မြန်မာ့ဟန်ဆိုတော့ လက်ပ်တော့တို့ ဘာတို့လည်း မလိုဘူးပေါ့။ ဒီတော့ ပေတို့ ကညစ်တို့မှာ ရေးရ မှတ်ရမလို ဖြစ်နေပြီ။

ချိုကုပ်။     ။ မနောက်ပါနဲ့ ဦးရုက္ခစိုးရယ်။ ပေတို့ ကညစ်တို့ သုံးစရာလား။ ဘောလ်ပင်လောက် စာရွက်လောက်တော့ သုံးလို့ဖြစ်ပါတယ်။

ရုက္ခစိုး။     ။ သြော် ဒီလိုလား။ ဒါဆို ကိုယ်စားလှယ်တွေက ဘောလ်ပင်တွေ၊ စာရွက်တွေ ယူခဲ့ရမှာပေါ့ ဟုတ်လား။

ချိုကုပ်။     ။ နိုး … နိုး။ မလိုပါဘူး။ ဘာ ဘောလ်ပင်၊ ဘာစာရွက်မှ ယူမလာရဘူး။ အကုန်လုံး လွှတ်တော်ထဲမှာ အသင့် လုပ်ပေးထားမှာ။

ရုက္ခစိုး။     ။ တကယ်လို့ မတော်တဆ ဘောလ်ပင် တချောင်းလောက် မတော်တစ ပါလာရင်ကော။

ချိုကုပ်။     ။ အဲဒီလို မဖြစ်အောင် စီစဉ်ထားပါတယ် ဦးရုက္ခစိုးရဲ့။ ဘာမှ မတော်တဆ ပါမလာအောင်လို့ လွှတ်တော် စ ဝင်တဲ့အချိန်မှာ အားလုံး လန်ကွတ်တီလေးတွေပဲ ဝတ်ခဲ့ဖို့ ပြောထားတယ် (အမျိုးသမီးများ မည်သို့ဝင်ရမည်ကိုမူ ချိုကုပ်ဒူးကြီးက မပြောသဖြင့် မသိရသေးပါ)

ရုက္ခစိုး။     ။ ဒါဆို ချိုကုပ်ဒူးကြီးရဲ့ လွှတ်တော်က လန်ကွတ်တီ လွှတ်တော်ဖြစ်နေမှာပေါ့။ မြင်မကောင်းရှုမကောင်းဗျာ။

ချိုကုပ်။     ။ သြော် … ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ ဦးရုက္ခစိုးရယ်။ လွှတ်တော် ပရဝဏ်ထဲ စဝင်တဲ့အချိန်ပဲ ပြောတာပါ။ လွှတ်တော် တက်ရင်တော့ အကုန်လုံး မြန်မာမှု မြန်မာ့ဟန်အတိုင်း ဝတ်ရမှာဗျ ဟဲဟဲ။ ဒါတွေလည်း အားလုံး စီစဉ် ထားပြီးသား။

ရုက္ခစိုး။     ။ ဟုတ်လား … ဒါဆို ချိုကုပ်ဒူးကြီးကကော ဘယ်လိုဝတ်မှာလဲ။

ချိုကုပ်။     ။ ကျုပ်က ဘုရင်မင်းတြားကြီးလို ဝတ်မှာ။ ဝန်ကြီးတွေကတော့ သိုရင်းအင်္ကျီတို့ဘာတို့ပေါ့။ ခေါင်းကွဲနေတဲ့ ဇာတ်တွေကနေ အောက်ကြေးနဲ့ လိုက်ဝယ်နေကြတယ်။

ရုက္ခစိုး။     ။ ဟင် … ဘယ်ဝန်ကြီးတွေလဲ ချိုကုပ်ဒူးကြီးရဲ့။ အစိုးရဖွဲ့ပြီးမှ ဝန်ကြီးရာထူး ခန့်မှာ မဟုတ်ဘူးလား။

ချိုကုပ်။     ။ ဦးရုက္ခစိုးကြီးလည်း ခက်နေပြန်ပါပြီ။ ဒါတွေက သာမန်လူတွေ ရွေးချင်တိုင်း ရွေးလို့ရတာမဟုတ်ဘူးဗျ။ ရေမြေ့သနင်း ဘုရင်မြင်း … အဲ ဘုရင်မင်းမြတ်က ရွေးမှ တော်တော့မှာပေါ့။ ကျုပ်ရွေးထားပြီးသား။ ကျုပ်ကဘုရင်လုပ်မယ်။ ဝန်မင်းတွေကတော့ ကျုပ်က ခန့်ထားတယ်။

ရုက္ခစိုး။     ။ ဇာတ်ကသလိုပဲနော်။

ဦးရုက္ခစိုး အငေါ်တူးသည်ကို မသိဘဲ ချိုကုပ်ဒူးကြီးက ဆက်ပြောသည်။

ချိုကုပ်။     ။ ဇာတ်ကတာထက်တော့ နည်းနည်းသာပါတယ် ဦးရုက္ခစိုးရယ်။ ကျုပ်တို့အဝတ်တွေက အလန်းစားတွေပါ။ ရှိသေးတယ်။ ကိုယ်စားလှယ်တွေတောင် မတူဘူးနော်။ ကျုပ်ရဲ့ ကြံ့ဖွံ့ကိုယ်စားလှယ်ကြီးတွေက သူများထက် ထူးပြီး ပေါ်လွင်နေအောင် အားလုံး ကြိုးကြီးချိတ် ပြောင်ပြောင် ရောင်စုံဝတ်ရမှာ။

ရုက္ခစိုး။     ။ သြော် … ဟုတ်လား။ တိုက်ပုံမှာကော အကယ်ဒမီပွဲတက်တဲ့ မင်းသားတွေလို ဘော်ကြယ်တွေဘာတွေ ထိုးဦးမှာလား။

ချိုကုပ်။     ။ ဘော်ကြယ်တင်မကဘူး ရွှေချည်ငွေချည်ပါ ထိုးဖို့ စီစဉ်ထားတယ်။

ရုက္ခစိုး။     ။ တော်တော်ပြောင်တာပေါ့နော်။ သူတို့ မျက်နှာတွေနဲ့တော့ ဟပ်နေမှာပဲ။

ဦးရုက္ခစိုးက ရွဲ့ပြောသော်လည်း ရွဲ့လို့ရွဲ့မှန်း နားမလည်သည့် ချိုကုပ်ဒူးကြီးမှာ သဘောခွေ့၍ မျက်နှာကြီး ဖြီးကာ “ဒါပေါ့ … ဒါပေါ့” ဟု ပြန်ပြောသည်။

ရုက္ခစိုး။     ။ ဒါနဲ့ ချိုကုပ်ဒူးကြီးက အကုန်လုံး စီစဉ်ပြီးသား၊ ရွေးချယ်ပြီးသားဆိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေက ဘာလုပ်ရမှာလဲ။ လုပ်စရာတောင် ကျန်တော့မယ် မထင်ဘူးနော်။

ချိုကုပ်။     ။ အဲဒါပြောတာပေါ့။ ကိုယ်စားလှယ်တော်ကြီးတွေ ပင်ပန်းမယ်လေ။ အရင် မြန်မာ့ဆိုရှယ်ဘလစ် ဘလစ် တလမ်းဝင် တလမ်းထွက်ပါတီ တုန်းကလိုတောင် လက်ညှိုးထောင် ခေါင်းညိတ် လုပ်စရာမလိုဘူး။ အလိုလို ပြီးပြီးသား … ရယ်ဒီမိတ် လွှတ်တော်ဗျ။ အဲဒါကြောင့် တဆက်တည်း ကိုယ်စားလှယ်တော်ကြီးတွေ ကုသိုလ်ရအောင် တရားစခန်းပါ ဖွင့်ပေးထားတယ်။

ရုက္ခစိုး။     ။ ဘယ်လို … ဘယ်လို။

ချိုကုပ်။     ။ သြော် … ဘာမှ မပြောရမယ့်အတူတူ၊ ဘာမှ လုပ်စရာမလိုမယ့်အတူတူ … ကိုယ်စားလှယ်တော်ကြီးတွေ ကုသိုလ် ရပါစေတော့ဆိုပြီး လွှတ်တော်လည်း တက်ရင်း တရားလည်းကျင့်ရအောင် စီစဉ်ပေးထားတာပြောတာပါ။ ဝစီပိတ် တရား စခန်းပေါ့။

ရုက္ခစိုး။     ။ ခညာ … အရမ်းအရမ်းကို အံ့သြဖို့ ကောင်းတဲ့ လွှတ်တော်ကြီးပဲနော်။

ချိုကုပ်။     ။ ဒါပေါ့ … ကမ္ဘာမှာ မဆိုထားနဲ့ … စကြဝဠာနဲ့ နတ်ပြည် ခြောက်ထပ်မှာပါ မရှိတဲ့ တရားစခန်း … အဲ လွှတ်တော်ပါဆို။

ရုက္ခစိုး။     ။ တကယ်လို့ ကိုယ်စားလှယ်ကြီးတွေက ဝစီမပိတ်ရင် ဘယ်လိုလုပ်မလဲ။

ချိုကုပ်။     ။ သူတို့က ဝစီမပိတ်ရင် ကျုပ်ကပိတ်မှာပေါ့။ ထောင်ဒဏ် ငွေဒဏ် … ဒဏ်နှစ်ရပ်လုံး … အဲဒီလို ထောင့်စေ့အောင် စီစဉ်ထားတဲ့ လွှတ်တော်ဗျ ဟဲဟဲ။ တက်သွားပါဦးလား။ ဟင် … ဦးရုက္ခစိုး … ဦးရုက္ခစိုး … ဘာဖြစ်သွားတာလဲ … ကျုပ် လွှတ်တော်ကြီးကို တက်သွားဦးလေဗျာ ...။

နတ်လောကတွင်ပင် မကြုံဘူးသော ဝစီပိတ် လွှတ်တော်ကြီး အကြောင်းကို ကြားလိုက်ရသည့် ကျွန်ုပ်တို့၏ ဦးရုက္ခစိုးကြီးမှာ မင်တက်အံ့သြလွန်း၍ စကားမေး မရတော့ဘဲ နေရာတွင်ပင် ဖွတ်မေ့ပတတ်မေ့ မေ့မျောသွားသောကြောင့် နောက်ပိုင်း ဘာဆက်ဖြစ်သည်ကို ရန်ကုန်သားတာတေ မသိရတော့ပါ။    ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်