ရယ်စရာကို ရယ်စရာနဲ့ တိုက်မယ့်သူ

ကျွန်ုပ် ရန်ကုန်သား တာတေသည် နွေခေါင်ခေါင် မိုးတစိမ့်စိမ့် ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ကုန်ကြမ်း ရှာချင်ယောင် ဆောင်ရင်း မဒမ်တာတေ အလစ်တွင် တရေးလောက်ကွေးရန် ပုဆိုးကလေး ခြုံလိုက်စဉ် … ကျွန်ုပ်၏ ဇာတ်လိုက်ကျော် ချင်းမိုင် ရုက္ခစိုးကြီးမှာ နတ်ပီပီ ကိုယ်ထင်မပြဘဲ အူယားဖားယား ပြေးလာသည်ကို တွေ့လိုက်ရလေသည်။

cmnatရုက္ခစိုး။     ။ ကိုတာတေ ကိုတာတေ … ဒုက္ခတွေတော့ များကုန်ပြီဗျ။

တာတေ။     ။ ဘာဖြစ်လာတာလဲ ဦးရုက္ခစိုးရယ်။ ဒေဝါလီမဂ္ဂဇင်း အဟက်ခံရတဲ့ ကိစ္စ ပြောမလို့လား။ သိပြီးသားပါ။ ပြန်ရှင်းပြ ပြီးပြီမဟုတ်လား။

ရုက္ခစိုး။     ။ မဟုတ်ဘူး … ကိုတာတေရဲ့ … ဟို ...။

တာတေ။     ။ သြော် … အရွယ်တော် တဆိတ်အဟိုင်းလွန်နေတဲ့ အဆိုတော်ခြေကျ မမကြီးက သေပြီလို့ အရေးခံရလို့ ဆတ်ဆတ်ခါနာပြီး မပြီးနိုင်မစီးနိုင် ရှင်းနေတာကို ပြောချင်လို့လား။ ဒါကတော့ဗျာ … သူ့ခမျာ အခွင့်အရေးလေး ရတုန်း နာမည်ပြန်ကြီးလို ကြီးငြား လုပ်တာနေမှာပါ။ ခွင့်လွှတ်လိုက်ပါဗျာ။

ရုက္ခစိုး။     ။ လွဲပြန်ပြီ … အဲဒီကိစ္စက ...။

တာတေ။     ။ သြော် … သိပြီ … ဂျပန်က ဆူနာမီကြောင့် အဏုမြူဓာတ်ပေါင်းဖို ပေါက်တဲ့အတွက် မြန်မာပြည်မှာ အက်ဆစ်မိုး ရွာမယ်ဆိုတဲ့ အကြောင်းလား။ ကောလာဟလပါ ဦးရုက္ခစိုးရယ် …။

ရုက္ခစိုး။     ။ အဲ … မဟုတ် … ။

တာတေ။     ။ ခက်တယ်ဗျ၊ လူတွေကလည်း ဘုမသိ ဘမသိ ကြောက်ဖို့ပဲ … နည်းနည်းပါးပါး ခေါင်းကိုမသုံးကြဘူး။ ဒီမှာ ဦးရုက္ခစိုး … ခင်ဗျား ဝါရှင်တန်ပို့စ် ကြားဖူးလား၊ နယူးယောက် တိုင်းမ်စ်ကော သိရဲ့လား … အီကောနောမစ် ဂျာနယ်က ဘယ်လို ပြောသလဲ ဆိုလို့ရှိလို့ ရှိရင် ...။

အခွင့်သာလျင် ဆရာမလုပ်ရ မနေနိုင်သော ကျွန်ုပ်သည် ဟိုနားနည်းနည်း ဒီနားနည်းနည်း ကြားဖူးသမျှဖြင့် ဦးရုက္ခစိုးကို ပညာခန်းပြရန်အတွက် နေရာပြင်ထိုင်လိုက်သည်။ ဦးရုက္ခစိုးမှာ ကျွန်ုပ်၏ ဗဟုသုတများအတွက် အလွန်အထင်ကြီး လေးစား နေပုံရသည်။ မျက်လုံးကြီး ပြူး၍ ကျွန်ုပ်အား ကြည့်နေ၏။

ရုက္ခစိုး။     ။ ဒီမှာကိုတာတေ … တံတွေးတွေ စင်တယ်ဗျ … ထင်ရာတွေ စွတ်ပြောမနေနဲ့ … ခင်ဗျားချည်းပဲ ပြောနေတာ … ကျုပ် ဘာမှကို မပြောရသေးဘူး။

တာတေ။     ။ အဲ … အဲဒီ အဏုမြူ ဓာတ်ပေါင်းဖို ပေါက်တဲ့ကိစ္စ … ။

ရုက္ခစိုး။     ။ တခုမှ မဟုတ်ဘူး။ ဒါနဲ့များ ဂျာနယ်လစ်တဲ့၊ စတိုင်ယာရစ်တဲ့ … ဘာတုန်း၊ ခင်ဗျားဘာသိလဲ။ အခု ဒုက္ခများနေပြီ ဆိုတာ … ခင်ဗျား ထမင်းအိုးကို တုတ်နဲ့ ထိုးမယ့်သူ ပေါ်လာပြီ … ခင်ဗျား ထမင်းငတ်တော့မယ် ဆိုတာ လာပြောတာ။ နားလည်လား။

တာတေ။     ။ ခင်ညာ … ဘယ် … ဘယ်လို ...။

ကျွန်ုပ်၏ ထမင်းအိုး တုတ်နှင့်ထိုးမည့် ကိစ္စဟု ဆိုလိုက်သည်နှင့် အလွန်စိတ်ပူသွားမိသည်ကို ဝန်ခံပါသည် (ပညာရှိများသည် ထိုသို့ အသေးအဖွဲ စိတ်ပူပန်မှုများဖြစ်မိပါက လူရှေ့သူရှေ့တွင် ရဲရဲဝံ့ဝံ့ ဝန်ခံရဲကြသည် မဟုတ်တုံလော) ထိုကိစ္စမှာ ဆူနာမီ ထက်၊ နာဂစ်ထက်၊ ဂီရိထက် ကျွန်ုပ်အတွက် အလွန် အရေးကြီးပေသည်။ မဒမ်တာတေနှင့် တိုက်ရိုက် ပတ်သက်သည့်ကိစ္စ ဖြစ်နေသောကြောင့်ပင် (ပညာရှိများသည် မိန်းမ အလွန်ကြောက်ကြသည် မဟုတ်တုံလော)

ရုက္ခစိုး။     ။ အဲဒါပဲ … ခင်ဗျားအတွက် လာပြောတာ။ ခင်ဗျားရဲ့ ထွေရာလေးပါးကဏ္ဍကို လူမဖတ်တော့ဘူး … ခင်ဗျားထက် ရယ်ရအောင် လုပ်နိုင်တဲ့သူ ရှိနေပြီ။ အခု ကာတွန်း ကိုဟန်လေးအတွက်တောင် စိတ်ပူစရာပဲ။

ကိုတာတေ။     ။ ကျနော့်ထက် ရယ်ရအောင် လုပ်နိုင်တဲ့သူ ဟုတ်လား။ ကာတွန်း ဟန်လေးထက်လည်း ရယ်ရတယ်။

ကျွန်ုပ် အံ့သြပြီးရင်း အံ့သြရင်း ဖြစ်မိသည်။ လူရွှင်တော်ကြီး ကိုဇာဂနာလည်း ထောင်ထဲမှာ ...၊ သီးလေးသီးကလည်း ဇာတ်ခေါင်းကွဲနေသည်၊ ပြည်တွင်းက လူရွှင်တော်များကလည်း ခါးအောက်ပြက်လုံးများ ကြားတွင် တဝဲလည်လည်နှင့် …၊ ကာတွန်းအော်ပီကျယ်လည်း စိစစ်ရေးဘောင်ထဲမှာ ရေးနေရသည် ... သို့ဆိုလျင် မည်သူနည်း ...။ ခေါင်းထဲတွင် ကွက်ရှင်မတ်များ အတွဲလိုက် ထွက်လာ၏ ...။

ရုက္ခစိုး။     ။ ဘယ်သူလဲ ဟုတ်လား … တခြားသူတော့ မဟုတ်ဘူး။ မြန်မာ့အမှောင် သတင်းစာကြီးပါ ခင်ဗျာ။ အခု လူတွေက မြန်မာ့အမှောင် သတင်းစာကြီးကို ဖတ်ဖတ်ပြီး ရယ်နေကြလေရဲ့ … ကိုတာတေရေ။ ခင်ဗျားရဲ့ ထမင်းအိုးကို တုတ်နဲ့ ထိုးမယ့်သူဗျ။

ကျွန်ုပ်သည် ဝါရှင်တန်ပို့စ်လောက်၊ နယူးယောက်တိုင်းမ်စ်လောက်၊ အီကောနောမစ်လောက် … အနည်းဆုံး ဘန်ကောက်ပို့စ် လောက်ကိုသာ နေ့စဉ် ဟိုလှန်သည်လှန် လုပ်ရုံလုပ်၏ (တလုံးမှတော့ မဖတ်တတ်ပါ)။ အေပီ၊ အေအက်ဖ်ပီ၊ အန်အိတ်ခ်ျကေ၊ စီအန်အန်၊ ဘီဘီစီ သတင်းများကို သူများ ဘာသာပြန်ပေးလျင် ဖတ်၏။ မြန်မာ့အမှောင် သတင်းစာကိုမူ တောင်လှန် မြောက်လှန် လုပ်သော်လည်း လုံးလုံး  မစဉ်းစားမိချေ (ပညာရှိ သတိဖြစ်ခဲပဲလေ) ...။ အခုတော့ သူက တွယ်ချေပြီ။

တာတေ။     ။ ဘာလဲဗျ … မြန်မာ့အမှောင်မှာ စတိုင်ယာကဏ္ဍ ထည့်ထားလို့လား။

ကျွန်ုပ်၏ မေးခွန်းအဆုံးတွင် “ဟားဟားဟား ဟားဟားဟား ဟားဟားဟား” ဆိုသည့် ရယ်သံနက်ကြီး တသံ ပေါ်ထွက်လာ၏။ မည်သူ ရယ်နေမှန်းမသိရ ...။ ကျွန်ုပ်ကော ဦးရုက္ခစိုးပါ သေသေချာချာ ရှာတော့မှ အိမ်ရှေ့ ရေကပြင်ဘေးက ရာဝင်အိုး နောက်တွင် ရောက်နေသော အရပ်အလွန်ပုရှာသည့် ပြန်ကြားရေးဝန်ကြီး ဦးဆော်ကြမ်း ဖြစ်နေလေသည်။

ဆော်ကြမ်း။     ။ မောင်တာတေ … မောင်တာတေ … တော်တော် ပေါက်ကရပြောတာပဲ။ ဒီလောက် ခန့်ငြားတဲ့ ကျုပ်ရဲ့ သတင်းစာတော်ကြီးမှာ မလောက်လေးမလောက်စား စတိုင်ယာကဏ္ဍ ထည့်ပါ့မလား။ စဉ်းစဉ်းစားစား ပြောစမ်းပါ။

ရုက္ခစိုး။     ။ ဟုတ်လိုက်လေ ဝန်ကြီးရယ်။ ဝန်ကြီးရဲ့ သတင်းစာက စတိုင်ယာကဏ္ဍ သီးသန့် ထည့်စရာမလိုဘဲကို ရယ်နေရတာကိုး။

ဆော်ကြမ်း။     ။ အဲဒါ ပညာပဲလေ။ မီဒီယာကို မီဒီယာနဲ့တိုက်မယ်၊ ရယ်စရာကို ရယ်စရာနဲ့တိုက်မယ်။ ဒါပဲ။

တာတေ။     ။ ဒါတော့ ဝန်ကြီးတို့ မတရားတာဘဲ။ ကျုပ်က ရယ်စရာရေးတာမှ မဟုတ်ဘဲ။ သတင်းအမှန်တွေကို တင်ပြတာ။

ဆော်ကြမ်း။     ။ လျှာမရှည်နဲ့ မောင်တာတေ။ သိတယ်။ မင်းက ထွေရာလေးပါး ကဏ္ဍရဲ့ အောက်ဆုံးကနေ ဒီကဏ္ဍဟာက စတိုင်ယာဖြစ်ပါတယ်၊ သတင်းမှန်တွေကို အခြေခံထားတာ မဟုတ်ပါဘူးလေး ဘာလေးနဲ့ မလှိမ့်တပတ်လုပ်ပြီး သတင်း အမှန်တွေကို ရေးနေတာလေ။ အဲဒီတော့ ကျုပ်ကလည်း စတိုင်ယာမရေးဘဲ သတင်းအမှန်ထဲကနေ လူတွေ ရယ်ရအောင် လုပ်တာပေါ့။ ဘယ်ရမလဲ။

ရုက္ခစိုး။     ။ ဟုတ်တယ် ဟုတ်တယ်။ ဝန်ကြီးတို့ လွှတ်တော်သတင်းတွေဆို အရယ်ရဆုံးပဲ။ အဲဒီထဲမှာ ဦးဆော်ကြမ်း ပြောတာ ပိုပြီးရယ်ရတယ်။ လူပြက်လုပ်ပါလားဟင်။

ဆော်ကြမ်း။     ။ လုပ်ဦးမှာ … အခုကျင့်နေပြီ။ ဇာဂနာလောက်တော့ သနားတယ်ဗျာ။

သူတို့ပြောနေသည်ကို ကျွန်ုပ် ဘာတလုံးမှ နားမလည်ပေ။ နယူးယောက်တိုင်းစ်၊ ဝါရှင်တန်ပို့စ်၊ အီကောနောမစ်၊ ဘန်ကောက်ပို့စ် အကြောင်းပြောတော့မှ ဆရာလုပ်တော့မည်ဟု တေးထားလိုက်ပြီး ယခု တပည့်ခံရန်ဆုံးဖြတ်လိုက်သည်။ ဦးဆော်ကြမ်း ကိုတော့ မမေးရဲ။ နတ်နိုင်ဦးရုက္ခစိုးကိုသာ ခပ်တိုးတိုး ကပ်မေးလိုက်သည်။

တာတေ။     ။ ဘယ်လိုလဲ ဦးရုက္ခစိုး။ လုပ်ပါဦး။ ကျနော် ခေတ်နောက်ကျနေပြီထင်တယ်။

ရုက္ခစိုး။     ။ သေချာတာပေါ့ ကိုတာတေရယ်။ ဦးဆော်ကြမ်းလုပ်ချလိုက်တာ သိလား။ သတင်းစာ မျက်နှာဖုံးမှာ စာလုံးမည်းကြီးနဲ့လေ ...။ မြန်မာပြည်သူတွေအနေနဲ့ သတင်းအချက်အလက်များ၊ အသိဗဟုသုတများ၊ ဖျော်ဖြေမှုများကို ကမ္ဘာ့ပြည်သူများနည်းတူ အချိန်နဲ့တပြေးညီ အပြည့်အဝ ရရှိခံစားနိုင်ပြီတဲ့ ...။ အဟိ ခွိခွိခွိ … ဟားဟားဟား။

ဦးရုက္ခစိုးကြီးမှာ ပြောရင်းက စိတ်မထိန်းနိုင်ဘဲ ဝါးလုံးကွဲ ရယ်လေတော့သည်။ ဦးဆော်ကြမ်းမှာကား မိန့်မိန့်ကြီးပြုံးလျက် “ဘာတတ်နိုင်သေးလဲ မောင်တာတေ” ဆိုသည့်ပုံ ဖမ်းထားသည်။

တာတေ။     ။ ဒီတခုတည်းနဲ့တင် ကျနော်မျိုးကြီး သေဖို့ ကောင်းနေပါပြီ။ ရှိသေးလား ဦးရုက္ခစိုး။

ရုက္ခစိုး။     ။ မြန်မာနိုင်ငံမှာ သဘာဝဘေးဒဏ် ကာကွယ်စောင့်ရှောက်ရေး ဥက္ကဋ္ဌအဖြစ် ဝန်ကြီးချုပ် ဦးသိန်းဂိန်ကို ခန့်ထားတာတဲ့။ ဒါမျိုး ကမ္ဘာ့နိုင်ငံတွေမှာ မရှိသလောက် ရှားတယ်ဆိုတဲ့အကြောင်း ...။

ဆော်ကြမ်း။     ။ ကျန်သေးတယ်လေ ဦးရုက္ခစိုးရဲ့ ... နာဂစ်ဒေသ ပြန်လည်ထူထောင်ရေးက လိုအပ်တာထက် မြန်နေလို့ တခြားနိုင်ငံတွေက မြန်မာနိုင်ငံကိုတောင် စံနမူနာ ထားရတယ်ဆိုပြီးကို လွှတ်တော်မှာ ပြောချလိုက်ကြတာ။ အဟီး။ အဲဒီလို မျက်နှာပြောင်တိုက်တဲ့ အပြောလေးတွေကို ကျုပ်က သတင်းစာထဲမှာ မပါပါအောင် ထည့်တာဗျ။ ဒါတောင် မကောင်းတတ်လို့၊ တကယ်ဆို ဂျပန်က ဆူနာမီကိစ္စအတွက် နည်းပညာ အကူအညီပေးမယ်လို့ပါ ထည့်ချင်တာ။

ရုက္ခစိုး။     ။ ကျန်တာတော့ ကိုယ့်ဘာသာပဲ ဖတ်ပေတော့။ သေချာတာတော့ မင်း … ထမင်းအိုးကွဲပြီ။

ကျွန်ုပ်အလွန် အားငယ်သွားသည်။ မြန်မာ့အမှောင်သတင်းစာကြီးက ဤသို့ ပေါရဲနေမှတော့ ကျွန်ုပ်အတွက် နေရာမရှိပြီ။
ထို့ကြောင့် မရဲတရဲနှင့် “နိုင်ငံကြီးကို အုပ်ချင်တိုင်းအုပ်ပြီး အရေးကြုံလာရင် ရှောင်မယ့် နိုင်ငံအုပ်ရှောင် ကိစ္စကော မပါဘူးလား” ဟု မေးကြည့်လိုက်၏။

ဆော်ကြမ်း။     ။ လာမယ် … ဒါက ဖြည်းဖြည်းချင်းလာမယ်။ အဲဒီသတင်းက ထုတ်လို့မဖြစ်သေးဘူး။ ချိုကုပ်ဒူးကြီး အမိန့်မပေး သေးဘူးလေ။

ရုက္ခစိုး။     ။ ခင်ဗျားတို့ လွှတ်တော်ကြီးက မေးခွန်းတွေကို ဖြေတာ အရမ်းအရမ်းကို ရှင်းတာပဲဗျာ။ ဟိုးအရင် လက်ကျန် ပင်စင်စားကြီးတွေရဲ့ ပင်စင်လစာ တိုးမလားဆိုတဲ့မေးခွန်းကိုများ ဖြေသွားလိုက်တာ … တကယ့်ကို ဝေ့လည်ကြောင်ပတ်နဲ့ ဘာပြောချင်မှန်းကို မသိရဘူး။

ဆော်ကြမ်း။     ။ ဒါကတော့ဗျာ … တိုးချင်လည်း တိုးပါမယ်၊ မတိုးချင်လည်း မတိုးပါဘူး ဆိုတာကို လူကြားကောင်းအောင် မလှိမ့်တပတ်နဲ့ ဖြေရတာ လွယ်တာမှတ်လို့ …။ အဲဒါကိုလည်း ကျုပ်ရဲ့ မြန်မာ့အမှောင်ကြီးမှာ သေချာ ထည့်ရေးထားပါတယ်။

သူတို့နှစ်ဦး အချီအချ ပြောနေသည်များကို နားထောင်ရင်းနှင့် ကျွန်ုပ်မှာ အလွန်အားငယ်လာသည်။ ဦးဆော်ကြမ်းကား ရယ်စရာကို ရယ်စရာနှင့် တိုက်နေလေပြီတကား။ ကျွန်ုပ်ကို ကြည့်ကာ ဦးဆော်ကြမ်းက မြေနိမ့်ရာ ဓားမြောင် ထပ်စိုက်မည့် ရုပ်နှင့် (လှံက သူ့အရပ်နဲ့ အတူတူလောက်ဆိုတော့ ဓားမြောင်ပဲ နိုင်တဲ့သဘောပါ) “ဒီမှာ ကိုတာတေ … မကြာခင် မှာတော့ ခင်ဗျားတို့ အားလုံး ချုံးပွဲချပြီး ငိုရတော့မှာဗျ ဟဲဟဲ” ဟု ပြောလေသည်။

ရုက္ခစိုး။     ။ ဘာများပါလိမ့် ...။ မြန်မာပြည်မှာ ၂၄ နာရီ မီးဖျက်မယ်ဆိုတဲ့သတင်းလား။ ဒါလောက်နဲ့တော့ မြန်မာတွေက မငိုလောက်ပါဘူးဗျာ။

ဆော်ကြမ်း။     ။ သိပါတယ်ဗျာ။ အဲဒါမဟုတ်ပါဘူး။ အခုဟာက ဆက်သွယ်ရေး ဝန်ကြီးပြောတာ။ ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်ဝင်ငွေ ထိခိုက်အောင်လုပ်တဲ့ ကောင်တွေကို မကြာခင် ကျုပ်တို့ ချိုကုပ်ဒူးကြီးက အသေ နှိပ်ကွပ်တော့မှာတဲ့။ အီလက်ထရွန်နစ် ပုဒ်မနဲ့ကို တရားစွဲတော့မှာ။ ပြီးရင်ထောင်ချပြီပဲ။

တာတေ။     ။ ဘယ်သူတွေလဲဗျ။ နိုင်ငံတော်ဝင်ငွေ ထိခိုက်အောင်လုပ်တာ။

ဆော်ကြမ်း။     ။ နာမည်တွေကလည်း ဘာတွေလဲ မသိပါဘူး။ တယောက်က ပီဖင်ဂိုးတဲ့ … ခေါင်းတိုက်သွင်းတဲ့ ဂိုးပဲ ကြားဖူးပါတယ် … သူ့ကျမှ ဖင်နဲ့ဂိုးရတယ်လို့။ နောက်တယောက်က ဗီဇက်အိုတဲ့ … အသက်ကြီး နေပြီထင်ပါရဲ့။ နောက် တယောက် ကတော့ မိန်းမဗျ၊ နာမည်ကလည်း ဂျီးတော်တဲ့ ...။

ကျွန်ုပ်တသက်တာတွင် တခါမှ မကြုံဘူးသော အံ့သြကုန်နိုင်ဖွယ် ဖြစ်ရပ်ဆန်းနှင့် ကြုံတွေ့နေရလေပြီ။ ကျွန်ုပ်အလွန် အထင်ကြီးလှသော နယူးယောက်တိုင်းမ်စ်၊ ဝါရှင်တန်ပို့စ်၊ အီကော်နောမစ်၊ ဂါးဒီးယန်း စသည့် သတင်းစာကြီးများသို့ အဆိုပါသတင်း ရေးပို့လိုက်ပါက ကမ္ဘာကျော်ပေတော့မည် … သို့သော် အင်္ဂလိပ်လို မရေးတတ်တာက ခက်၏။

ရုက္ခစိုး။     ။ အဲဒါကြောင့်ပြောတာ … မင်းထမင်းအိုး ရိုက်ခွဲမယ့်သူ ပေါ်လာပြီလို့ ...။ စတိုင်ယာ မရေးနဲ့တော့။

တာတေ။     ။ ဟုတ်တယ်။ စွန့်လွှတ်မယ်။ စွန့်လွှတ်မယ်။ ဒီအလုပ်ကို တသက်မလုပ်တော့ဘူး။

ထိုစဉ် ကျွန်ုပ် မျက်စိထဲ၌ မီးများ ဝင်းခနဲပွင့်သွားကာ မျက်စိရှေ့မှ ဦးဆော်ကြမ်းကော၊ ဦးရုက္ခစိုးပါ ရုတ်တရက် ထူးဆန်းစွာ ပျောက်ကွယ်သွားလေတော့၏။

“ကို … တာ … တေ” ဆိုသည့် မဒမ်တေ၏ ငှက်ဆိုးထိုးသံကြီးကြောင့် မီးပွင့်သွားခြင်းဖြစ်ပေသည်။ နောက်ဆက်တွဲအနေဖြင့် “ဘာ … စွန့်လွှတ်မှာလဲ ...ဟမ် ... ဘာအလုပ်မှဖြင့် မယ်မယ်ရရ မလုပ်ဘဲနဲ့ ရှိတဲ့ ဒီ စာရေးတာကိုတောင် စွန့်လွှတ်ဦးမယ်ပေါ့ … ဟုတ်လား။ ရှင် အိမ်ပေါ်က ဆင်းတော့ သွား။ ဟွန်း … အခုလည်း စာရေးဖို့ ကုန်ကြမ်း စဉ်းစားဦးမယ်ဆိုပြီး အိပ်နေ လိုက်တာ ယောင်တောင်ယောင်တယ် … တကတည်းတော် …” အစချီ၍ ပေါက်ပေါက်များဆက်တိုက် ဖောက်နေလေ၏။

ကျွန်ုပ် အိပ်ပျော်သွားချိန် အိပ်မက် မက်နေခြင်းပေတကား။ ကျွန်ုပ်၏ မိန်းမ အလိုက်မသိတတ်ပုံများ ... နယူးယောက်တိုင်းစ်၊ အီကောနောမစ်၊ ဝါရှင်တန်ပို့စ်၊ ဂါးဒီးယန်း … အစရှိသည့် အင်တာနေရှင်နယ် သတင်းစာများကို ပို့ရန်အတွက် သတင်းစိတ်ကူး များ ပျက်စီးရသည်အထိပင် မဟုတ်တုံလော။     ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်