သို့သော် ရွေးကောက်ပွဲ ကျင်းပကတည်းက ပြည်တော်ပြန်ရန် ရွတတရှိသူများ၊ တိုးတိုးတိတ်တိတ် ပြန်သူများ ရှိနေသဖြင့် ဦးရုက္ခစိုးသည်လည်း ထိုနည်းနှင်နှင် လစ်လေသလောဟု သံသယကာ ဖိုးရှုပ်နှင့် ကြွက်စုတ်လည်း အခြေအနေအရပ်ရပ်ကို စူးစမ်းရန် လေယာဉ်ပျံတည်းဟူသော ဈာန်ယာဉ်ဖြင့် လိုက်သွားကြလေသည်။
ဦးရုက္ခစိုးကား မြန်မာ့အတင်း သတင်းစာကို ဖြန့်လျက် အကျအနဖတ်လျက်ရှိပေသည်။ ဖိုးရှုပ်က ခရီးရောက်မဆိုက် ပြော၏။
ဖိုးရှုပ် ။ ။ သတင်းစာကလည်း မျက်စိတွေ ကျိန်းလိုက်တာ ဦးရုက္ခစိုးရယ်။
ဦးရုက္ခစိုး ။ ။ ဘာတုန်း၊ ငါက ကိုယ်ရောင်ကိုယ်ဝါ သိပ်တောက်ပနေလို့လား၊ ဟဲ … ဟဲ။
ဦးရုက္ခစိုးက မနောခွေ့သွားသော်လည်း ဖိုးရှုပ်၏ အဖြေကြောင့် အောင့်သက်သက်ဖြစ်သွားလေသည်။
ဖိုးရှုပ် ။ ။ မဟုတ်ပါဘူး ဦးရုက္ခစိုးရယ်။ ဦးရုက္ခစိုး ဖတ်နေတဲ့ သတင်းစာအဖုံးမှာ အရင်လို စစ်ဝတ်စုံ စိမ်းစိမ်းတွေအစား နဖူးပြောင်ပြောင် ပုဆိုးပြောင်ပြောင်နဲ့ သမ္မတ အသစ် သိန်းဂိန်ကြီးကြောင့် မျက်စိကျိန်းတာပါ။ ဦးရုက္ခစိုး ကိုယ်ရောင်ကိုယ်ဝါ မထွက်နိုင်ဘူးဆိုတာကတော့ သိပြီးသားပါ
ဘာကြောင့် သူက ကိုယ်ရောင်ကိုယ်ဝါ မထွက်ရမည်နည်းဟု ဦးရုက္ခစိုးက မေး၏။
ဖိုးရှုပ် ။ ။ ဦးရုက္ခစိုးနှယ်၊ ဦးသိန်းဂိန် ဦးဆောင်တဲ့ သန့်ရှင်းသော အစိုးရ စတက်နဲ့နေ့မှာပဲ ဆပ်ပြာတွေ၊ ဆပ်ပြာမှုန့်တွေ ဈေးခုန်တက်တယ် ကြားကတည်းက ဦးရုက္ခစိုး ရေချိုးရင်တောင် ဆပ်ပြာဖိုးတတ်နိုင်မှာ မဟုတ်ဘူးဆိုတာ ခန့်မှန်းမိလို့ပါပဲ။
ကြွက်စုတ်ကလည်း တစခန်းထပြန်၏။
ကြွက်စုတ် ။ ။ တရုတ်ပြည်က နံပတ်ဖိုးရောင်းတဲ့ မကျာချင့်ရဲ့ ယောက်ျား ရောက်နေတယ်ဆိုဗျ။
ဦးရုက္ခစိုးက သတင်းစာကို ဘေးချ၍ ပြောလေသည်။
ဦးရုက္ခစိုး ။ ။ သယ် … ကြံကြံဖန်ဖန်၊ တရုတ်ပြည်က နံပတ် လေးအဆင့်ရှိတဲ့ ကျာချင့်လင် ရောက်နေတာပါ။
ကြွက်စုတ် ။ ။ နံပတ် ဖိုးနဲ့ လေးဟာ အတူတူပဲပေါ့ ဦးရုက္ခစိုးရယ်၊ ကျာချင့်ရဲ့ ယောက်ျားနဲ့ ကျာချင့်လင်ကလည်း အတူတူပဲ မဟုတ်လား”
ကြွက်စုတ်က ဦးရုက္ခစိုးကို အလစ်အငိုက် ကလိလိုက်လေ၏။
ထို့နောက် ကြွက်စုတ်က မြန်မာ့အတင်း သတင်းစာကို ကောက်ကိုင်ကြည့်ရှုပြီး မေးခွန်းထုတ်သည်။
ကြွက်စုတ် ။ ။ ကျာချင့်လင်နဲ့ သိန်းဂိန်ကလည်း ဖက်တော့မတတ်ပါပဲလားဗျာ။ ဒါနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ဆိုတာ ဘာတုန်းဗျ။
ဖိုးရှုပ် ။ ။ မင်း အဲဒါတွေ ခက်တာပေါ့၊ မင်းဟာ ဂျင်နလယ် နောလစ် အတော်နည်းတာကိုး၊ ဒါကြောင့် အိပ်ယာထတာနဲ့ ကမ္ဘာ့သတင်းတွေကို များများဖတ်ပါလို့ ပြောတာပေါ့။
ဖိုးရှုပ်က အခွင့်သာခိုက် နှိပ်ကွပ်၏။ ကြွက်စုတ်က ရွဲ့၍ မေးသည်။
ကြွက်စုတ် ။ ။ ဖြေမှာသာ ဖြေပါ ပိဋကတ်အိုးကွဲကြီးရယ်။
ဖိုးရှုပ် ။ ။ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်းရေး မူကြီး ၅ ချက်ဆိုတာ ဦးသိန်းဂိန် အစိုးရသစ်ဟာ ဂျိုကုပ်းဒူးကြီး၊ ဒေါ်ကြိုင်ကြိုင်၊ ကြံ့ဖွတ်၊ တရုတ်၊ ရုရှတို့နဲ့ ပိစ် လုပ်ပြီးနေတာကို ပြောတာပေါ့ကွ။
ဦးရုက္ခစိုးက တစုံတခုကို သတိရဟန်ဖြင့် ဝင်ပြော၏။
ဦးရုက္ခစိုး ။ ။ ဒီတခါ တို့ ရန်ကုန်ရောက်တာ ဂျိုကုပ်ဒူးကြီးကို မမြင်မိဘူး။
ကြွက်စုတ် ။ ။ ဂျိုကုပ်ဒူးကြီးက “ကာချက်” ဆိုလား … “ကာချုပ်” ဆိုလား … အဲဒီရာထူးကိုလည်း စွန့်ပြီးကတည်းက မြေလျှိုးသွားတယ် ပြောကြတာပဲဗျ။
ဖိုးရှုပ် ။ ။ “ကာချုပ်” ပါကွာ၊ ကာကွယ်ရေး ဦးစီးချုပ်ကို ပြောတာ၊ ကာချက်ဆို ကြက်ဥပြုတ် ဖြစ်သွားမှာပေါ့။
ထိုအခိုက် ဦးရုက္ခစိုး၏ နောက်ဆုံးပေါ် ဂူဂယ်မိုဘိုင်းဖုန်းသို့ ဖုန်းကောလ် ဝင်လာလေသည်။
“တီးတီ … တီးတီ … တီးတီ”
ဦးရုက္ခစိုး ။ ။ ဟဲ့ လန့်လိုက်တာ … ဂျိုကုပ်ဒူးကြီးဆီကကွ၊ ငါတို့ ရောက်နေတာ ဘယ်လိုလုပ် သိသွားပါလိမ့်။
ဦးရုက္ခစိုးက အလန့်တကြားပြောကာ သုံးဦးစလုံး ကြားစေရန် ဖုန်းစပီကာကို ဖွင့်လိုက်လေ၏။ လျှာလိပ်နေသည်ဟု ထင်ကြေးပေးနေကြသော ဂျိုကုပ်းဒူးကြီး၏အသံ ပီပီသသ ထွက်လာ၏။
ဂျိုကုပ်ဒူးကြီး ။ ။ ဦးရုက္ခစိုးတို့ ရန်ကုန် ရောက်နေကြတယ် မဟုတ်လား၊ နေပြည်တော်ကို လာခဲ့ပါဦး၊ ငလျင်တွေ ဘာတွေ မလှုပ်ပါဘူး၊ ထိုင်းမှာလိုလည်း ရေမကြီးပါဘူး၊ စိတ်ချပါ။
ဦးရုက္ခစိုး ။ ။ ဘာလို့တုန်း ဂျိုကုပ်ဒူးကြီး။
ဂျိုကုပ်ဒူးကြီး ။ ။ “အဟောင်းဖြစ်သော အုပ်ချုပ်မှုစနစ်”နဲ့ “ခေါင်းပြောင်သော အစိုးရသစ်” ကို ကျုပ်က ထူထောင်ပေးထားပြီလေ၊ ချင်းမိုင်မှာ ရန်ပုံငွေပြတ်ပြတ်နဲ့ အကြွေးတင်ခံမနေပါတော့နဲ့၊ ပြည်တွင်းကို ပြန်ခဲ့ကြစမ်းပါ။ ကျုပ်က နိုင်ငံ့အုပ်ရှောင်အနေနဲ့ နောက်ကနေ ဖြုတ်စေ ထုတ်စေ လုပ်နေတာပါ။ ကျုပ်တာဝန်ယူပါ့မယ်။
ဦးရုက္ခစိုးတို့ သုံးဦးသားကား မျက်ခုံများ မြင့်တက်သွားလေသည်။ ဦးရုက္ခစိုးက ကပျာကသီ ငြင်း၏။
ဦးရုက္ခစိုး ။ ။ ဟာ … ကျုပ်က ပြည်ပအခြေစိုက် နတ်ပဲ၊ အခုအခြေအနေနဲ့တော့ မြန်မာပြည် မပြန်လိုသေးပါဘူး ဂျိုကုပ်ဒူးကြီးရဲ့။
ဂျိုကုပ်ဒူးကြီး ။ ။ ဦးရုက္ခစိုးလည်း မပူပါနဲ့၊ “မြန်မာနိုင်ငံလုံးဆိုင်ရာ ရုက္ခစိုးများအသင်း ဥက္ကဋ္ဌ” ရာထူးပေးပါမယ်။ တပည့်ကျော်တွေလည်း ချင်းမိုင်မှာ ထားခဲ့ဖို့ မလိုပါဘူး၊ ဖိုးရှုပ်ကို “သရဲတစ္ဆေ စုန်းကဝေ ဝတ္ထုရေးဆရာများဆိုင်ရာ အသင်းဥက္ကဋ္ဌ” ခန့်ပြီး ကတုံးကြီး ဒန်ကလိရဲ့ အစား မြန်မာထိုင်းမ်ရှယ်ယာ တစိတ်ပေးပါ့မယ်။ ကြွက်စုတ်အတွက်လည်း မပူပါနဲ့ “ပြည်တွင်း NGO များရဲ့ ပရောဂျက်ရေးနည်းဆိုင်ရာ ကြီးကြပ်ရေးမှူး” ခန့်ပြီး “လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ဖုံးဖိရေး ကော်မရှင်မင်းကြီး” ရာထူး ပေးပါမယ်။
ဂျိုကုပ်ဒူးကြီးက သွားရည်ကျဖွယ်သော ရာထူးရာခံများတကွ ကမ်းလှမ်းလေတော့သည်။ ဦးရုက္ခစိုးတို့ သုံးဦးသားကား ထူးထွေသည့် အံ့ရာသော်သော ရာထူးများကြောင့် စကားလုံးမရှိတဲ့ ကောင်းကင် ဖြစ်သွားလေ၏။ ဦးရုက္ခစိုးက ထစ်ထစ်ငေါ့ငေါ့ ပြော၏။
ဦးရုက္ခစိုး ။ ။ ကျေး … ကျေးဇူး တင်ပါတယ် … ဂျိုကုပ်ဒူးကြီးရယ် … အဲလေ ဂျိုကုပ်ဒူးကြီးဟောင်းရယ် … ချင်းမိုင်သင်္ကြန်တော့ အမီပြန်ပါရစေဦး။ သင်္ကြန်မှာ ဥပုသ်စောင့်ရင်း ကျုပ်ရော၊ ကျုပ်တပည့်တွေ အတွက်ရော စဉ်းစားပါမယ်။ ပြန်ဖို့ကလည်း ခုညနေပဲ စီစဉ်ထားလို့ပါ၊ ဂွတ်ဘိုင်။
ဦးရုက္ခစိုးက ပြောပြောဆိုဆို ဖုန်းကို သုတ်သုတ်ချပြီးလျှင် ယောင်နနဖြစ်နေသော ဖိုးရှုပ်နှင့် ကြွက်စုတ်ကို ဂုတ်ကဆွဲ၍ လာရာလမ်းသို့ အမြန်ပြန်သုတ်လေ၏။
ကြွက်စုတ် ။ ။ ဘာကြောင့် ဂလောက် ယောက်ယက်ခတ်သွားတုန်း ဦးရုက္ခစိုးရဲ့၊ အလန့်တကြား။
ဦးရုက္ခစိုး ။ ။ မင်းတို့ဘာသိတုန်း၊ “ဖဲ့သည်ယူဘီ” က ဦးမှောင်မှောင်ဆိုလား …
ဦးရုက္ခစိုးက ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေရာ ဖိုးရှုပ်က စကားထောက်၏။
ဖိုးရှုပ် ။ ။ “အက်ဖ်တီယူဘီ” က ဦးမှောင်မှောင်ပါ။
ဦးရုက္ခစိုး ။ ။ အေး … အဲဒီမင်းပြောတဲ့ ဖဲ့သည်ယူဘီ ဦးမှောင်မှောင်တောင် ရန်ကုန်သွားလို့ပါဆိုပြီး ကော်မရှင်ဖွဲ့ အစစ်ခံနေရတာ၊ ဘာအောက်မေ့တုန်း။ အဟုတ်မှတ်လို့တော့ ခေါ်တိုင်းမသွားနဲ့၊ ဒေါက်ချာ ဇာနီကိုလည်း ကြည့်။ တို့ဟိုရောက်မှ ရွေးကောက်ပွဲနဲ့ လွှတ်တော်ကို သွားရည်ကျနေတဲ့သူတွေကို ဘေးတီးပြီး တို့အစား လွှတ်တာပေါ့ကွာ။ “အဟောင်းဖြစ်သော အုပ်ချုပ်မှုစနစ်” နဲ့ “ခေါင်းပြောင်သော အစိုးရသစ်” မှာတော့ ပြည်သူ့အဆဲခံပြီး ဥက္ကဋ္ဌတွေ၊ ဂဲကဌတွေ မလုပ်ပါရစေနဲ့၊ မင်းတို့လည်း မလုပ်ချင်နဲ့၊ ကောင်းကောင်းမှတ်။
ဦးရုက္ခစိုး ကြိမ်းလိုက်သဖြင့် ဖိုးရှုပ်နှင့် ကြွက်စုတ်ကား ဇက်ပုနေလေသတည်း။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။
< Prev | Next > |
---|