စိုးရိမ်မိတယ် … မွန်းမွန်းရယ်

ဖိုးရှုပ်။     ။ စိုးရိမ်တယ်ကွာ … ငါတော့ အရမ်းကို စိုးရိမ်တာပဲ။

ကြွက်စုတ်။     ။ ဒီကိစ္စက စောင့်ကြည့်ဖို့တော့ လိုလိမ့်မယ်ကွ။ ဖြစ်နိုင်ရင် မျက်လုံး ၂ လုံးကို ဖြဲပြီး မအိပ်ဘဲ စောင့်ကြည့်နိုင်ရင် ပိုကောင်းမယ်။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ပြောနေသော စကားများကို ဦးရုက္ခစိုး လိုက်မမီဘဲ ဖြစ်နေသည်။ ထိုစကားလုံးများကို ကြားဖူးသလိုလို ရှိသော်လည်း သေသေချာချာတော့ နားမလည်ပေ။ လူလောက၊ နတ်လောက၊ ပရလောက၊ ၃၁ ဘုံရှိရှိသမျှ၊ အထက် ဘဝဂ်၊ အောက်အဝီစိသို့ သွားချင်တိုင်း သွားနေသော သူ့အတွက်တော့ အဆန်းဖြစ်နေ၏။

cmnatရုက္ခစိုး။     ။ ငါတော့ လိုက်မမီတော့ဘူးကွာ။ ဘာလဲ ငါက ချင်းမိုင်မှာ မနေဘဲ မြန်မာပြည်ချည်းပဲ သွားသွားနေလို့ ငါ့ကို မင်းတို့ ပုံစံပေးနေကြတာလား။

ဖိုးရှုပ်။     ။ မဟုတ်ရပါဘူး ဦးရုက္ခစိုးရယ်။ တကယ်ကို စိုးရိမ်တာပါ။ ချင်းမိုင်က ထိုင်းမလေးတွေ ကြည့်ရတာ ပါးပါး လှပ်လှပ် လေးတွေဆိုတော့ လေတိုက်ရင် လဲကျသွားမှာ စိုးရိမ်မိတယ်လေ။

ကြွက်စုတ်။     ။ ကျနော်ကတော့ စောင့်ကြည့်သင့်တယ် ထင်တာပဲ။ အခု သူတို့ ဝတ်စားဆင်ရင်ပုံက တဖြည်းဖြည်းနဲ့ တော်တော်လေး တိုလာပြီမဟုတ်လား။

ရုက္ခစိုး။     ။ ဟာ ဟေ့ကောင် … မင်းက ဘာကို စောင့်ကြည့်မှာလဲ။ ပေါက်ကရတွေ မပြောနဲ့ကွာ။

ကြွက်စုတ်။     ။ မဟုတ်ပါဘူး ဦးရုက္ခစိုးရဲ့။ ခေတ်က အမြဲပြောင်းလဲနေသလို ဖက်ရှင်တွေကလည်း ပြောင်းနေတာ မဟုတ်လား။ အဲဒီတော့ သူတို့ဖက်ရှင်တွေ ဘယ်အချိန် တိုရာကနေ ပြန်ရှည်လာမလဲဆိုတာ စောင့်ကြည့်ဖို့ လိုမယ်လို့ ပြောတာပါ။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးကိုလည်း ကျနော်စိုးရိမ်တယ်။

ရုက္ခစိုး။     ။ ဟာ … ဘာကိစ္စ ငါ့ကို စိုးရိမ်ရပြန်တာလဲ။

ကြွက်စုတ်။     ။ ငါလည်း မင်းကို စောင့်ကြည့်မယ် ဖိုးရှုပ်။

ရုက္ခစိုး။     ။ ဘာတွေလဲကွာ။ စိုးရိမ်တာရယ် … စောင့်ကြည့်တာရယ်။ ရှုပ်နေတာပဲ။ သြော … ငါမှတ်မိပြီ။ ဒါ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ စကားပဲ။ ဟုတ်တယ် မဟုတ်လား ဟေ့ကောင်တွေ။

ဖိုးရှုပ်။     ။ ဟီးဟီး … ဟုတ်ကဲ့။

ကြွက်စုတ်။     ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးနေရာ လစ်လပ်ရင် လျှောက်မလားလို့ လေ့ကျင့်နေတာပါ ...။

ရုက္ခစိုး။     ။ ပေါက်ကရကွာ ...။ မင်းတို့ လျှောက်ချင်ရင်လည်း မရတော့ဘူး … ။ အခု ဘန်ကီမွန်းက ၅ နှစ်သက်တမ်း ထပ်တိုးဖို့ စကားခေါ်နေပြီကွ။

“စိုးရိမ်တယ်၊ စိုးရိမ်တယ်။ စိုးရိမ်ရလွန်းလို့ ခေါင်းတွေတောင် ဖြူနေပြီ” ဆိုသော အသံကြားရာသို့ လှည့်ကြည့်လိုက်ရာ သူတို့ ရောက်ရှိနေသည့် ချင်းမိုင်မြို့ … ထဖယ်ဂိတ် အနီးတွင် မစ္စတာ ဘန်ကီမွန်းကို တွေ့လိုက်ရသည်။

ဘန်ကီ။     ။ စိုးရိမ်တယ်ဗျာ။ တကမ္ဘာလုံးအတွက် စိုးရိမ်တယ်။ ဦးရုက္ခစိုးအတွက်၊ ဖိုးရှုပ်အတွက်၊ ကြွက်စုတ်အတွက် အကုန်လုံးအတွက် စိုးရိမ်တယ်။

ဖိုးရှုပ်။     ။ တခြားစကား မပြောတတ်တော့ ဘူးလားဟင်။

ဘန်ကီ။     ။ တခြားစကား ပြောလို့မဖြစ်ဘူးဗျ။ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူး နောက်ထပ် ၅ နှစ်ထပ်လုပ်ဖို့ စကား ခေါ်ထားတယ်။

ရုက္ခစိုး။     ။ စိုးရိမ်ရတာ မမောသေးဘူးလား။

ဘန်ကီ။     ။ ဟာ ဒီကိစ္စ အတွက်တော့ မပူနဲ့။ ကျုပ်မအားရင် ကျုပ်ရဲ့ အကြံပေးတွေ၊ ကိုယ်ရေးအရာရှိတွေက ဝိုင်းပြီး စိုးရိမ်ပေးလိမ့်မယ်။

ကြွက်စုတ်။     ။ စိုးရိမ်တာပဲလား။ တခြားကော ဘာမှမလုပ်တော့ဘူးလား။ ဒီတိုင်းဆို ကျနော်တောင် အဲဒီအလုပ် လုပ်ချင်လာပြီ ...။

ရုက္ခစိုး။     ။ ဒါဆိုရင်တော့ တကယ်ကို စိုးရိမ်စရာပဲ ကြွက်စုတ်ရေ။

ဘန်ကီ။     ။ ဒါက ဒီလိုရှိတယ်ဗျ။ ကျုပ်တို့ အလုပ်က စကားမှားလို့မဖြစ်ဘူးဆိုတာ ခင်ဗျားတို့ မြန်မာတနိုင်ငံတည်းနဲ့တင် နောင်ကျဉ်သွားပါပြီ။ ရွေးကောက်ပွဲကိစ္စကို အဟုတ်မှတ်ပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဘာညာနဲ့ သွားရွှီးမိတာ ကွဲရော ပဲလေ။ အဲဒီကစပြီး အာမချောင်ရဲတော့ဘဲ စိုးရိမ်တယ်နဲ့တင် ရပ်နေတော့တာ။ ဒါပေမယ့် ဒီတိုင်းတော့ မဟုတ်ပါဘူး။ ကျုပ်က စောင့်ကြည့်နေတာပါ။ ဟားဟား ကျုပ်ကို လျှော့တော့ မတွက်နဲ့နော်။

ဖိုးရှုပ်။     ။ စောင့်ကြည့်တာလည်း ကြည့်ပေါ့ မစ္စတာဘန်ကီမွန်းရယ်။ စောင့်ရင်း ကြည့်ရင်းကပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တခုပြီး တခု ဖြစ်နေတာ မဟုတ်လား။

ဘန်ကီ။     ။ ခင်ဗျားပြောတာလည်း မှန်ပါတယ်ဗျာ။ ကျုပ်လည်း အဲဒီကိစ္စတွေပဲ စိုးရိမ်နေတာပါ။ ခင်ဗျားတို့ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကိစ္စလည်း ကျုပ် စောင့်ကြည့်နေပါတယ်။

ရုက္ခစိုး။     ။ ဘာလဲ … ၆၅ နှစ်စောင့်ကြည့်မလို့လား။

ဘန်ကီ။     ။ နောက်ထပ် ၅ နှစ်ပဲ စောင့်ကြည့်မှာပါ။ ကျန်တဲ့ နှစ်တွေကတော့ နောက်တက်မယ့် အထွေထွေ အတွင်းရေးမှူးချုပ်တွေ ဆက်စောင့်ကြည့်လိမ့်မယ်။

ကြွက်စုတ်။     ။ အင်းနော် … အခုလောက်လေး စိုးရိမ်ပြီး စောင့်ကြည့်နေတာတောင် ချိုကုပ်ဒူးကြီးက တွေ့ခွင့်မပေးဘူး။ တော်တော် ဆိုးတာပဲ။

ဘန်ကီ။     ။ ဟာ … ဘယ်ပြောကောင်းမလဲ … ခင်ဗျားတို့ဆီမှာ နာဂစ်ဖြစ်တုန်းက ကျုပ်ကောလိုက်တာ … လန့်ပြီး မတွေ့ရဲတော့ဘူးလေ။

ဖိုးရှုပ်။     ။ ဘယ်လိုကောလိုက်တာလဲ။

ဘန်ကီ။     ။ ခင်ဗျားတို့ နိုင်ငံတကာ အကူအညီကို လက်ခံရင်လက်ခံပါ။ လက်မခံရင် လက်မခံပါနဲ့ ... ကျုပ် တိုက်တွန်းတယ်ဆိုပြီး ကောလိုက်တာပေါ့။

ရုက္ခစိုး။     ။ သြော် … အဲဒါကောတာလား။ တကယ်လို့ … လက်မခံရင် ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုပြီးကော မပြောဘူးလား။

ဘန်ကီ။     ။ အဟီး … အဲဒါတော့ ကျုပ် မပြောရဲဘူး … ကြောက်တယ်ဗျ။ အဲ … ကြောက်တာတော့ မဟုတ်ဘူး။ ချိုကုပ်ဒူးကြီး ညိုငြင်သွားမှာ စိုးရိမ်တာ။

ဖိုးရှုပ်။     ။ အင်း … ခင်ဗျားရဲ့ ကောချက်ကတော့ ချိုကုပ်ဒူးကြီးကို ပန်းနဲ့ပေါက်သလို တော်တော်နာသွားမှာပဲနော်။

ဘန်ကီ။     ။ နာသွားလို့ ကျုပ်ကို တွေ့တောင် မတွေ့ရဲတာ သိတယ်မဟုတ်လား။ ကျုပ်ကို လျှော့မတွက် ပါနဲ့ဗျ။

ဖိုးရှုပ်။     ။ ရွဲ့ပြောလို့ ပြောမှန်းမသိ … ။ ဟိုက မတွေ့ရဲလို့မဟုတ်ဘူးဗျ။ ခင်ဗျားကို အဝှာကြား မညှပ်ဘူးဆိုတာ ပြလိုက်တာ။ 

ရုက္ခစိုး။     ။ ကျုပ်တော့ စိုးရိမ်တယ်ဗျာ။

ကြွက်စုတ်။     ။ ဦးရုက္ခစိုးတောင် စိုးရိမ်တဲ့ ရောဂါ ကူးစက်သွားပြီ။

ရုက္ခစိုး။     ။ မဟုတ်ဘူးဟ … ငါစိုးရိမ်တာက … မစ္စတာ ဘန်ကီမွန်း နောက်ထပ် ၅ နှစ် ကုလ အတွင်းရေးမှူး  ရာထူးထပ်ယူမှာကို ကမ္ဘာသူ ကမ္ဘာသားတွေ ကိုယ်စား စိုးရိမ်တယ်လို့ ပြောတာ။

ဘန်ကီ။     ။ ကျုပ်ကလည်း အဲဒီ ၅ နှစ်သက်တမ်း ထပ်မရမှာကို စိုးရိမ်တယ်ဗျို့။ လောလောဆယ်တော့ ကျုပ်ကို ထောက်ခံပေးမယ့် အကောင်ကြီးကြီးတွေဆီမှာ စကားခေါ်ဖို့ သွားလိုက်ဦးမယ် … ဘိုင့်ဘိုင်။    

ဖိုးရှုပ်။     ။ စိုးရိမ်စရာပဲ ဦးရုက္ခစိုးရေ။ ကျနော်တို့ ဘာလုပ်ရင်ကောင်းမလဲ။

“စောင့်ကြည့်ကြတာပေါ့ကွာ” ဟု ဦးရုက္ခစိုးက ပြောရင်း ထိုနေရာမှာ ရုတ်တရက် ပျောက်ကွယ်သွား လေတော့သတည်း။     ။

မှတ်ချက်။     ။ ရန်ကုန်သားတာတေလည်း စောင့်ကြည့်ရင်း အိပ်ငိုက်သွားသောကြောင့် ဦးရုက္ခစိုး ဘယ်လို ပျောက်သွားသည်ကို မသိလိုက်ခြင်း ဖြစ်ပါကြောင်း ...။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်