ရေ ယတြာနှင့် သတင်းစာထဲက ငြိမ်းချမ်းရေး

ဒုတိယ သမ္မတကြီး ဦး ၈ လုံးတယောက် မနားရပေ …။ ရေဘေးဒုက္ခသည်များထံ တောပြောတောင်ပြော သွားပြောလို ပြောရ၊ ရေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ရေကြောင်းသိပ္ပံကို သွားကြည့်လိုကြည့်ရနှင့် အလုပ်ရှုပ်နေသည်။

cmnatရေနှင့်ပတ်သက်၍ တိုင်းပြည်တွင် အန္တရာယ် ဖြစ်ကိန်းကြုံသည်ဟု အထက်ပုဂ္ဂိုလ်များက ဟောထားသည်။ သွေးထွက်အောင် မှန်လိုက်သည့်ဖြစ်ခြင်း။ လောလောလတ်လတ် ဧရာဝတီမြစ်ကြီးတွင် ဆည်ဆောက်မည့်ကိစ္စအတွက် ကန့်ကွက်သူတွေ ပေါ်လာသည်။ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ဒါချည်းပဲ ပြောနေသောကြောင့် မြစ်ကြီး ဘာအန္တရာယ်မှ မဖြစ်နိုင်ကြောင်းကို ကြံဖန် ဖြေရှင်းနေရပြီ။

ရေက ဗုဒ္ဓဟူးနံ ဖြစ်သောကြောင့် စနေသား ဦး ၈ လုံး ယတြာခြေပေးရမည်။ ရေနှင့်သက်ဆိုင်သော အရပ်များသို့သွားကာ လိုအပ်သည်များကို မှာစားရမည်ဟု အထက်ပုဂ္ဂိုလ်များက ပြောထားသဖြင့် ရေကိစ္စကို လိုက်လံ ဆောင်ရွက်နေရခြင်း (တနည်း) ယတြာ ချေနေရခြင်း ဖြစ်သည်။ ရေကြောင်းသိပ္ပံ ပြီးသွားလျှင် ရေဝေးသို့သွားရန်သာ ကျန်တော့သည်။

သူ့နောက်က တကောက်ကောက် လိုက်နေသူမှာ အရပ်အလွန်ပုသူ ပြန်ကြားရေးဝန်ကြီး ဦးဆော်ကြမ်းဖြစ်သည်။ ဦး ၈ လုံးကို ဓာတ်ပုံတပုံရိုက်လျှင် သူ့ကိုလည်း တပုံရိုက်မှ ကျေနပ်သည်။ သူက လူပုသလောက် စိတ်အလွန်တိုသဖြင့် ပြန်ကြားရေး ဝန်ထမ်းများက သူ့အကြိုက် ခဏခဏ ဓာတ်ပုံရိုက်ချင်ယောင် ဆောင်ပေးရသည်။

ရန်ကုန်ဆိပ်ကမ်းတွင် ဦး ၈ လုံး ခေတ္တနားပြီး လိုအပ်သည်များကို မှာစားနေစဉ်။ ဦးဆော်ကြမ်း အနားသို့ ရောက်လာသည်။ ထိုအချိန် သူတို့ နားတွင် ဦးရုက္ခစိုးပါရှိနေကြောင်း ထို နှစ်ဦးမှာ စိုးစဉ်းမျှ ရိပ်မိပုံမရ။

ဆော်ကြမ်း။     ။ သွားလှချည်လားဗျာ … နောက်က လိုက်ရတာ ခြေထောက်တောင် ညောင်းနေပြီ။

၈ လုံး။     ။ ခင်ဗျားကို ဘယ်သူက လိုက်ခိုင်းလို့လဲ။ ကိုယ့်ဘာသာ လိုက်နေပြီးတော့။

ဆော်ကြမ်း။      ။ သြော် … ကျုပ်က မလိုက်ရင် ကျုပ်ရဲ့ ဓာတ်ပုံတွေ သတင်းစာထဲ ဘယ်ပါတော့မလဲဗျ။ ဘိန်းစားချင်း အတူတူ တမူးတော့ ပိုမရှူချင်နဲ့လေ။

၈ လုံး။     ။ အဲဒါဆိုလည်း ဒါပြီးရင် ရေဝေးကို သွားမယ် လိုက်ခဲ့ဦး။

ဆော်ကြမ်း။     ။ လိုက်ခဲ့မယ်။ အဲဒီမှာ ဒုသမ္မတကြီးကို အုတ်ဂူလေးတွေနဲ့ တွဲပြီး ဓာတ်ပုံလှလှ ရိုက်ပေးမယ်။

၈ လုံး။     ။ ခင်ဗျားကတော့ အုတ်ဂူပေါ်တက်ရိုက်မှ မြင်ရမယ့် သဘောရှိတယ်။ ဒီမှာ ဦးဆော်ကြမ်း … ခင်ဗျားက ဘာလို့ ဒီလောက် အရပ်ပုနေရတာလဲဗျာ။

ဆော်ကြမ်း။     ။ ကျုပ်ဘာသာ အရပ်ပုတာ ခင်ဗျားကို ဘာများ ထိခိုက်လို့လဲဗျ။

၈ လုံး။     ။ ကျုပ်သိက္ခာ ကျတာပေါ့ဗျ။ ကျုပ်နောက်က တကောက်ကောက် လျှောက်လိုက်၊ ရွာသားတွေကို စာကြည့်တိုက် အတင်း ဖွင့်ခိုင်းပြီး ဘယ်သူမှ မလိုချင်တဲ့ စာအုပ်တွေ၊ သတင်းစာဟောင်းတွေ ဝင်လှူ ...။ ဟိုက လက်ခံတဲ့သူက အရပ်မြင့်နေတော့ … ခွေးခြေပေါ် တက်ပြီး ဓာတ်ပုံအရိုက်ခံရတာ မရှက်ဘူးလား။

ဆော်ကြမ်း။     ။ ဘာလို့ ရှက်ရမှာလဲ။ ခင်ဗျားသာ အရပ်ကြီး ကလန်ကလားနဲ့လေ…။ စိတ်ညစ်လို့ ထိုင်နေတဲ့ ရေဘေး ဒုက္ခသည်တွေကို ရင်းရင်းနှီးနှီးနှုတ်ဆက်တယ် ဆိုတဲ့ ဓာတ်ပုံရိုက်ချင်တာနဲ့ပဲ … ငုတ်တုတ်ထိုင်မိလို့ ပုဆိုးကွဲပြီး ဘောင်းဘီ လဲဝတ်လိုက်ရတယ် မဟုတ်လား။ ကျုပ်သာဆို မတ်တပ်ရပ်ပြောလည်းရတယ်။ ပုဆိုးကွဲတဲ့ ပြဿနာ ရှိမှာမဟုတ်ဘူး။

ထိုသို့ … ထို့သို့ … ရောက်တတ်ရာရာ အရည်မရ အဖတ်မရများကို ပြောဆိုငြင်းခုန်နေကြစဉ် ဦးရုက္ခစိုးလည်း ကိုယ်ထင်ပြမှ ဖြစ်တော့မည်ဆိုသည့် အတွေးဖြင့် လက်ညှိုးထောင်ကာ ကိုယ်ယောင် လင်းလိုက်လေသည်။

ဆော်ကြမ်း။     ။ ထင်သားပဲ … ကျုပ်တို့ ပေါက်ကရပြောတာ ဦးရုက္ခစိုးတော့ ချောင်းနားထောင်နေမလား မသိဘူးလို့ တွေးမိသေးတယ်။ ဒါပေမယ့် လူက စိတ်တိုနေတော့ စကားကို ထိန်းချိန်မရလိုက်ဘူးဗျို့။

၈ လုံး။     ။ ဦးရုက္ခစိုး … ဘာတွေ ကြားလိုက်သေးလဲ။

ရုက္ခစိုး။     ။ ဘာမှ မကြားပါဘူး … အစကနေ အဆုံးအထိပဲ။ ကျုပ်က သိချင်တာလေး ရှိလို့ ကိုယ်ထင်ပြတာပါဗျာ။ တမျိုးမထင်ပါနဲ့။

၈ လုံး။     ။ မထင်ပါဘူး … မေးပါ။

ဆော်ကြမ်း။     ။ ကျုပ်ကတော့ ပြည်သူလူထု အထင်အမြင်လွဲမှားစေသော ကိစ္စ၊ အုပ်ချုပ်သူ အစိုးရအပေါ် အထင်အမြင် သေးစေမယ့် ကိစ္စတွေကို ဆင်ဆာဖြတ်မှာပဲ။

ရုက္ခစိုး။     ။ ကဲပါဗျာ … ဖြတ်တာကနောက် … အခု မေးပါရစေဦး။ ဦး ၈ လုံးက ဘာလို့ ရေနဲ့ ပတ်သက်တဲ့ ယတြာခြေတာလဲ။ လုပ်ပါဦး။

၈ လုံး။     ။ ရေနဲ့ ပတ်သက်တဲ့ အန္တရာယ် ကြုံရမယ်တဲ့ဗျ။ ဗေဒင်က ...။ ဟော … အခုလည်း မှန်လိုက်တာမှ ဒတ်ထိပဲ။ ဧရာဝတီ မြစ်ကြီးနဲ့ ပတ်သက်ပြီး အကျယ် အကျုယ် မငြိမ်းဖွယ်တွေ ဖြစ်ကုန်ရပြီလေ။ မြစ်ဆိုတာလည်း ရေပဲမဟုတ်လား။

ဆော်ကြမ်း။     ။ အဲဒါက ဘာမှမပူပါနဲ့။ ခင်ဗျား ယတြာမချေလည်း ကွိုင်မရှိဘူး။ အခု မီဒီယာကို မီဒီယာနဲ့ တိုက်ပြီးပြီ။ ဧရာဝတီမြစ်ကြီး ဘယ်လိုနည်းနဲ့မှ မတိမ်ကောဘူးဆိုတာကို မြန်မာ့အမှောင်ကနေတဆင့် ဆောင်းပါးနဲ့တကွ ဖင်ပိတ် ငြင်းပြီးသား။

၈ လုံး။     ။ အေးဗျာ … လူတွေကလည်း ကြံကြံဖန်ဖန် တွေးပူနေတယ်။ ဧရာဝတီမြစ်ကြီး မရှိတော့တဲ့အချိန် ကျုပ်တို့လည်း တယောက်မှ ရှိတော့မှာ မဟုတ်တဲ့အတူတူ ... တရားသဘောနဲ့ သူများဂွင်ဖန်တာကို မုဒိတာ မပွားနိုင်ကြဘူး။ သူ

ဆော်ကြမ်း။     ။ ဟုတ်တယ်ဗျ ...။ ပြည်ပက ပုဆိန်ရိုးတွေက သူတို့ပဲ ဧရာဝတီကို ချစ်သလိုလို လုပ်နေတယ်။ တကယ်က ကျုပ်တို့က ပိုချစ်တာဗျ။ ဒီမြစ်ကြီးကို ဒီတိုင်းမထားဘဲ စီမံကိန်းတွေ လုပ် …၊ တရုတ်နဲ့ပေါင်းစားလို့ ရတယ်ဆိုတာ သိရတော့ … ပိုပိုပြီးတောင် ချစ်လာသေးတယ်။

ရုက္ခစိုး။     ။ ခင်ဗျားတို့ ချစ်တာကလည်း ငွေတိုးမှန်မှန်ပေးတဲ့သူကို အကြွေးရှင်က ချစ်လိုမျိုးကြီးပဲ … ချစ်တော့ချစ်တယ် … ရသလောက် ညှစ်မယ် ဆိုတာမျိုး။ ထားပါတော့လေ … ဒါနဲ့ ဦး ၈လုံး။ ခင်ဗျား ယတြာက ဘာထပ်ထူးသေးလဲ။

၈ လုံး။      ။ ထူးတယ် ထူးတယ် … မိုးက ဆက်တိုက်ကောင်းနေတော့ မနက်က နှာလေးနည်းနည်း စေးချင်နေတာ။ ကျုပ် ယတြာကြောင့် ဖျားတဲ့ဆီမရောက်ဘူးဗျ။ 

ရုက္ခစိုး။     ။ ပြီးရင် ရေဝေးသွားမှာ မဟုတ်လား။ အဲဒီသွားလိုက်ရင် လုံးဝ ပျောက်သွားမှာပါ။

ဆော်ကြမ်း။     ။ အသက်လား။

၈ လုံး။     ။ ဟေ့လူ … ဦးဆော်ကြမ်း။ ခင်ဗျားက ဝန်ကြီးနော်။ ပြောင်ချော်ချော်တွေ လုပ်မနေနဲ့ … တည်တည်တံ့တံ့နေ။ နောက်တခါ မျောက်ကကတယ်ဆိုတဲ့ အသံမကြားချင်ဘူး။

ဦး ၈ လုံးက မဆိုင်သည့်ကိစ္စပါ ဆွဲထည့်၍ ပိတ်ဟောက်လိုက်သဖြင့် ဦးဆော်ကြမ်း ငြိမ်သွားသည်။

ရုက္ခစိုး။     ။ နေပါဦးဗျ။ ဦး ၈ လုံးက အခုလို ရေဘေးဒုက္ခသည်တွေဆီ သွားတော့ ဘယ်လိုခံစားရလဲ ...။

၈ လုံး။     ။ အဝတ်အစားတွေ ကုန်တာပေါ့ဗျာ။

ရုက္ခစိုး။     ။ သြော် အဲဒီမှာ အဝတ်အစားတွေ လှူခဲ့လို့လား။

၈ လုံး။     ။ မဟုတ်ပါဘူး။ အရင်ကဆို စစ်ဝတ်စုံ တစုံကို တလလုံး မလဲဘဲ ဝတ်နေလဲ ဘာမှမဖြစ်ဘူးလေ။ အခုက အဝတ်အစားကို ထည်လဲ ဝတ်နေရတယ်။ ကျုပ်ကို ကျုပ်တပည့်တွေက ရုပ်ရှင်မင်းသား ဝင်းဦးနဲ့ ညွန့်ဝင်း စပ်ထားတဲ့ ရုပ်မျိုးလို့ ပြောကြတော့ … စတိုင်ကျတဲ့ ဘောင်းဘီလေး ဘာလေးလဲ ဝတ်ပြရသေးတယ်လေ။

ဦးဆော်ကြမ်းက “အဲဒါက ပုဆိုးကွဲသွားလို့ပါ” ဟု ခပ်တိုးတိုး ဝင်ပြောရာ ဦး ၈ လုံး မကြားလိုက်ပေ။

ရုက္ခစိုး။     ။ မဟုတ်ဘူး … ကျုပ်မေးတာက … ရေဘေးဒုက္ခသည်တွေဆီ သွားတော့ ဘယ်လို ခံစားရလဲ။ သူတို့ရဲ့ ဒုက္ခတွေ … ပြဿနာတွေကို ဖြေရှင်းပေးခဲ့လား … အဲဒါမေးတာ။

၈ လုံး။     ။ သြော် … ဒါလား။ ပြောရရင်တော့ ကျုပ်မှာက ဒါမျိုးအတွေ့အကြုံမရှိဘူးဗျ။ အထက်က ပုဂ္ဂိုလ်တွေက  တိုင်းပြည် ခေါင်းဆောင်ဆိုတာ ဒါမျိုးလျှောက်သွား၊ လျှောက်ပြောမှ လူအထင်ကြီးတာ ဆိုလို့ သွားလိုက်တယ်။ သမ္မတကြီး ဆိုလည်း အဲဒီလိုပဲလေ၊ ဒုက္ခသည်တွေဆီသွား အာရိုက်၊ ပြန်လာ။ ကျုပ်လည်း အဲဒီလိုပေါ့။

ဆော်ကြမ်း။     ။ ခံစားချက် မေးပါတယ်ဆိုမှ … လွဲပြန်ပြီ။ အဲဒါပေါ့ ဦးရုက္ခစိုးရယ် … ရိုက်ကွက်ရှင်နဲ့ ရောင်းပါစန် ဆိုတာ ဒါပဲပေါ့။ ကျုပ်ကိုမေးမှ ရိုက်ပါစန်ဖြစ်မှာ။

၈ လုံး။     ။ သိပါတယ် ဆော်ကြမ်းရယ်။ စကားမဆုံးသေးလို့ပါ။ ခံစားရတာကတော့ဗျာ ...။ ဒီလူတွေ ဘာလို့ ဒီလောက် စိတ်ပျက်စရာ ကောင်းလောက်အောင် ဆင်းရဲရတာလဲ။ ရေဘေးကို ကာကွယ်တဲ့အနေနဲ့ တဲနဲ့မနေဘဲ တိုက်နဲ့ နေရင် ဖြစ်ရဲ့သားနဲ့ မနေကြဘူးလား။ တော်တော် ဉာဏ်နည်းတဲ့ ဟာတွေပါလားဆိုပြီး မချိတင်ကဲ ဖြစ်မိတယ် …။ ဒါပေမယ့် သူတို့ကို အဲဒါတွေတော့ မပြောခဲ့ပါဘူး။ တော်ကြာ နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုသလို ဖြစ်မှာစိုးလို့။

“ဒါဆို သူက ဝဲစွဲနေတဲ့ သူခိုးကြီးပေါ့” ဟု ဦးဆော်ကြမ်းက တိုးတိုး ကြိတ်ပြောလိုက်သည်ကိုလည်း ဦးရုက္ခစိုးသာ ကြားလိုက်သည်။

၈ လုံး။     ။ ကျုပ်က အခွင့်အရေးကို အမိအရ ဆွဲကိုင်အသုံးချတတ်တဲ့ သူဗျ။ အဲဒီသွားရင်းနဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းတဲ့စကားတော့ ပြောခဲ့သေးတယ် ဟဲဟဲ။

ရုက္ခစိုး။     ။ ဟာ … ရေဘေးဒုက္ခသည်တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းတဲ့စကား ပြောရတယ်လို့။ ဘာဆိုင်လို့လဲ။

၈ လုံး။     ။ ဆိုင်ဆိုင် မဆိုင်ဆိုင်ဗျာ ...။ သူတို့က သောင်းကျန်းသူတွေရဲ့ ဆွေမျိုး ၁၂ ဝမ်းကွဲတွေ ဖြစ်ချင် ဖြစ်နေမှာဗျ။ သူတို့ကို ပြောလိုက်ခြင်းအားဖြင့် သူတို့ရဲ့ ဆွေမျိုး ၁၂ ဝမ်းကွဲတွေဆီ သတင်းရောက်ပြီး ငြိမ်းချမ်းရေးအတွက် ဖြစ်ချင် ဖြစ်လာ မှာပေါ့ဗျာ။ အဲဒါဆို အာဆီယံ ဥက္ကဋ္ဌ ဖြစ်ဖို့ နိုင်ငံတကာက ကျုပ်တို့ကို လက်ခုပ်ဝိုင်းတီးမှာလေ။

ဆော်ကြမ်း။     ။ ဘာမှလည်း မဆိုင်ဘူး။ ကျုပ်ကမှတော်သေးတယ်။ ဒီမှာ ဦးရုက္ခစိုး၊ ကျုပ်က ရေဘေးဒုက္ခသည်တွေအတွက် သတင်းစာ အစောင် ၁ သိန်း လှူခဲ့တာဗျ။

၈ လုံး။     ။ သူ့လည်း မမေးပဲနဲ့ အတင်းဝင်ဖြေပြန်ပြီ။ အလကားပေးတာတောင် ဘယ်သူမှမယူလို့ ရေဘေးဒုက္ခသည်တွေကို သွားပေးတာလေ။

ရုက္ခစိုး။     ။ ရေဘေးဒုက္ခသည်တွေက အစားအသောက်လိုမှာပေါ့။ သတင်းစာက ဝါးစားလို့မှမရဘဲ။

ဆော်ကြမ်း။     ။ ဝါးစားလို့ မရပေမယ့် ပိဿာချိန်နဲ့ ရောင်းစား … အဲ ယောင်လို့ … သတင်းစာ ဆိုတာ စားလို့မရပေမယ့် … စိတ်အာဟာရအတွက် တထောင့်တနေရာက ပံ့ပိုးတယ် မဟုတ်လား ငှဲငှဲငှဲ။

၈ လုံး။     ။ အဲဒါပြောတာပေါ့ … မယောင်ရာ ဆီလူးဆိုတာ ...။ သူ့မြန်မာ့အမှောင်က စိတ်အာဟာရမပြောနဲ့ … တွေ့ကရာ ဝါးတဲ့ ဆိတ်တောင် လှည့်မကြည့်ဘူး။

ဦး ၈ လုံး ဘုတောသဖြင့် စိတ်တိုသော ဦးဆော်ကြမ်း တစခန်းမထခင် ဦးရုက္ခစိုးက “ဦး ၈ လုံးက ငြိမ်းချမ်းရေးစကား သွားပြောတော့ ရေဘေးဒုက္ခသည်တွေက ဘာပြန်ပြောလဲ” ဟု စကားလွှဲလိုက်သည်။

၈ လုံး။     ။ ဘာမှ ပြန်မပြောပါဘူး။ သူတို့ကို နားပဲထောင်နေ ဘာမှပြန်မပြောနဲ့လို့ ကြိုမှာထားတာလေ။ တချို့ဆို ကျုပ်ပြောတာ ကြားတောင်ကြားရဲ့လား မသိပါဘူး။

ရုက္ခစိုး။     ။ နေစမ်းပါဦးဗျာ … အခုတလော နေ့စဉ်ရက်ဆက် ငြိမ်းချမ်းရေးအတွက် ကြိုဆိုတယ်ချည်းပဲ ကြားနေရတာ၊ တကယ်တမ်း ရောက်လာရင် ခင်ဗျားတို့က တကယ်ပဲ ဒီမိုကရေစီကျကျ စကားပြောမှာလား၊ ကြိုဆိုမှာလား။

၈ လုံး။     ။ ကျုပ်ကြည့်နေတာကြာပြီ။ ကျုပ်တို့က တခုခု လုပ်မယ် မကြံနဲ့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့ကနေ ဝင်ဝင် ပြောနေတယ်။ အခုလည်း သူက ငြိမ်းချမ်းရေးအတွက် ကြားဝင်ပေးမယ် ဘာညာဆိုတော့ ကျုပ်တို့ဘက်ကလည်း ငြိမ်းချမ်းရေး လိုလားနေသလိုလို ချော်လဲ ရောထိုင်လုပ်ရတော့ တာပေါ့ဗျာ။ တကယ်ကတော့ အဲဒီသောင်းကျန်းသူ အားလုံးကို အမှုန့် ကြိတ်ချင်နေတာဗျ … ဟင်းဟင်း။

ပြောရင်း ဦး ၈ လုံး၏ မျက်လုံးကြီးများ ပြူးထွက်လာသည်။

ဆော်ကြမ်း။     ။ အဲဒါပြောတာပေါ့ … ဆန်ကောလောက်မှ စောက်မနက်ဘူးဆိုတာ။ ကျုပ်က ရှေ့ကဖုံး … သူတို့ လုပ်လို့ နောက်က ပေါ်။ အာဆီယံဥက္ကဋ္ဌ ရာထူးမရမချင်း နည်းနည်းပါးပါး ဟန်ဆောင်ပန်ဆောင် နေပေးပါ၊ အနည်းဆုံးတော့ သတင်းစာမှာ စာလုံးမည်းကြီးတွေနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့အကြောင်း နေ့တိုင်း ပြောပေးနေပါ့မယ်ဆိုတာ မရဘူး …။ ဒီလိုလူတွေလုပ်လို့ ပျက်မယ်။

၈ လုံး။     ။ ဂျပု … ဘာစကား ပြောတာလဲ။ နာချင်လို့လား။

ဆော်ကြမ်း။     ။ အောင်မာ … လောရှည်ကြီး … ကျေးဇူးမကန်းနဲ့နော်။ ကျုပ်က ခင်ဗျားဓာတ်ပုံကို မြန်မာ့အမှောင်မှာ မထည့်ခိုင်းဘဲ နေလိုက်မှာ။

၈ လုံး။     ။ လုပ်ရဲ လုပ်ကြည့်လေ။

ရုက္ခစိုး။     ။ ဟေ့လူတွေ … ဟေ့လူတွေ။ ငြိမ်းချမ်းရေးအကြောင်း ပြောနေရင်းနဲ့ဗျာ။

ဆော်ကြမ်း။     ။ သတင်းစာထဲမှာပဲ ငြိမ်းချမ်းရေးဗျာ ...။ လာထား … အပြင်မှာမရဘူး။ သူလည်း ဗိုလ်ပြုတ်၊ ကျုပ်လည်း ဗိုလ်ပြုတ် … လာမစမ်းနဲ့။

၈ လုံး။     ။ အေး … ကျုပ်ကလည်း … ဗိုလ်ပြုတ်ခြင်း ဗိုလ်မထားပါဘူးဗျ။ လာစမ်းပါ … လာလိုက်စမ်းပါ။ ပုတဲ့သူဆို ထုပစ်လိုက်မယ်။

ဆော်ကြမ်း။     ။ ကျုပ်ကလည်း ရှည်တဲ့သူဆို ခွေပစ်လိုက်မယ်။

ဆိပ်ခံဘောတံတားပေါ်တွင် နှစ်ဦးသား မိရာဖမ်းဆွဲ၍ နပမ်းလုံးနေကြသဖြင့် ဆိပ်ကမ်းအရာရှိများက ရေဖြင့်ပက်လိုက်မှသာ လူချင်း ကွဲသွားလေသည်။

အချုပ်အားဖြင့် ဦးဆော်ကြမ်းက နဖူးတွင် အာလူးသီးတလုံး၊ ဦး ၈ လုံးက ဘယ်ဘက်မျက်စိတွင် သပြေသီးမှည့် တလုံး ရရှိသွားသဖြင့် ထိုနေ့ ရေဝေးသွားရန် အစီအစဉ်ကို ဖျက်ကာ ရေခဲရေတခွက်စီသောက်၍ ဆိပ်ကမ်း၌ ရေကသိုင်းရှုပြီး သကာလ ရန်ကုန် တိရစ္ဆာန်ရုံက ရေမြင်းကြီးကို သွားကြည့်ခြင်းဖြင့် အစီအစဉ်ကို အစားထိုး လိုက်လေသည်။

ဦးရုက္ခစိုးမှာကား ထိုသူ နှစ်ဦး နပမ်းလုံးနေသည်ကို ကြည့်၍ ရေရေလည်လည် စိတ်ပျက်သွားသဖြင့် ရေပြင်ပေါ်က သင်္ဘောကြီး တစီးပေါ်တွင် တကိုယ်တည်း သွားထိုင်ရင်း ရေလှိုင်းများကို ငေးမောနေလေတော့ သတည်း။     ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက် အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်