ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၂၁၅)

ပင်ကိုကပင် နေချင့်စဖွယ် ဇင်းမယ်မြို့လေးမှာ ယခုလို မိုးဦးကျစ စိမ်းစိမ်းစိုစို လန်းလန်းဆန်းဆန်းနှင့် မပူမအေး လွန်းသော ဥတုရာသီကြောင့် ဇင်းမယ်သားတို့အတွက်

ပို၍နေထိုင်ကောင်းနေသည့် ကာလဖြစ်နေပြန်သည်။

ဇင်းမယ်မှာ လန်းဆန်းနေသော်လည်း မြန်မာပြည်ကား ညှိုးနွမ်းနေဆဲ….။

ဇင်းမယ်သားဟူသော အသုံးကို မွေးဇာတိ ဒေသခံများအပါအဝင် ဇင်းမယ်သို့ လာရောက် ရွှေ့ပြောင်း အခြေချ နေထိုင်သူ များအားလုံး အကျုံးဝင်သည်ဟု မှတ်ယူစေချင်သည်။

အနှီ ဇင်းမယ်သားများတွင် ထိုင်းဘာသာဖြင့် ဂေါ်ဆန်းဟုခေါ်သော ပန်းရံအလုပ်ကြမ်းသမားများမှသည် မြန်မာ့ အရေးလှုပ် ရှားသူ၊ စကော်လာ၊ အကဲဒမစ်နှင့် မြန်မာ့အရေးတော်တော်လေးများ ကျွမ်းကျင်သူများ၊ နောက်ဆုံး ဖိုးရှုပ်နှင့်ကြွက်စုတ် တို့ ကဲ့သို့ အန်ဂျီအို လိုလို၊ ဂျာနယ်လစ်လိုလို၊ မြန်မာ့အရေးလှုပ်ရှားသူလိုလို(မိတ်ဆွေတဦး ကတော့ ဂျက်တိဗစ် ဟု ရယ်မော ပြောခဲ့ဖူးသည်)၊ ရုက္ခစိုးကဲ့သို့ လူမကျ နတ်မကျ အငြိမ်းစား ပင်စင်နာတဦးလို နတ်အပါအဝင် ဇင်းမယ်တွင် အခြေချနေထိုင် သည့် မြန်မာနိုင်ငံသား များစွာလည်း ပါဝင်နေသည်။

ထိုင်းနိုင်ငံနှင့် မူရင်းထိုင်းလူမျိုးများက ကြိုက်ကြိုက် မကြိုက်မကြိုက်၊ ဆိုင်ဆိုင် မဆိုင်ဆိုင် ရုပ်ပိုင်းရော စိတ်ပိုင်းပါ အရာရာ ချွတ်ခြုံကျနေသော မြန်မာနိုင်ငံသားများ ကား ဇွတ်ပင် ထိုင်းနိုင်ငံတွင်းသို့ ဝင်လာမစဲ တသဲသဲပင်။

ယခုလည်း နာဂစ် အလွန် ရွှေ့ပြောင်းရောက်ရှိလာသူများ ထိုင်းနယ်စပ်တကြောတွင် ရှိနေကြပြီဖြစ်သည်။ မည်သို့သော လူသတ္တဝါမဆို ရှင်သန်ရေးတွက် ရေကြည်ရာ မျက်နုရာ နယ်သစ်ပယ်သစ် ရှာဖွေချင်မည်မဟုတ် ပါလား….။

အကြောက်တရားကြီးစိုးနေပြီး မျှော်လင့် အားထားရာမဲ့နေသူများအတွက် “ကိုယ်ထူကိုယ်ထ”ဟူသော စကားလုံး က ဝန်ကြီးနေပြန်ပါပကော…..။ သည့်အတွက် မြန်မာ့ ဒုက္ခ ကမ္ဘာကိုပဲ လွှမ်းစေတော့…၊ မြန်မာ ဒုက္ခသည်များ အရေး မှာ…

ရုက္ခစိုးကား တဦးတည်း နာဂစ်အလွန် မြန်မာပြည်အရေးကို ဦးနှောက်စားနေမိသည်။

သို့ရှိစဉ် ကြွက်စုတ်က လက်ထဲတွင် စာရွက်တချို့ကို ကိုင်၍ ဖိုးရှုပ်နှင့် အတူ ရုက္ခစိုး၏ ညောင်ရိပ် သို့ ရောက်ရှိ လာပြီး…

ကြွက်စုတ်။  ။ ဗျိုး…ဦးရုက္ခစိုး…ဦးရုက္ခစိုး…ဘယ်များရောက်နေပါလိမ့်…ဦးရုက္ခစိုး…

ရုတ်တရက် ရုက္ခစိုးက ကြွက်စုတ်တို့ အနောက်နားသို့ ရောက်ရှိလာပြီး…

ရုက္ခစိုး။   ။ ဘာဖြစ်လို့ ဒီလောက် အာပြဲ လျှာပြဲ အော် နေရတာလဲကွ…ဟေ…နင့် ဂျီးဒေါ်…ငါ…ဆက်မပြောလိုက် ချင်ဘူး… အံမယ်…လက်ထဲမှာတော့ စာရွက်တွေ ဘာတွေနဲ့….

ကြွက်စုတ်။  ။ သိဘူးလေဗျာ…ခေါ်မကြား… အော်မကြား ဆိုတော့ နာဂစ် ဒုက္ခသည်ကူညီရေးအတွက် မြစ်ဝ ကျွန်းပေါ် ဘက်များ လိုက်သွားသလားလို့…ဟဲ…ဟဲ…လက်ထဲက ဘာမှမဟုတ်ဘူး ယူရို ၂၀၀၈ ဘောလုံးပွဲစဉ် ခင်ဗျ…

၎င်းတို့ကား ထုံးစံအတိုင်း တွေ့သည်နှင့် အထေ့အငေါ့လေးများ ပါလာတော့သည်။

ရုက္ခစိုး။  ။ အေး…တွေ့တာနဲ့ မဟုတ်တန်းတရားတွေ ပြော…အခု အဲဒီ ဒုက္ခသည်အကူအညီ အပ်ဒိတ် ကို မင်းတို့သိလား….

ဖိုးရှုပ်က ရုက္ခစိုးနှင့် ကြွက်စုတ်တို့ ၂ ဦး ငြိတော့မည်ကို အရိပ်အကဲဖမ်းမိ၍ ဝင်ပြောလိုက်သည်။

ဖိုးရှုပ်။  ။ ကျနော်တို့လည်း တချို့သိရတာတွေတော့ ရှိပါတယ်…များသောအားဖြင့် ထုံးစံအတိုင်း မြန်မာပြည် မှာက အစိုးရ ကိုအားကိုးလို့မှ မရတာ…ကိုယ်ထူကိုယ်ထပေါ့…ပြည်သူအချင်းချင်းပဲ…

ကြွက်စုတ်။  ။ ဟာ…ကိုယ်ထူကိုယ်ထ ကိစ္စက မဆန်းတော့ပါဘူးကွာ…စစ်အစိုးရ တသက်ပါပဲ…၊ အခုရက်ပိုင်း လေးမှာကိုပဲ … ရန်ကုန်က တချို့ ရပ်ကွက်တွေမှာ သူခိုး လုံခြုံရေးကင်းအတွက် ကူညီပါရစေ ရဲအဖွဲ့ကို အားမကိုးရလို့ ရပ်ကွက်က ငွေစုပြီး ကိုယ်ထူကိုယ်ထ လုံခြုံရေးသမား ငှားရတယ်တဲ့…လူတွေက ဘယ်လောက်အထိ ကြပ် တည်း နေလည်း ဆိုတော့ ထီဆိုင်က သစ်သားတွေတောင် ခွာပြီးခိုးတာတဲ့ မောင်…

ဖိုးရှုပ်။  ။ နင့် ရဲ အဖွဲ့က ဘယ်တုန်းကများ ပြည်သူအတွက် တကယ်အားကိုးရဖူးလို့လဲ…သူတို့ ကူညီပါရစေ ဆိုတာက… သူတို့ လျှာအရင်းမြက်မှာကို ကူညီမယ်လို့ ပြောတာ… သူတို့ကမှ သူများ ထူပြီး ကိုယ်ထ တဲ့ သူတွေ ကွ… စစ်တပ်က ပိုဆိုးသေး…

ရုက္ခစိုး။  ။ ဟေ့ ကောင်တွေ ပြောနေတဲ့ စကား လိုရင်းတောင် ဘယ်ရောက်သွားလဲမသိဘူး …မင်းတို့ စကား လမ်းကြောင်း က … အဲ…ဟို ကွာ…ကိုယ့်ဘာသာကိုယ် ထူနိုင်ထနိုင်တာဆို တော်တာပေါ့…အခုက မြန်မာ ပြည်မှာ က သူတပါး ထူမှထ လို့ရမယ့် အခြေအနေကွ…နိုင်ငံတကာ အကူကိုလည်း အစိုးရက ဟိုလို ဒီလိုနဲ့…လင်စံ ရွေးတဲ့ အပျိုးကြီးလိုပဲ … အဲဒါ… ဒုက္ခသည်တွေကို ကူတဲ့ ထူတဲ့ သူတွေကို ဒုက္ခပေးနေတာကို ပြောမလို့ကွ…

ကြွက်စုတ်က ရုက္ခစိုး စကားမဆုံးခင် ဖြတ်ဝင်လာပြန်သည်။

ကြွက်စုတ်။  ။ ဘာ…နာဂစ် ဒုက္ခသည်တွေကို ကူတဲ့ သူတွေကို ဒုက္ခပေးတာ…ဟုတ်လား…ဘယ်သူက ဒုက္ခပေး တာလဲ… ဘာဖြစ်လို့လဲ…အကူအညီတွေရော ဘာဖြစ်ကုန်ပြီလဲ…

ရုက္ခစိုးကား ကြွက်စုတ်ကို သိပ်ခံတွင်းမတွေ့ချင်သည့်ပုံစံဖြင့် ကြည့်လိုက်ပြီး….

ရုက္ခစိုး။  ။ ဖြည်းဖြည်း သက်သာလည်း မေးစမ်းပါဦး…တော်ကြာ အသက်ရှုရပ်သွားလို့ ငါတို့ အလုပ်ရှုပ်နေ မယ်…ဒီအချိန်မှာ ဖြစ်ရင်တော့ ခမ်းနားမှာမဟုတ်ဘူး ကိုယ့်လူ…ကာလ ဒေသ ကိုလည်း လေ့လာပေါ့ကွာ….

ဖိုးရှုပ်က စစ်ပြေငြိမ်းရေးသမား တဦးပမာ ဝင်လာရပြန်သည်။

ဖိုးရှုပ်။  ။ ငကြွက်ကလည်းကွာ…လူကြီးနဲ့ စကားပြောနေတဲ့ ဥစ္စာ…သိတဲ့အတိုင်းပဲ…သူတို့ လုပ်နေကြ အလုပ် လုပ်တာပါပဲ… စစ်တပ် အစိုးရက…သူတို့ပဲ သူ့လက်သူခြေ သူ့သဘောကျ လုပ်ဖို့ ဇာတ်လမ်းလုပ်တာပါ…ပြီးတော့ သူ့လူတွေကလည်း ဖြတ်စား လာဘ်စား ခိုးစားလို့ရမယ့် အခင်းကျင်းကိုပါ တချက်ခုတ် ၃ ချက်လောက် ပြတ် အောင် ပြင်ဆင်ထားတာလေ… တကယ်လည်း ခိုးနေကြတာပဲမဟုတ်လား….အဲဒီတော့ သူတို့ ဘာတွေဆက် ကွိုင်ရှာ မလဲ ဆိုတာ လူတွေကလည်း ကြိုမြင်ပါတယ်… မလှုပ်သာလို့သာ…

ဤတွင်မှ ရုက္ခစိုးက ပုံမှန်လေသံဖြင့် ပြောလာသည်။

ရုက္ခစိုး။  ။ အေး…ဖိုးရှုပ်ပြောတဲ့ အခင်းအကျင်းပါပဲ…နအဖ နဲ့ တကွ ကပ်မြှောင် နောက်ဆွဲတွေက…သူတို့ အခင်း အကျင်း ထဲမဝင်တဲ့သူ…သူတို့ ခံတွင်း မတွေ့သူတွေကို ပထမ ကြပ်မယ်…အဲဒီကနေတဆင့် ပိုကြပ်တဲ့ စစ်ကြော ရေးတို့…ထောင်တို့ … အချုပ်တို့ကို ဖမ်းပြီး ပို့တော့တာပေါ့ကွာ….ဒါလည်း လုပ်နေကြ နည်းဟောင်းပါပဲ… အခု အဲဒါ နာဂစ် ဒုက္ခသည်တွေကို ကူညီပေးနေကြတဲ့ လူရွှင်တော် ဇာဂနာနဲ့ ဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေး တို့ ကနေ စဖမ်းတာ ဒီနေ့အထိဆို ၁၀ ဦးလောက် ရှိနေပြီဆိုလား…

ကြွက်စုတ်။  ။ အင်း…ဖမ်းတာ အဲဒီလောက် အရေအတွက်တော့ မသိသေးဘူး…ပုဂ္ဂလိက အလှူရှင်တွေကို ကြပ်လို့ တမျိုး… အလှူရှင်တွေကိုယ်တိုင် အားနည်းလာတာက တမျိုးနဲ့ လေဘေး ဒုက္ခသည်တွေရဲ့ ရှေ့ရေးစိုးရိမ်တာတွေတော့ ကြားရတယ် … အခု ကူညီသူတွေကို ဖမ်းနေတာကတော့ တော်တော် ဆိုးတယ်ဗျာ… နအဖ  သတင်းစာမှာ ဟို ဖားမင်းဆွေ ဆိုလား… သူရေးတဲ့ ဆောင်းပါး ခေါင်းစဉ် “နာဂစ်တဲ့ ဆိုးတဲ့ ရန်သူ”ဆိုတာ သူတို့မှ အစစ်…

ဖိုးရှုပ်။  ။ နအဖ က သူများကိုသာ အနှောင်အဖွဲ့ကင်းတဲ့ ကူညီမှုမျိုး…နိုင်ငံရေးမပါတဲ့ ကူညီမှုမျိုးကို ကူပါလို့ ပြောတာ… သူတို့ကျတော့ သူတို့က လွဲပြီး ကျန်တဲ့ လူတွေကို စစ်ရေးအမြင်…နိုင်ငံရေး အမြင်နဲ့ လုပ်နေတာ…

ကြွက်စုတ်။  ။ အေးကွ…မင်းပြောမှပဲ…တချို့က ပြောတာက…အဲဒီ မုန်တိုင်းထိ ဧရာဝတီတိုင်းက သူပုန်အဆက် အနွယ် တွေဆိုပြီး စစ်အစိုးရက ပစ်စလက်ခတ် လုပ်ချင်တဲ့သဘောတဲ့…အဲဒီမှာ တာဝန်ကျတဲ့ စစ်သားတချို့ ဆို ပါးစပ်က ကို ဒုက္ခသည်တွေကို သူပုန်အမျိုးတွေဆိုပြီး ပြောတာတွေရှိတယ်တဲ့မောင်…ဒါနဲ့ ဟို ပညာရှင် လုပ်နေ သူ တွေ…၊ ကျွမ်းကျင်သူ ဆိုသူတွေ…၊ မြန်မာ့အရေးတက်ကြွသူတွေ…၊အရမ်းကူညီချင်သူတွေကရော ဘာတွေ လုပ်နေလဲ…အသံ သိပ်မကြား ရပါလား…

ရုက္ခစိုး။  ။ ငကြွက်ပြောတဲ့သူတွေက အခုလောလောဆယ်ဆိုရင်…ဒေါ်အောင်ဆန်းစုကြည် အသက် ၆၃ နှစ်ပြည့် မွေးနေ့ ပွဲလုပ်ဖို့တို့…၊ လေဘေး ကူညီရေးရန်ပုံငွေ ရှာဖို့တို့…(ဒုက္ခသည်တွေဆီ အကူအပြည့်ရောက်ဖို့တော့လိုတာ ပေါ့ကွာ…) ၊ အဲ…မြန်မာ့အရေး ဒီဘိတ် လုပ်ဖို့တို့တွေ ရှိမှာပေါ့…အသံ သိပ်မကြားရဘူးဆိုတာကတော့ ကွာ… မင်းကိုယ်တိုင်ပဲ နား မကောင်းလို့လား…သူတို့ကပဲ အော်ရ…ပြောရ…ငြင်းခုန်ရလွန်းလို့…အသံဝင်နေတာလား… တခုခု ပေါ့…

ဤတွင် ဖိုးရှုပ် ရုတ်တရက် ဝင်ပြောလိုက်သည့် စကားက ၎င်းတို့ ၃ ဦး၏ ဒီဘိတ် ကို နိဌိတန်ပေးလိုက်သည်။

ဖိုးရှုပ်။  ။ ကျနော် ကတော့ အခု ဦးရုက္ခစိုးပြောတဲ့ နားမကောင်းသူရော…အသံဝင်နေသူရော…မျက်စိ နား နှာခေါင်း လည်ချောင်း ဆေးရုံကို သွားပါလို့ ပြောချင်တယ်…သြော် မေ့တော့မလို့ ဒီနေ့ထုတ် နအဖ သတင်းစာမှာ ပြည်သူတွေ စိုးရိမ်ထိတ်လန့်စရာ ရေကြီးမယ်…ငလျင်လှုပ်မယ်ဆိုတဲ့ ကောလာဟလတွေနဲ့ အဖျက်သမားတွေ က လေတိုက်ပွဲ ဆင်နေတယ်တဲ့…လေတိုက်ပွဲ တဲ့ ဗျို့…သိလား…။   ။

ဖိုးရှုပ် စကားအဆုံးတွင် ရုက္ခစိုးနှင့်ကြွက်စုတ်တို့ ၂ ဦးလည်း လေတိုက်ပွဲဆင်နေသည်ဟု အထင်ခံရမည် စိုး၍ လား မသိ အသံများတိတ်ဆိတ်သွားလေတော့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်