အကောင်းမြင်ရန် စောသေးသည်

ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံအဖွဲ့ ထိပ်သီးအစည်း အဝေးတွင် မြန်မာစစ်အစိုးရ၏ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်း စဉ်တွင် ပါဝင်လုပ်ဆောင်နိုင်ဖွယ် ရှိကြောင်း အခြားနိုင်ငံ ခေါင်းဆောင်များကို ပြောကြားခဲ့သည်။ ဤစကားကို ထိုင်း နိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ (Abhisit Vejjajiva) က ပြန်လည် ပြောပြခဲ့ခြင်း ဖြစ်သည်။

“သူ (ဗိုလ်ချုပ်ကြီးသိန်းစိန်) ကျနော်တို့ကို ပြောတာက ဆွေးနွေးမှု တချို့ဖြစ်ပေါ်နေတယ်။ သူက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နိုင်မယ်လို့ အကောင်းမြင်နေတယ်”ဟု ထိုင်း ၀န်ကြီးချုပ် အဖိဆစ်က ထိုင်းနိုင်ငံ၏ အပန်းဖြေမြို့တခုဖြစ်သော ဟွာဟင်းတွင် ၃ ရက်ကြာ ကျင်းပခဲ့သည့် အရှေ့တောင် အာရှ နိုင်ငံများအသင်း(အာဆီယံ)ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။ အစည်းအဝေးတွင် တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံမှ ခေါင်းဆောင်များလည်း တက်ရောက်ကြသည်။

ထိုင်းဝန်ကြီးချုပ်၏ ပြောကြားချက်သည် ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကာဇူအို ကိုဒါးမား (Kazuo Kodama) က ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ကိုးကားပြီး အကယ်၍ ဒေါ်အောင်ဆန်းစုကြည် "ကောင်းမွန်စွာ" နေထိုင် လျှင် မြန်မာစစ်အစိုးရက ထိန်းသိမ်းထားသည့် အိမ်အကျယ်ချုပ် ကန့်သတ်ချက်များကို လျှော့ပေါ့ပေးလာဖွယ်ရှိသည်ဟု ပြောဆိုခဲ့ပြီး တရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဤသည်မှာ မြန်မာစစ်အစိုးရ ခေါင်းဆောင်များက အမျိုးသားပြန်လည်သင့်မြတ်ရေးအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ပထမဦးဆုံး ထုတ်ဖော် ဆွေးနွေးခြင်း ဖြစ်သည်။ ယခင် အစည်းအဝေး များတွင် အလားတူကိစ္စမျိုး ပြောဆိုဆွေးနွေးမည်ပြုတိုင်း မြန်မာစစ်အစိုးရ ကိုယ်စားလှယ်များဘက်က လုံးဝငြင်းပယ်ခဲ့ကြ သည်။  

ထို့ကြောင့် အာဆီယံအသင်း ခေါင်းဆောင်များက အပြုသဘော မြင်လာကြသည်။ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မန်မို ဟန် ဆင်းဂ် (Manmohan Singh) က ပြောကြားရာတွင် "ခေါင်းဆောင်တွေကြားမှာ အမေရိကန်နိုင်ငံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည် ထူထောင်နိုင်လိမ့်မယ်၊ လာမယ့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာလည်း မြန်မာ့လူမှုအဖွဲ့အစည်းရဲ့ အုပ်စု ကဏ္ဍ အသီးသီးအကြား ရင်ကြားစေ့သင့်မြတ်ရေး ဖြစ်လာစေမယ်လို့ မျှော်လင့်နေကြတဲ့ အခြေအနေ ဖြစ်နေတယ်" ဟု ပြောဆိုခဲ့သည်။  

မည်သို့ဆိုစေ ဗိုလ်ချုပ်သိန်းစိန်၏ မှတ်ချက်များကို ထောက်၍ ဒေါ်အောင်ဆန်းစုကြည်ကို လာမည့်နှစ် အထွေထွေ ရွေး ကောက်ပွဲတွင် ပါဝင်ခွင့်ပေးလိမ့်မည်ဟု ယူဆပါက မှားနေပါသေးသည်။

ပြီးခဲ့သည့် သြဂုတ်လက ရန်ကုန်မြို့ တရားရုံးတခုတွင် နောက်ထပ် ပြစ်ဒဏ် ၁၈ လ ကို ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို အင်းလျားကန်ဘေးရှိ သူ၏နေအိမ်တွင်ပင် ဆက်လက် ထိန်းသိမ်းထားဆဲ ရှိနေ သည်။ ထိုမျှမက စစ် အစိုးရက သူ၏ပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပေါ် လှုပ်ရှားမှုမှန်သမျှကို မလွတ်တမ်း စောင့်ကြည့်နေဆဲရှိ ပြီး တင်းကျပ်ကန့်သတ်မှုများ လျှော့ပေးလာခြင်း မရှိသေးပါ။ လွန်ခဲ့သည့် ၆ နှစ်တာ ကာလတွင် ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးနိုင်ရန် ၇ နာရီ ၂၅ မိနစ်မျှသာ ခွင့်ပြုပေးခဲ့ပါသည်။

သေချာသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်အကြား ဆွေးနွေးပွဲများ၊ ရန်ကုန် အခြေစိုက် အနောက်တိုင်း သံတမန်များနှင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်နေသည်ကို တွေ့ရပါသည်။

အမေရိကန် အစိုးရက မြန်မာစစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် မျှော်လင့်ထားကြောင်း ကြေညာချက်ထွက်ပေါ်လာပြီး ဒေါ်အောင်ဆန်းစုကြည်က ဒဏ်ခတ်ပိတ်ဆို့မှုများ အဆုံးသတ်စေရေးနှင့် ပတ်သက်ပြီး အတူတကွ ပူးတွဲလုပ်ဆောင်လိုပါ ကြောင်း စစ်အစိုးရ၏ထိပ်သီး ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးသား ပေးပို့ပြီးနောက်ပိုင်း ဆွေးနွေးပွဲများ ဖြစ်ပေါ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ အာဏာပိုင်များအပေါ် ရပ်တည်ချက် သဘောထား ပျော့ပြောင်းလာကြောင်း၊ အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံအပေါ် ရပ်တည်ချက် သဘောထား ပျော့ပြောင်းလာပုံရကြောင်း ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောသည်ဟု ဂျပန်ပြောရေးဆိုခွင့်ရှိသူက ထိပ်သီး အစည်းအဝေးတွင် ပြောခဲ့သည်။

အမေရိကန်က ပြီးခဲ့သည် စက်တင်ဘာလအတွင်း မြန်မာ ထိပ်တန်းအရာရှိများနှင့် နယူးယောက်မြို့တွင် စတင်ခဲ့သည့် ဆွေးနွေးပွဲများရှေ့ဆက်ရန်အတွက် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့တခုကို မကြာမီစေလွှတ်ရန် ရှိနေသည်။

ဝါရှင်တန်ဘက်တွင်မူ ဤဆွေးနွေးပွဲများကို မြန်မာစစ်အစိုးရနှင့် ပို၍ လေးနက်စွာ ချဉ်းကပ်ဆက်ဆံပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးများ ဖြစ်ပေါ်လာစေရန် တိုက်တွန်းနိုင်မည်ဟုလည်း ယူဆထားသည်။

အမေရိကန်ပြည်ထောင်စု၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လိမ့်မည်ဟုလည်း ယုံကြည်ရသည်။ သူက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြားအတိုက်အခံ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခွင့်ရဖွယ် ရှိနေသည်။

လူအများ ဒေါသအမျက်ထွက်ခဲ့ရသော အမေရိကန်နိုင်ငံသား ဂျွန် ယက်ထော အိမ်ကျော်နင်းမှုနှင့်ပတ်သက်ပြီး ဒေါ် အောင်ဆန်းစုကြည်အပေါ် အပြစ်ဒဏ်ချမှတ်ခဲ့သည့်နောက် မြန်မာ စစ်အစိုးရ၏ အရေးနိမ့်နေသော သံတမန်ရေးထိုးစစ် ပြန် အမှတ်တက်လာပြီဟု ဆိုနိုင်သည်။

မည်သို့ဆိုစေ စစ်အစိုးရ၏ ကတိစကားများကို သံသယဖြင့် စောင့်ကြည့်ရမည်သာ။ အကြောင်းမှာ ကတိအတိုင်း မတည် သည်များ စဉ်ဆက်တစိုက် ဖြစ်လာနေသောကြောင့်ပင်။ လာမည့်လများသည် မြန်မာစစ်အစိုးရ စကား မည်မျှတည် မတည် ဆိုသည်ကို သက်သေခံနိုင်မည့် ကာလ ဖြစ်သည်။ အကယ်၍ မြန်မာစစ်ဗိုလ်ချုပ်များက လူအများ၏ ယုံကြည်ကိုးစားမှု ရယူလိုသည် ဆိုပါက အပြောနှင့် အလုပ်ညီကြောင်း သက်သေပြရတော့မည် ဖြစ်သည်။

ဤသို့ သက်သေပြရန် ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များအပါအ၀င် အခြားနိုင်ငံရေး အကျဉ်းသား များကို ချက်ချင်း လွှတ်ပေးရန် လိုအပ်ပြီး NLD နှင့် အတိုက်အခံ နိုင်ငံရေးပါတီများကို ပုံမှန်နိုင်ငံရေးပါတီများအတိုင်း စည်း ရုံး လှုပ်ရှားခွင့် ပြုရပါလိမ့်မည်။ နိုင်ငံသားတိုင်းကိုလည်း လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်၊ စည်းရုံး လှုပ်ရှားခွင့်၊ အသင်းအဖွဲ့ များ ဖွဲ့စည်းခွင့် ပေးရန် လိုအပ်ပါသည်။

စစ်အစိုးရနှင့် ဒီမိုကရေစီ အတိုက်အခံများ၊ တိုင်းရင်းသားများ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ စတင်ရန် လိုအပ်ပြီး မြန်မာနိုင်ငံ ရှေ့ဆက်ရမည့် အနာဂတ်အတွက် အားလုံးတူညီမျှော်မြင်သည့် အမြင်တရပ်ကို ပူးပေါင်းဖော်ထုတ် ကြရန် လည်း လိုအပ်နေပါသည်။

ဤသို့ဆိုလျှင် စီစဉ်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲသည် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်၏ အစိတ် အပိုင်း တခု အမှန်တကယ် ဖြစ်ပေါ်လာပေလိမ့်မည်။

ရဲနည်ရေးသားသည့် Too Soon for Optimism ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်