ဂျင်မ် ဝက်ဘ် သို့မဟုတ် မြှုံးထဲကငါး

အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်ဟာ ဇွန်လ ၄ ရက်နေ့မှာ မြန်မာ နိုင်ငံကို ၃ ရက်ကြာ နောက် တကြိမ် အလည် အပတ်ခရီးစဉ် စတင် ပါလိမ့်မယ်။ သူဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့  ပထမဦးဆုံး တွေ့ခွင့်ရတဲ့ အမေရိကန် အဆင့်မြင့်အရာရှိ ဖြစ်ပါတယ်။

သူ့ခရီးစဉ် အသေးစိတ်ကို မသိရသေးပေမယ့် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ အရှေ့ အာရှနဲ့  ပဖိစိတ်ရေးရာ ကော်မတီခွဲ ဥက္ကဋ္ဌဖြစ်သူ ဂျင်မ် ဝက်ဘ် တယောက် စစ်အစိုးရအကြီး အကဲနဲ့ နောက်တကြိမ် တွေ့ခွင့်ရမရအပေါ် လေ့လာစောင့်ကြည့်သူတွေက အကဲဖြတ်နေကြပါတယ်။

လက်ဝှေ့သမားဟောင်း ဂျင်မ် ဝက်ဘ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မတွေ့နိုင်ဘူးဆိုတဲ့ ညာဖြောင့်လက်သီးနဲ့ အလဲ ထိုး လိုက်လေမလား၊ ဒါမှမဟုတ်လည်း ဂျင်မ် ဝက်ဘ်ဟာ လူတွေ့မခံတဲ့ ဗိုလ်ချုပ်ကြီးနဲ့ ဒုတိယအကြိမ် တွေ့ခွင့်ရပြီး ရင်းရင်းနှီးနှီး ဆက်ဆံရေး တည်ဆောက်နိုင်တဲ့ ရှားရှားပါးပါး အမေရိကန် ဖြစ်လာလေမလား စောင့်ကြည့်ရမှာ ဖြစ်ပါ တယ်။

ပထမအကြိမ် ခရီးစဉ်မှာ ဂျင်မ် ဝက်ဘ် တင်ပြဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေထဲက အရေးအကြီးဆုံး အချက် ကတော့ အမေရိကန်နိုင်ငံရဲ့လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထပ်ဆင့် ခြိမ်းခြောက်လာနိုင်တဲ့ မြန်မာနိုင်ငံနဲ့ ဒေသတွင်းအပေါ် တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု ကြီးမားလာတဲ့ အချက်ပါပဲ။

ဒါပေမယ့် တရုတ်လွှမ်းမိုးမှုနဲ့ ပတ်သက်တဲ့ သူ့စိုးရိမ်ချက်တွေကို ဗိုလ်ချုပ်မှူးကြီးနဲ့ တိုက်ရိုက် ဆွေးနွေးခဲ့ခြင်း ရှိမရှိ ကိုတော့ မသိရပါဘူး။ ဗိုလ်ချုပ်မှူးကြီးက တရုတ်ခေါင်းဆောင်တွေနဲ့ အလွန်နီးစပ်တာမို့ တကယ်လို့ ဂျင်မ် ဝက်ဘ်က ပြောခဲ့ရင်တောင်မှပဲ ဗိုလ်ချုပ်မှူးကြီးက ဘယ်လို တုံ့ပြန်လိုက်တယ် ဆိုတာကိုလည်း မသိနိုင်ပါဘူး။

တကယ်လို့ ဒီတကြိမ်မှာ ဂျင်မ် ဝက်ဘ်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ခွင့်ရမယ် ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ အပေါ်ထားရှိတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးနဲ့ပတ်သက်ပြီး သူ့ရဲ့ ကြိုးပမ်းချက်တွေကြောင့်သာ ဖြစ်ပါလိမ့်မယ်။

“မြန်မာနိုင်ငံကို မျက်နှာလွှဲ ခဲပစ် လုပ်လို့မရပါဘူး”လို့ အမည်ရတဲ့ ဆောင်းပါးမှာ ဂျင်မ် ဝက်ဘ်က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ရေးသားခဲ့ဖူးပါတယ်။ အဲဒီ ဆောင်းပါးကို သူ့ရဲ့ မြန်မာနိုင်ငံ ပထမ အကြိမ် ခရီးစဉ်ကနေ ၀ါရှင်တန်ပြန်ရောက်ပြီး မရှေးမနှောင်းမှာပဲ နယူးရောက် တိုင်းမ်စ် သတင်းစာမှာ ဖော်ပြခဲ့တာပါ။

“တကယ့်လက်တွေ့တွင် ဒဏ်ခတ် ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး သြဇာ သိသိသာသာ တိုးတက်လာခဲ့သဖြင့် ဒေသအတွင်း အန္တရာယ်ရှိသော မဟာဗျူဟာ ချိန်ခွင်လျှာ မမျှတမှုကို ဖြစ်ပေါ်စေသည်”လို့ ဂျင်မ် ဝက်ဘ်က သူ့ဆောင်းပါမှာ ထည့်သွင်း ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဖယ်ရှားပစ်လိုက်ရင် မြန်မာနိုင်ငံနဲ့ ဒေသတွင်းမှာရှိတဲ့ တရုတ်သြဇာကို ထိန်းထားနိုင်မယ်ဆိုတဲ့ ယုတ္တိဗေဒကို လက်ခံဖို့တော့ ခက်ခဲလှပါတယ်။

ပထမအကြိမ် ခရီးစဉ်အတွင်းမှာ ဂျင်မ် ဝက်ဘ်က သူ့အမြင်တွေကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း ဆွေးနွေးခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တရုတ်နိုင်ငံကို ဂျင်မ် ဝက်ဘ် လိုမျိုး  “ကြောက်မက်ဖွယ်ရာ အရှိန်အ၀ါ” အဖြစ် မမြင်တဲ့အပြင် ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားပစ်ရေးနဲ့ ပတ်သက်တဲ့ ဂျင်မ် ဝက်ဘ် ရဲ့အမြင်ကိုပါ လုံးဝ ပယ်ချခဲ့ပါတယ်။

“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီနားချင်း နိုင်ငံဖြစ်သလို မြန်မာပြည်ရဲ့ မိတ်ဆွေကောင်း ဖြစ်ချင်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်”လို့ ဂျင်မ် ဝက်ဘ် ခရီးစဉ်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို သူ့ရှေ့နေကတဆင့် စကားပါး ခဲ့ပါတယ်။

ဂျင်မ် ဝက်ဘ်အနေနဲ့ စစ်အေးခေတ် အမြင်နဲ့ တချို့လူတွေကို နားချနိုင်ရင်တောင်မှပဲ ဗိုလ်ချုပ်ကြီး နေ၀င်းက စလို့  မြန်မာ စစ်ခေါင်းဆောင် အဆက်ဆက်က အမေရိကန်ပြည်ထောင်စုကို ဘယ်သောအခါမှ အပြည့်အ၀ မယုံကြည်ဘူး ဆိုတဲ့ အချက်ကိုတော့ မျက်ကွယ် မပြုသင့်ပါဘူး။ ဒါ့အပြင် တချိန် စစ်အေးကာလတုန်းက အမေရိကန်နဲ့  ရုရှား အင်အားကြီး နှစ်နိုင်ငံအကြား အသုံးချမခံရအောင် မြန်မာစစ်တပ်က စွမ်းဆောင်နိုင်ခဲ့တယ် ဆိုတာကိုလည်း   ဗီယက်နမ် စစ်ပြန် ဂျင်မ် ဝက်ဘ် သတိချပ်သင့်ပါတယ်။

အထက်လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်ရဲ့ ဇွန်လ ၄ ရက်ခရီးစဉ်က ဇွန် ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ့် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ရဲ့ခရီးစဉ်အပြီးနဲ့ တဆက်တည်း ဖြစ်နေပါတယ်။ တိုက်ဆိုင်တယ်လို့ တောင် ဆိုနိုင်ပါတယ်။ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အဆိုအရ တရုတ်ဝန်ကြီးချုပ်က ခရီးစဉ်အတွင်းမှာ စွမ်းအင်နဲ့ အထောက်အပံ့ကိစ္စတွေ ဆွေးနွေးမယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးအနေနဲ့ တရုတ်ပြည်က သူ့ပေါက်ဖော်ကြီးကို ကော်ဇောနီခင်းပြီး ကြိုမယ်ဆိုတာကို သံသယ လုံးဝမရှိ ပေမယ့် အမေရိကန်က သူ့မိတ်ဆွေကိုတော့ ဘယ်သို့ဘယ်ပုံ ကြိုမယ်ဆိုတာ စိတ်ဝင်စားစရာပါ။ 

တကယ်လို့ စစ်အစိုးရခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်ရဲ့ အလည်အပတ်ခရီးစဉ်အပြီးမှာ အမေရိကန်က တရုတ် ဆန့်ကျင်ရေးလှုံ့ဆော်သူကို တွေ့ဆုံဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ အမေရိကန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားရေး ဆိုတာတောင် သူ့အတွက် ဒုတိယဦးစားပေး ဖြစ်မှာပါပဲ။

ဂျင်မ် ဝက်ဘ်ကို သူတွေ့လိုတဲ့ အဓိက ရည်ရွယ်ချက်က ၂၀၁၀ ရွေးကောက်ပွဲကို အမေရိကန်နဲ့ နိုင်ငံတကာအမြင်မှာ တရားဝင် ဖြစ်ရေးပဲ ဖြစ်ပါလိမ့်မယ်။

တရားဝင် အသိအမှတ်ပြုခံရရေးနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားရေးဆိုတဲ့ ငါးကိုရဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ငါးရှာထွက် မယ် ဆိုရင်တော့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်ဟာ စစ်အစိုးရရဲ့ မြှုံးထဲက ငါးကြီးတကောင် ဖြစ်နေပါတော့တယ်။

Htet Aung ရေးသားသည့် Jim Webb: A Big Fish for Burma's Top General? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်