ကျပ်ငွေ တန်ဖိုးတက်တာ ကောင်းလား၊ ဆိုးလား

သုံးနှစ်ကာလ အတွင်း မြန်မာ ကျပ်ငွေ တန်ဖိုး အမြင့်ဆုံးသို့ ထိုးတက် သွားပြီး ယခုအခါ ငွေကြေး အရောင်း အဝယ်  ဈေးကွက်တွင် အမေရိကန် တဒေါ်လာကို ကျပ် ၁၀၀၀ နီးပါးသာ ရှိတော့သည်ကို တွေ့ရသည်။ ၂၀၀၅ ခုနှစ် တွင် တဒေါ်လာကို ၈၈၀ ကျပ်မှ လွန်ခဲ့သည့်အပတ် ၁၁၉၀ ကျပ်အထိ ကျပ်ငွေတန်ဖိုး မှန်မှန် ကျဆင်းခဲ့သော်လည်း မကြာခင် ရက်အနည်းငယ်အတွင်း ငွေကြေးဈေးကွက်အခြေအနေ ပြောင်းပြန်ဖြစ်သွားခဲ့သည်။

ငွေကြေးဈေးကွက် လေ့လာသူတို့က ဘယ်ပုံဘယ်နည်း ဖြစ်ကြသနည်းဟု စောကြောကြ၏။ အရိုးဆုံးပြောရလျှင် ဈေးကွက်အတွင်း နိုင်ငံခြားငွေ ပိုများနေသောကြောင့် ဖြစ်သည်။ သို့ရာတွင် ကျပ်ငွေတန်ဖိုး ထိုးတက်လာရခြင်း၏ အကြောင်းရင်းမှာ တခုထက်မကကြောင်း ငွေကြေးရောင်းဝယ်သူများက ပြောဆိုကြသည်။

ထိုအကြောင်းရင်းများထဲမှ တခုမှာ သာမန်မြန်မာပြည်သူများ၏ သုံးစွဲနိုင်အားထက် သွင်းကုန်ပစ္စည်းများ၏ တန်ဘိုးက သိသိသာသာကျော်လွန်နေရာ ၀ယ်လိုအားကျဆင်းမှု ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် တရုတ်နှင့်ထိုင်းနယ်စပ် ကုန်သွယ်ရေးကျဆင်းခဲ့သည်။ သွင်းကုန်များအားလုံးကို နိုင်ငံခြားငွေဖြင့် ၀ယ်ယူသုံးစွဲကြရပြီး သွင်းကုန်ပစ္စည်းများကို ဝယ်ယူရန် မတတ်နိုင်တော့သော အရာများဖြစ်သည်ဟု ယူဆလာကြသည့် မြန်မာလူမျိုးများ ပို၍များလာသောအခါ နိုင်ငံခြား ငွေကြေးများဖြစ်သည့် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်ငွေနှင့် ထိုင်းဘတ်ငွေ အရောင်းလည်း ထိုင်းသွားခဲ့တော့သည်။

နောက်ထပ် အကြောင်းရင်းတခုက မြန်မာနိုင်ငံဗဟိုဘဏ်တွင် နိုင်ငံခြားအရံငွေကြေး စုဆောင်းထားရှိမှု မြင့်တက်လာခြင်း ဖြစ်သည်။

စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် ရင်းနှီးသော မြန်မာစီးပွားရေးပညာရှင်တဦးက အစိုးရ လက်ထဲတွင် နိုင်ငံခြားအရံငွေကြေး အမေရိကန်ဒေါ်လာ ၃ ဘီလျံအထက် စုဆောင်းထားနိုင်ခဲ့သည်ဟု ခန့်မှန်းသည်။ ထိုသို့ နိုင်ငံခြားအရံငွေကြေး မြင့်တက်လာရခြင်းမှာ ကုန်သွယ်ရေးပိုငွေပြမှုကြောင့်ဖြစ်ပြီး အထူးသဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ အဓိက တင်ပို့နေခြင်းကြောင့် ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်နှင့် တခြား နိုင်ငံခြားရင်းနှီးမြုပ်နှံသူများဆီကလည်း ငွေကြေးရရှိနေသည်။ အစိုးရ၏စာရင်းအင်းများအရ ၂၀၀၈ ခုနှစ် ပထမ ၉ လအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်လျင် ၂ ဆတိုးခဲ့သည်။ စစ်အစိုးရ၏ အမျိုးသားစီမံကိန်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ပြုလုပ်သောစစ်တမ်းအရ ၂၀၀၈ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၉၇၄.၉ သန်း ရှိခဲ့သည်ဟု ဆိုသည်။ ၂၀၀၇ ခုနှစ် ထိုကာလက ရင်းနှီးမြုပ်နှံမှုမှာ ၅၀၂. ၅ သန်း သာရှိခဲ့သည်။

နိုင်ငံတကာမှ ကူညီထောက်ပံ့ငွေများ ဝင်ရောက်လာခြင်းကလည်း နောက်ထပ်အကြောင်းရင်းတခု ဖြစ်သည်။ ကုလသမဂ္ဂ၏ လူသားချင်းစာနာ ထောက်ထားမှု ညှိနှိုင်းရေးရုံး၏ အဆိုအရ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်မှုဒဏ် ခံရသောဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်း အစီအစဉ်များအတွက် ဒေါ်လာ သန်း ၅၀၀ နီးပါးကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။ (စစ်အစိုးရ၏ ရှုပ်ထွေးလှသည့် နိုင်ငံခြားငွေကြေး ဖလှယ်မှုအဆင့်ဆင့်သည် အသေအချာ တွက်ချက်ရန် ခက်သည့်ကိစ္စ ဖြစ်ပြီး မုန်တိုင်းကယ်ဆယ်ရေး ထောက်ပံ့ငွေ ဘယ်လောက်များများ အစိုးရ အိတ်ကပ်ထဲ ရောက်သွားသလဲ မသိပါ)

ယခုနှစ်အတွက် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားသောအကူအညီ အမေရိကန်ဒေါ်လာ ၅၂. ၄ သန်း နှင့်ညီမျှ သော ဥရောပသုံးငွေ ယူရို ၄၀. ၅ သန်း ထောက်ပံ့မည်ဟု ဥရောပကော်မရှင်က မကြာသေးခင်ကမှ ကြေညာခဲ့ပါသည်။

ထို့အပြင် အာဆီယံ၏ အထွေထွေအတွင်းရေးမှူးချုပ် ဆူရင်ပစ်စူဝမ်က ဆိုင်ကလုန်း ဖျက်ဆီးမှုဒဏ် ခံခဲ့ရသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ၃ နှစ်ကာလအတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် နောက်ထပ် ဒေါ်လာ သန်း ၇၀၀ လိုအပ်ကြောင်း ပြောဆိုခဲ့သေးသည်။

မည်သို့သော အကြောင်းကြောင့်ဖြစ်စေ ကျပ်ငွေတန်ဖိုးမြင့်တက်လာခြင်းသည် မြန်မာ့စီးပွားရေးအပေါ် သိသိသာသာ ရိုက်ခက်မှုရှိသည်ဆိုသည့် အချက်က သံသယရှိစရာမလိုပါ။

မြန်မာငွေတန်ဖိုး မြင့်တက်သွားသဖြင့် နိုင်ငံခြားသို့ပို့သည့် ပြည်တွင်း ထုတ်ကုန်များ ဈေးတက်သွားရာ အပြည်ပြည် ဆိုင်ရာ ဈေးကွက်အတွင်း ဈေးများထိုးကျနေသော အချိန်၌ ပို့ကုန်လုပ်ငန်းရှင်များ လက်တွန့်သွားကြပါလိမ့်မည်။ ကမ္ဘာ့စီးပွားရေး နှေးကွေးမှုကြောင့် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက် နိုင်ငံများဖြစ်ကြသည့် တရုတ်၊ ထိုင်း၊ စင်္ကာပူ၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံတို့မှ ဖောက်သည်များ၏ အမှာကျဆင်းနေသည်ကိုလည်း ထည့်စဉ်းစားရန် လိုပါသည်။

မြန်မာနိုင်ငံ၏ တန်ဖိုးအများဆုံး ပြည်ပပို့ကုန်ဖြစ်သည့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းခဲ့ခြင်းသည် စစ်အစိုးရ၏ ဝင်ငွေကို အကြီးအကျယ်ထိခိုက်လိမ့်မည်ဟုလည်း လေ့လာဆန်းစစ်သူများက ပြောပါသည်။ ပြည်ပပို့ကုန်ဝင်ငွေ၏ ၄၀ ရာ ခိုင်နှုန်းခန့်ရှိသော သဘာဝဓာတ်ငွေ့တင်ပို့မှုတန်ဖိုးသည် လွန်ခဲ့သောနှစ် ဧပြီလနှင့် ဒီဇင်ဘာလအတွင်း ၂၈.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ထိုကာလမတိုင်မီ တနှစ်ကနှင့် နှိုင်းယှဉ်လျင် တန်ဖိုးအားဖြင့် ဒေါ်လာ သန်းပေါင်း ၆၇၀ ကျဆင်းသွားသည်ဟု  မြန်မာ့ စီးပွားရေးကို အထူးပြုစောင့်ကြည့်လေ့လာနေသော သြစတေးလျနိုင်ငံ Macquarie University မှ တွဲဖက်ပါမောက္ခ Mr. Sean Turnell က ပြောဆိုပါသည်။ ယခုနှစ်တွင် ဝင်ငွေပိုမို ကျဆင်းနိုင်သည်ဟုလည်း သူက ဆိုသေးသည်။

တရုတ်နှင့် အိန္ဒိယဈေးကွက်မှ နှစ်စဉ် ဒေါ်လာ သန်းပေါင်း ၆၀၀ ၀င်ငွေရရှိနေသည့် တိုင်းပြည်၏ဒုတိယအကြီးဆုံး ပြည်ပ ပို့ကုန်ဖြစ်သည့် စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုသည်လည်း ကျဆင်းခဲ့ပြီဖြစ်သည်။ ဥပမာ အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ မှုသည် ၀ယ်ယူသူများ ဈေးမကိုက်သောကြောင့် ဈေးပိုသက်သာသည့် ဗီယက်နမ်မှ ပဲ ကို ဝယ်ယူခဲ့သဖြင့် မြန်မာ့ပဲတင်ပို့မှု ကျဆင်းခဲ့သည်။

ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်းကျဆင်းနေမှုနှင့် ၀ယ်လိုအား နည်းလာခြင်းက လယ်သမားများကို အထိနာစေခဲ့ပါသည်။ ဆိုင်ကလုန်းနာဂစ်၏ အကျိုးဆက်များကြောင့် ရုန်းကန်လှုပ်ရှားနေကြရသော မြန်မာလယ်သမား အများအပြားက သူတို့ လယ်ယာစိုက်ပျိုးရေးမှာ အရှုံးနှင့်ရင်ဆိုင်နေရသည်ဟု ပြောပြကြသည်။ လယ်တဧကမှ ထွက်ရှိသော စပါးကို ရောင်းလျင် ၇၀၀၀၀ ကျပ်သာ ရသော်လည်း စိုက်ပျိုးစရိတ်က တဧကကို ၉၀၀၀၀ ကျပ် ကုန်ကျကြောင်း လယ်သမား တဦးက ပြောပြသည်။

ကမ္ဘာ့ငွေကြေး အကြပ်အတည်းကြုံတွေ့နေရချိန် အာရှကဘဏ်အများစု အခြေအနေ ကောင်းနေသေးပုံ ရသော်လည်း မြန်မာနိုင်ငံက ရှုပ်ထွေးလှသည့် လယ်ယာစိုက်ပျိုးရေး ချေးငွေစနစ်ကား ပြဿနာပေါ်နေပြီဖြစ်သည်။

“ကျနော်တို့ ငွေပြန်မပေါ်တဲ့ ပြဿနာနဲ့ရင်ဆိုင်နေရတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သော စီးပွားရေးပညာရှင် စာရေးဆရာ ခင်မောင်ညို (ဘောဂဗေဒ) က ပြောပါသည်။ ပုံမှန်အားဖြင့် လယ်သမားများကို ငွေကြေးအရင်းအနှီး ထုတ်ပေးနေကြသည့် စီးပွားရေး လုပ်ငန်းရှင်များက စပါးဈေးကွက်မှ ဆုတ်ခွာနေသောကြောင့်ဟု သူက ရှင်းပြသည်။  

အဆိုပါအချက်များ အားလုံးကိုကြည့်လျှင် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၏ အာမခံချက်များနှင့် ကွဲလွဲနေသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ငွေကြေး ပြိုလဲမှု ဂယက်မှ လွတ်ကင်းခြင်းမရှိပါ။ ၀မ်းနည်းဖွယ်ကောင်းသည်မှာ အဆိုးရွားဆုံး ကျဆင်းနေပြီဖြစ်သော တိုင်းပြည်၏ စီးပွားရေးသည် ယခုထက်ပို၍ ဆိုးရွားသွားဦးမည် ဖြစ်သော်လည်း လူထု သက်သာချောင်ချိရေးနှင့် တိုင်းပြည်စီးပွားရေး ဦးမော့လာစေရန် စစ်အစိုးရတွင် မည်သည့် အမျှော်အမြင်မျှ မရှိသေး သောကြောင့်ပင်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်