ရွှေရည်စိမ် မီဒီယာ လွတ်လပ်ခွင့်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးရယ်၊ သူနဲ့အင်တာဗျူးရယ်ကို ပြည်တွင်းက ဂျာနယ်တွေမှာ မကြာသေးခင်က ဖော်ပြခွင့် ရခဲ့တဲ့အပေါ် အများစုက အကောင်းမြင်ကြတယ်၊ တချို့ဆို သတင်းကောင်းပဲလို့တောင် ပြောကြပါတယ်။

ဒါဟာ မီဒီယာလောကအတွက် ပြောင်းလဲတိုးတက်မှု မဟုတ်ဘူးလို့ အဲဒီကာလကသာ ဆိုလိုက်မိရင် တော်တော် အဆိုး မြင်တာပဲလို့ ဝေဖန်ကြမယ် ထင်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ အကောင်းမြင်သူတချို့က ဒါဟာ ခြေတလှမ်းပဲ၊ ဒီခြေတလှမ်းကစတင်ပြီး မိုင်ပေါင်း ထောင် ချီသွားရမယ်ဆိုတဲ့ အားတက်စကားမျိုး ဆိုကြပါတယ်။

ခြေတလှမ်းမှ မလှမ်းသေးတာထက်စာရင် တလှမ်းလှမ်းလိုက်တာက ပိုကောင်းတာပေါ့၊ ခရီးတခုကို စလိုက်တာ ဖြစ်တဲ့ အတွက် ပန်းတိုင်နဲ့လည်းပိုနီးသလို ထင်ရတာပေါ့။ ဒါပေမယ့် အဲဒီခြေတလှမ်းကနေ ဆက်မသွားတော့ဘူး ဆိုရင်တော့ မလှမ်းဘဲ နေတာကမှ ခြေညောင်း သက်သာပါဦးမယ်။

အခုနောက်ပိုင်းမှာ သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ ဆီက “မတူတာတွေ ဘေးဖယ်၊ တူတာတွေကို စုပြီး တိုင်းပြည်ရဲ့ ဘုံအကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ကြမယ်” ဆိုတဲ့ အဓိပ္ပာယ် ရတဲ့ စကားကို ပုံစံမျိုးစုံနဲ့ ပြောနေပါတယ်။ အဲဒီလိုပြောတာနဲ့ တပြိုင်နက်တည်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ တွေ့ကြတယ်၊ သတင်းစာမှာ၊ မီဒီယာတွေမှာ ဓာတ်ပုံတွေ ဖော်ပြကြတယ်။

ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဂျာနယ်မှာပါတယ်၊ သတင်းစာမှာပါတယ်ဆိုပြီး ဝယ်ကြတယ်။ သတင်းစာ ဆိုရင် စောင်ရေပြတ်တဲ့အပြင် လက်ပွေ့တွေက ဈေးတောင် တင်ရောင်းလိုက်သေးတယ်လို့ သိရပါတယ်။

ဒီ့အရင်လည်း အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တယ်၊ မီဒီယာတွေမှာ ဖော်ပြခွင့် ရကြတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပြီးမှာ နေအိမ်အကျယ်ချုပ် ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ကြတယ်၊ သူတို့ တွေ့ကြတဲ့ ဓာတ်ပုံကို ပြည်တွင်း ဂျာနယ်တွေမှာ စိစစ်ရေးက ထည့်ခိုင်းတယ်။ ဒါဟာ မမြင်တာ ကြာရပြီ ဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ပုဂ္ဂလိကမီဒီယာတွေမှာ ပြည်သူတွေ ပထမဆုံး ပြန်မြင်ခွင့် ရကြတာပါ။

အဲဒီတုန်းက ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖော်ပြခွင့်ရခဲ့တာဟာ မီဒီယာလွတ်လပ်ခွင့် ရတာ မဟုတ်ဘူးဆိုတာ အားလုံးသိပါတယ်။ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်တယ်၊ သူ့သား ကိုထိန်လင်း လာလည်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေဟာလည်း ကြိုကြား ကြိုကြား ဆိုသလို ဂျာနယ်တွေမှာ ဖော်ပြခွင့်ရလာခဲ့တယ်။

၂၀၀၈ အခြေခံဥပဒေထဲမှာလည်း လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်၊ ဆန္ဒထုတ်ဖော်ခွင့် ရှိရမယ်ဆိုတာ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေး ဆိုတဲ့ အခန်းမှာပါတယ်၊ ဒါ့အပြင် သမ္မတ ဦးသိန်းစိန်တက်ပြီး ပထမဆုံးမိန့်ခွန်းပြောတဲ့ အချိန်မှာ မီဒီယာ ဟာ စတုတ္ထမဏ္ဍိုင် ဖြစ်တယ်ဆိုပြီး စစ်အစိုးရလက်ထက်က တခါမှမပြောခဲ့ဘူးတာတွေ ပြောလိုက်တော့ မီဒီယာသမားတွေ အတွက် မျှော်လင့်ချက်ရောင်ခြည်လေး လင်းလက်လာခဲ့ပါတယ်။ တခါ စာပေစိစစ်ရေးရဲ့ မူဝါဒပြောင်းမယ်ဆိုပြီး စာပေ အမျိုးအစား ၅ မျိုးကို စိစစ်ရေး မတင်ရတော့ဘူးလို့ လုပ်လာပြန်တော့ အကောင်းမြင်သမားများက ဒါဟာ တိုးတက်မှုဖြစ်တယ်၊ ခြေတလှမ်းပဲ စတာတွေနဲ့ မျှော်လင့်ကြ ပြန်ပါတယ်။

ဒါပေမယ့် တကယ့်တကယ်မှာတော့ အရင်ပြန်ကြားရေးဝန်ကြီး၊ အခုပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းရဲ့ လှည့်ကွက်ထဲမှာ တဝဲလည်လည်ဖြစ်ပြီး ကောင်းနိုး၊ လွတ်လပ်နိုးနဲ့ မြန်မာ့စာနယ်ဇင်း လောကက လူတွေဟာ ရေတွင်းထဲက လမင်းအရိပ်ကို ပုံးနဲ့ ခပ်သယ် ထုတ်နေရသလိုပဲ၊ တနေ့တော့ရမှာပါ ဆိုတဲ့မျှော်လင့်ချက်နဲ့ လပြည့်လာလိုက်၊ ကွယ်သွားလိုက် ဖြစ်နေရတာပါ။

အစကို ပြန်ကောက်ရရင် မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးနဲ့ သူကိုယ်တိုင်ရေးတဲ့ ဆောင်းပါး ဂျာနယ်နှစ်စောင်မှာ ရှေ့ဆင့်နောက်ဆင့် ပါလာပါတယ်။ အရင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနဲ့ သတင်းလေးတွေ ဖော်ပြခွင့်ရတာထက် စာရင် ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ အနှစ် ၂၀ ကျော်အတွင်း တခါမှ မရဘူးတဲ့ အင်တာဗျူး ဖော်ပြခွင့် ရတဲ့အပြင် (ဒီအင်တာဗျူးဟာ သူ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ကာစက မေးမြန်းထားတဲ့ အဟောင်းဖြစ်ပါတယ်။ စာပေစိစစ်ရေးကို တင်ထားတာ ကြာလှပြီဖြစ်ပေမယ့် အခုမှ ခွင့်ပြုတာပါ။ ဒါလည်း တော်တော်လေး တည်းဖြတ်ပြီးမှ ခွင့်ပြုတယ်လို့ သိရတယ်) သူရေးတဲ့ ဆောင်းပါးပါ ဖော်ပြခွင့်ရလိုက်သေးတယ်ဆိုတော့ အားလုံးက “တယ်ဟုတ်ပါလား” ဆိုပြီး အံ့သြတကြီး ဖြစ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံပါရင် ဘာကြီးဖြစ်နေနေ ရောင်းအားကောင်းတတ်တာမို့ ဒီဂျာနယ်နှစ်စောင်လည်း ထုတ်သမျှ စောင်ရေ ပြိုက်ကနဲ ကုန်ခဲ့ပါတယ်။

လမင်းအရိပ်ကို ရေပုံးနဲ့ဆယ်နေရတဲ့ မီဒီယာသမားတွေဘက်က လမင်းကြီးရတော့မလားဆိုပြီး မျှော်လင့်တကြီးနဲ့ ဝမ်းသာ အားရ ပြောလို့မှ မဆုံးသေးခင်မှာ အင်တာဗျူး ဖော်ပြခဲ့တဲ့ Messenger ဂျာနယ်ကို နောက်ဆက်တွဲတင်ခွင့် ပိတ်တယ်ဆိုပြီး အရေးယူ လိုက်ပါတယ်။ အကြောင်းပြချက်ကတော့ ဓာတ်ပုံကို သူတို့ခွင့်ပြုတဲ့ ဆိုဒ်ထက် ကြီးပြီး ဖော်ပြလို့ပါ။ နောက်ဆက်တွဲ ပိတ်ခံရတဲ့ ဂျာနယ်ဟာ လတ်ဆတ်တဲ့သတင်းတွေ ထည့်ခွင့် မရှိတော့တဲ့အတွက် ဂျာနယ်ကို ပိတ်လိုက်သလိုပါပဲ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ကာစက ဝိုင်းဝန်း အင်တာဗျူးခဲ့ကြတဲ့ ဂျာနယ် တွေလည်း Messenger ဂျာနယ်မှာ ခွင့်ပြုပြီဆိုပြီး ဝမ်းသာအားရ စာပေစိစစ်ရေးကို တင်ကြတဲ့အချိန်မှာ ဘယ်ဂျာနယ်မှာမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးကို ဖော်ပြခွင့် မပြုတော့ဘူးလို့ အငြင်းခံကြရပါတယ်။

အဲဒီအဖြစ်အပျက်တွေနဲ့ တပြိုင်နက်တည်း စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ သင်္ဃန်းကျွန်းမြို့နယ်က ကိုယ်စားလှယ် ဦးသိန်းညွန့်က မီဒီယာတွေအတွက် လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့် အဆိုကို တင်သွင်းခဲ့ပါတယ်။ အဲဒီမှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မပေးနိုင်ဘူးလို့ တခွန်းတည်း ငြင်းရင် ရပေမယ့် အဲဒီလို မငြင်းဘဲ မီဒီယာလွတ်လပ်ခွင့် ပေးလိုက်ရင် စေတနာက ဝေဒနာ ဖြစ်သွားနိုင်တယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်အောင် ဆဒ္ဒန် ဆင်မင်း ဇာတ်တော်ကြီး တခုလုံးကိုခင်းပြီး ရှင်းပြခဲ့ပါတယ်။ ရှည်လွန်းလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကတောင် တားယူရတဲ့ အထိပါပဲ။ သဘောကတော့ သွယ်ဝိုက်ပြီး မပေးနိုင်ဘူးလို့ ပြောလိုက်တာပါ။

ဒါပေမယ့် နိုင်ငံပိုင် သတင်းစာတွေထဲမှာတော့ ထုံးစံအတိုင်း ဟိုလိုလို၊ ဒီလိုလို တွေးယူလို့ရမယ့် စကားလုံးတွေနဲ့ တန်ဆာ ဆင်ပြီး ဖြေထားတာကို တွေ့ရပါတယ်။

မြန်မာပြည်က မီဒီယာသမားတချို့၊ စာနယ်ဇင်း လောကသားတချို့က ကာတွန်းအော်ပီကျယ် ရေးတဲ့ ကာတွန်း တကွက် ထဲကလို ဖြစ်နေပါတယ်။ ပစ္စည်း တခုထမ်းထားပြီး “လေးလိုက်တာ” လို့အော်နေတဲ့သူကို ဘေးက ကြည့်နေတဲ့သူက နောက်ထပ် ကျောက်တုံးတတုံး ထပ်တင်ပေးလိုက်တယ်၊ အဲဒီလူက “လေးလိုက်တာ” လို့ ဆက်အော်နေတယ်။ ဒါနဲ့ အပေါ်က ကျောက်တုံးကို ပြန်ချပေးလိုက်တယ်။ ပစ္စည်းထမ်းထားတဲ့သူက “ပေါ့သွားပြီ” လို့ ပြန်ပြောပါတယ်။ အရင်အတိုင်းပဲ ဆိုပေမယ့် အလေး ဆင့်ပြီးမှ ပြန်ချပေးလိုက်တော့ ပေါ့သွားသယောင် ထင်ရတာပါ။

နောက်ပြီး အရင်ထက်စာရင် အခုအချိန်မှာ ထိမိတဲ့ စာပေဟောပြောပွဲတွေ လုပ်ခွင့်ရလာတာ တွေ့ရတယ်။ ပြောတဲ့ဟောတဲ့ သူတွေလည်း တော်တော်လေး လွတ်လွတ်လပ်လပ် ပြောနေတာ တွေ့ရသလို၊ နားထောင်တဲ့ သူတွေလည်း တော်တော် သဘောကျတာ တွေ့ရပါတယ်။ ဒါဟာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရနေတာလားလို့ မေးစရာ ရှိပါတယ်။ တကယ်တော့ ဦးနေဝင်းခေတ်ပဲ ဆိုဆို၊ မဆလ ခေတ်ပဲပြောပြော အဲဒီခေတ် အဲဒီအခါကလည်း ဒါလောက်တော့ စာပေ ဟောပြောပွဲ လွတ်လပ်ခွင့် ရခဲ့တာပါပဲ။ ဒီထက်တောင် ရသေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒီတော့ ဒီလွတ်လပ်ခွင့်ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်က လွတ်လပ်ခွင့်လို့ ဆိုရမှာပါ။ ကာတွန်းအော်ပီကျယ်ရဲ့ ကာတွန်းထဲကလို ထပ်ဆင့် အလေး တင်ပြီးမှ ပြန်ချပေးလိုက်တာပဲ။ တကယ်ပေါ့သွားတာ မဟုတ်ပါဘူး။

မြန်မာပြည်ရဲ့ အကျဉ်းထောင်တွေထဲမှာ မီဒီယာသမားတွေ၊ ဗီဒီယို ဂျာနယ်လစ်တွေကို အမျိုးမျိုးသော ပုဒ်မတွေ တပ်ပြီး ဖမ်းထားဆဲ ဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ အခုအချိန်ထိ ဗီဒီယိုကင်မရာ၊ ဓာတ်ပုံကင်မရာကို လွတ်လွတ်လပ်လပ် ကိုင်လို့ မရသေးပါဘူး။ ဒါတွေဟာ စာနယ်ဇင်း လွတ်လပ်ခွင့် မရသေးတာရဲ့ သာဓက တခုပဲ ရှိပါသေးတယ်။

အခုဆီထမင်း၊ အခု စာကလေးကြော်၊ အခုပဲ လွှတ်ပေးသလိုလိုနဲ့ အခုချက်ချင်း ဘာမဟုတ်တဲ့ အကြောင်းပြချက်နဲ့ ပြန်အရေးယူတယ် ဆိုတာကတော့ မဆလခေတ်၊ နအဖ ထောက်လှမ်းရေးခေတ်၊ နအဖ ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ် ခေတ်အဆက်ဆက် လုပ်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ နည်းနည်း ပွင့်လင်းသယောင် ဖြစ်လာတာကတော့ အများသဘောကျတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတွေ၊ သတင်းလေးတွေကို ကြိုကြားကြိုကြား ဖော်ပြခွင့်ပြုလာတာနဲ့ လွှတ်တော်မှာ အဆို တင်သွင်းခွင့် (စကားလုံး လှလှသုံးပြီး ပယ်ချတာ၊ ငြင်းဆန်တာကလွဲရင်) ရှိလာတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ၊ သတင်းတွေ ဖော်ပြခွင့်ပြုတယ် ဆိုတာကလည်း အရေးကြီးတဲ့ စကားတွေ၊ သတင်းတွေ မရပါဘူး၊ မျက်နှာဖုံးမှာ မျက်နှာပြည့်မရပါဘူး။ ဓာတ်ပုံကို ကိုယ်ကြိုက်တဲ့ ဆိုဒ် ဖော်ပြခွင့်မရပါဘူး။ တခုခုဆို အရေးယူတယ် ဆိုတာနဲ့ ပြန်ပြန် ချုပ်ထားပြီး မီဒီယာသမားတွေကို ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့သဘောပါ။

နအဖ ခေတ်ကတော့ ပြန်ကြားရေးဝန်ကြီးက “မီဒီယာကို မီဒီယာနဲ့ တိုက်မယ်” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ပြည်ပမီဒီယာတွေကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခဲ့ပါတယ်။ အခု အရပ်သားအမည်ခံ အစိုးရလက်ထက်မှာတော့ ဒီစကားလုံးကို မသုံးတော့ဘဲ နိုင်ငံပိုင်မီဒီယာတွေမှာ ထည့်သွင်းနေကျ ပြည်ပမီဒီယာတွေကို တိုက်ခိုက်တဲ့ ဆောင်ပုဒ်တွေ ပြန်ဖြုတ် လိုက်ပါတယ်။ ပြောင်ပြောင်တင်းတင်း စိန်မခေါ်တော့တဲ့အတွက် လက်သီးပုန်းနဲ့ ထိုးလေမလားလို့ တွေးစရာ ရှိပါတယ်။

တကယ်တော့ အစိုးရရဲ့ တိုက်ကွက်အောက်မှာ သို့လောသို့လော ဖြစ်ကုန်တာ ပြည်တွင်းမီဒီယာတွေတင် မဟုတ်ပါဘူး။ ပြည်ပအခြေစိုက် မီဒီယာတွေကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာ အလှူရှင်တွေလည်း ပါပါတယ်။ ပြည်တွင်းမှာ မီဒီယာလွတ်လပ်ခွင့် ရနေပြီ၊ ထိုက်သင့်သလောက်လွတ်လပ်နေပြီ ဆိုတဲ့ စကားလုံးတွေ ပလူပျံခဲ့တဲ့နောက်မှာ အလှူရှင် တွေဟာလည်း ပြည်ပက မီဒီယာတွေ မလိုအပ်တော့ဘူးဆိုတာမျိုး အထင်ရောက်ပုံရပါတယ်။ ဧရာဝတီ မဂ္ဂဇင်း အပါအဝင် ပြည်ပအခြေစိုက် မီဒီယာတချို့ဟာ ရပ်တည်မှုအတွက် အကျပ်အတည်းကို ရင်ဆိုင်လာရပါတယ်။

တကယ်လို့သာ ပြည်တွင်းမှာ မီဒီယာလွတ်လပ်ခွင့် အမှန်တကယ်ရပြီဆိုရင် ဧရာဝတီမဂ္ဂဇင်း အပါအဝင် ပြည်ပက မြန်မာ မီဒီယာတွေ အနေနဲ့ ပြည်ပမှာ အခြေစိုက်စရာ မလိုတော့ပါဘူး၊ အားလုံး ပြည်တွင်းကို ဝင်ပြီး မီဒီယာလုပ်ငန်းကို ဝမ်းသာအားရ လုပ်ကိုင်ချင်ကြ သူတွေချည်း ဖြစ်ပါတယ်။

အခုတော့ မင်းသားခေါင်းဆောင်းထားတဲ့ အစိုးရဟာ ကြာကြာ ဟန်မဆောင်နိုင်ပါဘူး။ ဘီလူးဆိုင်းတီးပြီး ထွက်လာပါပြီ။

ပြန်ကြားရေးဝန်ကြီးအနေနဲ့ သတင်းစာတွေထဲမှာ၊ လွှတ်တော်ထဲမှာ မီဒီယာ လွတ်လပ်ခွင့် ပေးနေပါတယ်၊ မီဒီယာဟာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်ပါတယ်၊ မူဝါဒတွေ ပြောင်းလဲနေပါပြီလို့ ဘယ်လိုပဲ ပြောပြော သူပြောတဲ့ မီဒီယာ လွတ်လပ်ခွင့်ဟာ ရွှေရည်စိမ် မီဒီယာလွတ်လပ်ခွင့်သာ ဖြစ်တယ်ဆိုတာ သူ့စကားတွေထဲမှာပဲ ပေါ်လွင်နေပါတယ်။

ပြည်တွင်းက ပုဂ္ဂလိက မီဒီယာတွေကလည်း ၁၆ ပဲရည်ပြည့် အခေါက်ရွှေနဲ့တူတဲ့ မီဒီယာလွတ်လပ်ခွင့်ကို တောင်းနေတာ မဟုတ်ဘူးလို့ နားလည်ပါတယ်။ ရွှေလို့ ခေါ်နိုင်ရုံ ၁၂ ပဲရည်လောက် ရရင်ကို ဟုတ်နေပြီး အဲဒီကမှ တဆင့်ချင်း တိုးတက် ပြောင်းလဲ သွားတာကို လိုချင်ကြတာလို့ ယူဆပါတယ်။ ဒါပေမယ့် အစိုးရကလည်း ဒီလောက်ကလေးမှ မပေးနိုင်ပါဘူး။

ကြေးကို ရွှေရည်စိမ်ပြီး ဒါ မီဒီယာ လွတ်လပ်ခွင့်ပါလို့ ပြောင်လိမ်ပြီး ပေးနေသရွေ့ ကတော့ အစိုးရရဲ့ လှည့်ဖျား၊ ဟန်ဆောင်လိမ်ညာမှုတွေ အပါအဝင် မှန်ကန်တဲ့ သတင်းတွေကို ပြည်ပမီဒီယာတွေက ဖော်ထုတ် ရေးသား၊ ထုတ်လွှင့် နေကြရဦးမယ်၊ ပြည်တွင်း မီဒီယာတွေ လိုအပ်နေတဲ့ ကွက်လပ်ကို တစိတ်တပိုင်း ပါဝင် ဖြည့်ဆည်း ပေးနေရဦးမယ် ဆိုတဲ့အကြောင်း ပြောလိုပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်