“စိတ်ကူးထဲအထိ ဆင်ဆာလိုက်ဖြတ်တယ်….”

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)သည် ရုပ်ရှင်၊ ဗီဒီယို အနုပညာလောကသို့ ၁၉၉၃ ခုနှစ်မှစတင်၍ “နှင်းဆီဝိုင်” ဟူသော ဗီဒီယို ဇာတ်ကားဖြင့် ၀င်ရောက်လာခဲ့ပြီး အဆိုပါဇာတ်ကားဖြင့်ပင် ပရိသတ်လက်ခံ အားပေးမှုကိုရရှိလာခဲ့သူ ဖြစ်သည်။ ၎င်း၏ ဒါရိုက်တာသက်တမ်း ၁၅ နှစ်တာကာလတွင် ဗီဒီယိုဇာတ်ကားပေါင်း ၃၀၀ ခန့်၊ ရုပ်ရှင်ဇာတ်ကား ပေါင်း ၂၀ ခန့်ရိုက်ကူးခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် “မျှော်လင့်ခြင်းများစွာ” ဟူသောဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာ ဆုကို ရရှိခဲ့သည်။ မကြာသေးမီက စင်တင်ခဲ့သည့် “နှင်းဆီရင်ခွင်” အငြိမ့်ကို လူအများ အားပေးနှစ်သက် ခဲ့ကြသည်။ အဆိုပါ ဒါရိုက်တာ မောင်မျိုးမင်း ၏ ရုပ်ရှင်အနုပညာနှင့်ပတ်သက်ပြီး ဧရာဝတီမဂ္ဂဇင်း သတင်းထောက် သဲသဲ က ဆက်သွယ်မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး။    ။ ဒါရိုက်တာ တယောက်အနေနဲ့ ကိုယ်လုပ်ချင်တဲ့ အနုပညာကို လုပ်ခွင့်မရတာမျိုး ကြုံခဲ့ရဖူးလား။

ဖြေ။    ။ စလုပ်ကတည်းက အခုချိန်ထိ ၁၅ နှစ်ရှိပြီ။ အဲဒီ ဒုက္ခက ပြောပြလို့မရအောင်ကို များပါတယ်။ ကားတိုင်း လိုလိုပါပဲ။

မေး။    ။ အခုလတ်တလော အငြိမ့်တွေကို ဘာကြောင့် လုပ်ဖြစ်နေပါသလဲ။

ဖြေ။    ။ အငြိမ့်က လွတ်လပ်တယ်လေ။ တခုတော့ရှိတာပေါ့၊ ကျနော်တို့က ချစ်စရာကောင်းအောင် ပြောတတ် ဖို့တော့ လိုတယ်။ ချစ်စရာကောင်းအောင် ပြောတတ်မှလည်း ချစ်မှာလေ။ ရယ်ရရင် ပြီးရော လုပ်လို့မရဘူး။ ရယ်ရ တာရဲ့ နောက်မှာ တွေးစရာလေးတွေ ရှိရမယ်။ ရိုးရိုး ရယ်စရာ ဒီအတိုင်းပြောပြီး ပြီးသွားတာမျိုး မဖြစ်စေချင်ဘူး။ အဲဒီတော့ ကျနော် ဖန်တီးတဲ့ အငြိမ့်တွေက အဓိပ္ပာယ်တခုခု ရှိနေရမယ်။ ရယ်စရာ ဆိုရင်လည်း နှစ်နှစ်ခြိုက်ခြိုက် ရယ်ရတာ မျိုးလေး ဖြစ်ချင်တယ်။ ပြီးတော့ တစိမ့်စိမ့်တွေးပြီး ရယ်ရတာမျိုး ပိုကြိုက်တယ်။ အငြိမ့်က အဖြတ်ခံရတယ် ဆိုလည်း သိပ်မသိသာဘူး။ ဇာတ်ကားကျတော့ အရမ်းသိသာတာပဲ။ လုံးဝ အဆက်အစပ် မရှိတော့ဘူး။

မေး။    ။ ခေတ်ကို သရော်ထားတယ်ဆိုတဲ့ “နှင်းဆီရင်ခွင် အငြိမ့်” နဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။    ။ တ၀က်လောက် အဖြတ်ခံထားရပါတယ်။ ကျနော်တို့အပြင်မှာ တကယ်ကတဲ့ ပွဲ တ၀က်စာလောက်ပဲ ရှိပါတယ်။ အပြည့်သာ ကြည့်ရမယ်ဆိုရင် ပိုကြိုက်ကြမှာပါ။

မေး။    ။ အရင်က ရုပ်ရှင်၊ ဗီဒီယို လောကမှာ သရဲကားတွေ၊ ၀ိဉာဉ်ကားတွေ ၊ မှော်ကားတွေရှိခဲ့တယ်။အဲ့ဒီကနေ ရိုက်ခွင့်မရ တော့ဘူးဆိုပြီး ပိတ်လိုက်တယ်။ နောက် ပြန်ရိုက်ခွင့်ပေးလိုက်ပြန်ရော။ အခုကျတော့ မရိုက်ရတော့ဘူး ပြန်ဖြစ်ပြန်တယ်။ ဘာကြောင့် ပိတ်တယ်လို့ ထင်ပါသလဲ။

ဖြေ။    ။ ဖွင့်ပေးတုန်းကလည်း သူတို့ပဲ၊ ပြန်ပိတ်တော့လည်း သူတို့ပဲ ဆိုတော့ အဲဒီအဖြေကို သူတို့ကို မေးကြည့်မှ သိမှာပဲ။ တချို့က ပြောတာကတော့ ယုတ္တိမရှိတာတွေနဲ့ အတင်းပြူးပြဲပြီးခြောက်လို့ ဆိုပြီးပြောတာပဲ။ ဒါပေမယ့် ကျနော်တို့ အမြင်ကတော့ အဲဒီလိုမမြင်ဘူး။ ဒါက နိုင်ငံတကာမှာလည်း ရှိတယ်လေ။ အဲဒါကို ပရိသတ်က ဆုံးဖြတ် သွားလိမ့်မယ်။ အနုပညာနဲ့ ပတ်သက်လို့ကတော့ နိုင်ငံရေးဦးတည်ချက်တို့၊ စီးပွားရေးဦးတည်ချက်တို့ ဆိုတဲ့ ပေါ်လစီ ကို ဘာမှ မထိခိုက်ဘူးဆိုရင် ခွင့်ပြုသင့်တယ်လို့ ထင်ပါတယ်။

မေး။    ။ အခုဗီဒီယိုလောကမှာ မင်းသားတွေက မိန်းမလျာ(အလှဖန်တီးရှင်)ဇာတ်ရုပ်၊ မင်းသမီးတွေက ယောက်ျား လျာ ဇာတ်ရုပ်တွေကို အများကြီး သရုပ်ဆောင်လာကြတာ တွေ့ရတယ်။ အဲဒါဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။    ။ မြန်မာပြည်မှာက တခုခုအောင်မြင်ပြီးပြီ ပိုက်ဆံရသွားပြီဆိုရင် အဲဒီနောက်ကို စုပြုံလိုက်လာကြတယ်လေ။ အဲဒီလိုမျိုး ရှေ့မှာလည်း ဖြစ်ခဲ့ပြီးပြီ။ ရုပ်ရှင်ကားကြီး ခေတ်ကောင်းတယ်ဆိုပြီး ၀ိုင်းရိုက်လိုက်ကြတာ၊ ဒါကတော့ မြန်မာ့ သဘာဝလို့ပဲပြောမလား စီးပွားရေးသမားတွေရဲ့ ငါးပွက်ရာငါးစာချတဲ့ အကျင့်လို့ပဲ ပြောရမလား မသိပါဘူးဗျာ။ တခြားဟာတွေကို ရိုက်လို့မရတော့ ကာရိုက်တာကို ထူးဆန်းအောင် အဲ့ဒါတွေနဲ့ပဲ လုပ်ကြမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေ တာပါ။

မေး။    ။ ရုပ်ရှင်လောကမှာ ဇာတ်ပို့၊ ဇာတ်ရံ၊ လူကြမ်းတွေ အကယ်ဒမီ မရကြတာများတယ်၊ ဘာကြောင့်လဲ။

ဖြေ။    ။ ဒါကတော့ရှင်းပါတယ်၊ ကြိုးစားအားထုတ်မှု မရှိလို့ပါ။ တချို့ကျတော့လည်း ကံပေါ့နော်။ ကံကိုက အကြောင်း အမျိုးမျိုးကြောင့် လွဲနေတာလည်း ဖြစ်နိုင်တယ်။ တကယ် သေသေချာချာ လုပ်ရင်တော့ သေသေချာချာ ရမှာပါ။ တကြိမ်မဟုတ် တကြိမ်တော့ရမှာပဲလေ။ ဒီမှာလည်း လုပ်စားတဲ့သူက များတယ်ဗျ။ အဲဒီအပေါ်မှာ သေသေ ချာချာ ရူးသွပ်ပြီး လုပ်တဲ့သူနည်းတယ်။

မေး။    ။ အခု တနှစ်တနှစ်ကို ဟာသကားတွေ အများဆုံး ရုံတင်လာကြတာနဲ့ ပတ်သက်လို့ကော ဘယ်လိုမြင်ပါ သလဲ။

ဖြေ။    ။ ဟာသကို လူတွေက ပိုကြိုက်ကြတယ်လေ။ ဘာကြောင့်လဲဆိုတော့ လူတွေက အပြင်မှာ မရယ်နိုင်ကြဘူး လေ။ အဲဒီလို မရယ်နိုင်တော့ ရုပ်ရှင်ရုံထဲမှာ ရယ်ကြရတာပေါ့။ အပြင်မှာ ပွင့်ပွင့်လင်းလင်း ရယ်နိုင်ပြီဆိုတဲ့ အခါ ကျရင်တော့ သူတို့ ကြိုက်ချင်မှ ကြိုက်ကြပါလိမ့်မယ်။

မေး။    ။ ဒါဆို တနှစ် တနှစ်ကို အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ကားတွေ နည်းလာရတာ အခုလိုဟာသကားတွေ ရုံတင် များလာတာနဲ့များ ဆက်စပ်မှုရှိနိုင်မလား။

ဖြေ။    ။ ဆိုင်ပါတယ်။ အကယ်ဒမီ ပေးချင်ပေမယ့်လည်း ပေးလို့မရတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတာပေါ့။ ဟာသ မှာလည်း အမျိုးမျိုးရှိပါတယ်။ တချို့ အဆင့်ရှိတဲ့ဟာသတွေလည်း ရှိတယ်။ နိုင်ငံတကာမှာလည်း အဆင့်ရှိတဲ့ ဟာသ ကားတွေကို တချို့ အကယ်ဒမီပေးကြတယ်လေ။ ဟာသကားတွေ ဆိုပြီး ခြုံပြောလိုက်ရင် အဆင့်ရှိတဲ့ ကားတွေက နစ်နာစရာ ဖြစ်နေမယ်လေ။

မေး။    ။ ကိုမျိုးမင်း ရိုက်တဲ့ကားတွေ တော်တော်များများမှာ ပဟေဠိဆန်ဆန် ဟာသလေးတွေ ရိုက်တာ ဘာကြောင့် လဲ။

ဖြေ။    ။ လူငယ်တွေက စဉ်းစားတဲ့အလုပ်ကို သိပ်မလုပ်ချင်ကြတော့ဘူး။ အဲဒီတော့ စဉ်းစားတဲ့ အလုပ်ကို သူတို့ ပျော်သွားအောင်လို့ ရယ်စရာလေးတွေနဲ့ စဉ်းစားဖြစ်အောင်လို့ ကျနော်တို့က ကြံဖန် ဖြားယောင်းပြီး ရိုက်သွားရတာ ပေါ့နော်။ အဲဒီအတွက်ကြောင့် သူတို့ရယ်လည်း ရယ်ရတယ်၊ ပျော်စရာလည်း ကောင်းတယ် ဆိုတာမျိုးပေါ့။ အဲဒီတော့ ပဟေဠိ ဆန်ဆန်လေးတွေကို သူတို့ စဉ်းစားရတာ ပျော်လာအောင် ကျနော်တို့က ရိုက်သွားတဲ့ သဘောပါ။

မေး။    ။ ရုပ်ရှင်ဆိုတာ ပရိသတ်ကို ငိုအောင်၊ ရယ်အောင်၊ ချစ်အောင်၊ မုန်းအောင် လုပ်နိုင်စွမ်းတယ်ဆိုတဲ့ အပေါ် ကိုမျိုးမင်းရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။

ဖြေ။    ။ အဲဒီလို လုပ်နိုင်စွမ်းတယ် ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် လုပ်နိုင်ခွင့်ရဖို့တော့ ခက်ပါတယ်။ လုပ်နိုင်ခွင့်ရမှ လုပ်နိုင်စွမ်းတာပါ။ လုပ်နိုင်ခွင့်မရဘဲနဲ့တော့ မလုပ်နိုင်ပါဘူး။ အနုပညာဆိုတာကလည်း လွတ်လပ်မှုရှိတဲ့ နေရာမှာသာ ပိုပြီး ဖွံ့ဖြိုးတယ်လေ။

မေး။    ။ မြန်မာ ရုပ်ရှင်လောကကိုရော ဘယ်လိုဝေဖန်ချင်ပါသလဲ။

ဖြေ။    ။ နိုင်ငံတော်က ချထားတဲ့ ဦးတည်ချက်တွေ ရှိတယ်လေ။ အဲဒါတွေကို မထိခိုက်ဘူး၊ ထိခိုက်ဖို့လည်း စိတ်ကူး မရှိဘူး။ အိပ်မက်တောင် မမက်ခဲ့ဘူး။ အဲဒီတော့ အနုပညာကို လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရချင်တယ်။ အဲဒီလို ဖန်တီးခွင့် ရမှလည်း ကျနော်တို့က ကမ္ဘာကို သေသေချာချာ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ချပြနိုင်မယ်လို့ ထင်တယ်။ ဥပမာ - အိန္ဒိယ ကားတွေမှာဆိုရင် သူတို့ ရိုးရာအတိုင်း မင်္ဂလာဆောင်တယ်၊ ကတယ်၊ ဆိုတယ်။ ဒါ သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက် သူ့ဘာသာ သူ ပါပြီးသား၊ ထိန်းသိမ်းပြီးသား။

ကျနော်တို့ကလည်း မြန်မာရဲ့ဓလေ့စရို်က် မြန်မာမှု၊ မြန်မာ့ ဟန်တွေကို ထိန်းသိမ်းရမယ်။ အဲဒီလို ထိန်းသိမ်းတယ် ဆိုတဲ့ နေရာမှာ ထိန်းသိမ်းတာနဲ့ တင်းကျပ်တာ မတူဘူး။ မလိုလားအပ်ဘဲနဲ့ အတင်းကြီး တင်းကျပ်ပြီး ထိန်းသိမ်း နေတယ်ဆိုရင်တော့ ဘယ်လိုမှ ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ကျနော်တို့ ရိုက်တဲ့သူတွေ ကိုယ်နှိုက်ရဲ့အသိကလည်း ငါတို့ဟာ မြန်မာ၊ မြန်မာ လူမျိုးရဲ့ ဂုဏ်သိက္ခာကို မထိခိုက်ရဘူး ဆိုတဲ့ အသိလည်းရှိရမယ်။ ဒါပေမယ့် စီးပွားရေး ဦးတည်ချက်၊ နိုင်ငံရေး ဦးတည်ချက်တွေကို မထိခိုက်ဘူးဆိုရင်တော့ လွတ် လွတ်လပ်လပ် စဉ်းစားတွေးခေါ်ပြီး ကျနော်တို့ လုပ်လို့ရမှ နိုင်ငံတကာကို ထိုးဖောက်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ရှိသလောက်ကို တင်ပြလို့ မရဘူးဖြစ်နေတယ်။

ဥပမာ - စိတ်ကူးအိပ်မက် ဆိုတာ မက်ချင်ရာ မက်မှာပဲလေ။ အဲဒါကိုတောင် ဆင်ဆာဖြတ်ခံရတယ်။ အံ့သြလို့ မဆုံးဘူး။ အဲဒီတော့ စိတ်ကူးထဲအထိ  ဆင်ဆာလိုက်ဖြတ်တယ် ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားရော။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်