“စစ်ရေးအရ ဖြေရှင်းမယ်ဆိုရင် ပြည်သူတွေပဲ နစ်နာမယ်”

ကျင်းပပြီးစီးသွားသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (SSA-S) ၏ သဘောထား၊ ရွေးကောက်ပွဲ အလွန် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအပေါ် စစ်အစိုးရ၏ စစ်ဆင်နိုင်မှု အလားအလာနှင့် လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် SSA-S ၏ အမြင်တို့ကို SSA-S ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် ဧရာဝတီ သတင်းထောက် စိုင်းဇွမ်ဆိုင်းက ဆက်သွယ် မေးမြန်းထားပါသည်။

Yawn_SerkSSA-S ကို ၁၉၉၆ ခုနှစ်တွင် ခွန်ဆာဦးဆောင်သည့် မော်ထိုင်း တပ်မတော်က မြန်မာ စစ်အစိုးရထံ လက်နက်ချပြီး နောက်ပိုင်း ထိုစဉ်က ဗိုလ်မှူးကြီးအဆင့်ရှိ ရွက်ဆစ်က ဦးဆောင်၍ ထူထောင်ခဲ့သည်။ SSA-S သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မယူရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။

မေး ။    ။ မနေ့က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ခဲ့တယ်။ ရှမ်းပြည်မှာလည်း ဒေသခံတွေက ရှမ်းပါတီဖြစ်တဲ့ ကျားဖြူပါတီ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ) ကို မဲထည့်ကြတယ်။ ဒီကိစ္စအပေါ် ဘယ်လိုမြင်လဲ။ ဘာတွေပြောစရာရှိလဲ။

ဖြေ ။    ။ အခုရွေးကောက်ပွဲက ကျနော့်တို့အမြင်မှာတော့ ဘယ်သူ့အတွက်မှ အကောင်းဖြစ်မှာ မဟုတ်ဘူး။ဘာလို့လဲဆိုတော့ သူတို့လုပ်တဲ့ ရွေးကောက်ပွဲက နည်းလမ်းမကျဘူး၊ တရားမျှတမှုလည်း မရှိဘူး။ မြန်မာပြည်ထဲက ပြဿနာတွေကိုလည်း ဘာမှဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ စစ်အစိုးရက သူတို့ရဲ့ အပြစ်တွေကို ရွေးကောက်ပွဲနဲ့ ဖုံးတဲ့သဘောပဲဗျ။ အစိုးရက အဝတ်အစားပဲ ပြောင်းသွားမယ်၊ သူတို့ စိတ်ဓာတ်က ပြောင်းလဲသွားမှာ မဟုတ်ဘူး။ လွှတ်တော်တရပ် ပေါ်လာရင်လည်း အဲဒီလွှတ်တော်က နအဖ စိတ်ဓာတ်နဲ့ပဲ ဆက်သွားနေဦးမှာပဲ။ လူတွေကို အသိပေးချင်တာတခုက အခုအချိန်ထိ မြန်မာပြည်ထဲမှာ မငြိမ်သက်သေးပါဘူး။ ရွေးကောက်ပွဲ ပြီးသွားပေမယ့်လည်း ဒီမိုကရေစီနိုင်ငံဆိုတာ ဖြစ်လာဦးမှာမဟုတ်သေးဘူး။  အဲဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲကနေတဆင့် ဘာမှဖြစ်လာမှာလည်း မဟုတ်ဘူး။

မေး ။    ။ မဲသွားပေးကြတဲ့ ရှမ်းတွေကိုရော ဘယ်လိုထင်လဲ။

ဖြေ ။    ။ သူတို့ကိုတော့ ဘာမှပြောစရာမရှိပါဘူး။ မဲသွားမထည့်ကြပါနဲ့လို့လည်း ကျနော်တို့ မပြောခဲ့ဖူးဘူး။ မဲထည့်ဖို့ ပါတီကို ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် ရွေးချယ်ကြပါ။ စစ်အစိုးရက ကောင်းတယ် မကောင်းဘူးဆိုတာလည်း ကျနော်တို့ ပြောစရာ မလိုတော့ဘူး။ ပြည်သူတွေကိုယ်တိုင်က သိနေပြီပဲ။

မေး ။    ။ ရွေးကောက်ပွဲပြီးရင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ်ကို စစ်အစိုးရက တိုက်ခိုက်မယ်လို့လည်း ပြောနေကြတယ်။ အဲဒီအတွက်ကိုရော ဘယ်လိုပြင်ဆင်ထားလဲ၊ ဘာတွေပြောစရာရှိလဲ။

ဖြေ ။    ။ သူတို့အနေနဲ့ တကယ်တိုက်မလား မတိုက်ဘူးလား ဆိုတာကို ကျနော်တို့တွေ အထူးစောင့်ကြည့်နေပါတယ်။ လက်နက်ကိုင်အဖွဲ့ ဆိုတာမျိုးကတော့ အမြဲတမ်း သတိနဲ့ နေကြတာပဲလေ။ တိုက်၊ မတိုက် ဆိုတာက အစိုးရအပေါ် ပိုပြီး မူတည်နေပါတယ်။

မေး ။    ။ သူတို့ တိုက်လာပြီ ဆိုရင်ရော။

ဖြေ ။    ။ အဲဒါဆိုရင်တော့ ကျနော်တို့ဘက်ကလည်း အဆင်သင့်ပါပဲ။ ကျနော်တို့က အပစ်ရပ်အဖွဲ့ မဟုတ်ဘူးလေ။ သူတို့နဲ့ တိုက်တယ်ဆိုတာက အမြဲတမ်းလိုလို တိုက်နေရတာပဲ။

မေး ။    ။ မကြာသေးခင်တုန်းကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ စစ်ရေးမဟာမိတ်ဖွဲ့ခဲ့ပါတယ်။ အဲဒါကိုရော ဘယ်လိုထင်လဲ။

ဖြေ ။    ။ အဲဒီအဖွဲ့ထဲတော့ ကျနော်တို့အဖွဲ့ရဲ့ အတွင်းရေးကိစ္စတချို့ကြောင့် မပါပါဘူး။ အဲဒါကြောင့် အဲဒီအဖွဲ့ အကြောင်းတွေကိုလည်း မသိပါဘူး။ 

မေး ။    ။ SSA မြောက်ပိုင်းလည်း အဲဒီအဖွဲ့ထဲ ပါတာတွေ့ရတယ်။ အဲဒါကိုရော ဘယ်လိုထင်လဲ။

ဖြေ ။    ။ ဒါက သူတို့ အပစ်ရပ်အဖွဲ့တွေ ကိစ္စပဲလေ။ အပစ်ရပ်အဖွဲ့တွေ ဆုံပြီးတော့ မဟာမိတ်ဖွဲ့ကြတယ် ဆိုတာလောက်ပဲ ကျနော် သိပါတယ်။

မေး ။    ။ အခု မြဝတီမှာ DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ) တပ်တွေ ဝင်တိုက်တဲ့ ကိစ္စကိုရော ဘယ်လိုထင်လဲ။

ဖြေ ။    ။ ဒါကတော့ DKBA တပ်တွေရယ်၊ ပြည်သူလူထုအပေါ်ကို စစ်တပ်က အတင်းဖိအားပေးတာတွေကို ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံး အခုလိုမျိုး တိုက်ကြတယ်လို့ ကျနော်မြင်ပါတယ်။ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်မယ်လို့လည်း ကျနော်ထင်ပါတယ်။

မေး ။    ။ သူတို့က ဒီလိုမျိုးတိုက်နေတော့ SSA တောင်ပိုင်းက ဘာလုပ်ဖို့ စီစဉ်ထားလဲ။

ဖြေ ။    ။ ကျနော်တို့လည်း တိုက်နေတာပဲ အစိုးရတပ်တွေနဲ့။ ရှမ်းပြည်ထဲမှာဆိုရင် နေ့တိုင်းလိုလို တိုက်ပွဲဖြစ်တယ်။ ကူတာတွေ ဘာတွေတော့ နယ်မြေအနေအထားတွေကြောင့်မို့ အခုထက်ထိ မဆုံးဖြတ်ရသေးပါဘူး။

မေး ။    ။ ရှမ်းပြည်လွတ်လပ်ရေးအတွက် ဘာတွေ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိလဲ။

ဖြေ ။    ။ ရှမ်းပြည် လွတ်လပ်ဖို့အတွက်တော့ အဓိကက ပင်လုံစာချုပ်အပေါ် မူတည်နေပါတယ်။ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ဆိုတာလည်း ပင်လုံစာချုပ်အပေါ်မှာပဲ မူတည်နေပါတယ်။ ပြဿနာက တခု။ စစ်အစိုးရကလည်း လုပ်ချင်ရာ လုပ်နေတော့ ပြဿနာက ဘယ်တော့မှ ပြီးတယ်ဆိုတာ မရှိဘူးလေ။ ပင်လုံစာချုပ်ကို အခြေခံပြီးတော့ တွေ့ဆုံဆွေးနွေးမှပဲ ပြဿနာတွေက ဖြေရှင်းပြီးမှာပဲ။ တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ဘဲ စစ်ရေးအရပဲ ဖြေရှင်းသွားမယ်ဆိုရင်တော့ ပြည်သူတွေပဲ နစ်နာနေဦးမှာပဲ။

မေး ။    ။ ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးကို မကြာခင်ကပဲ တိုင်းရင်းသားတချို့နဲ့ နိုင်ငံရေးသမားတွေက တောင်းဆိုပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအပေါ်ကိုရော ဘယ်လိုထင်လဲ။

ဖြေ ။    ။ ဒါကိုတော့ လုံးဝ ထောက်ခံပါတယ်၊ ပြည်တွင်းရေး ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် အရင်းအမြစ်ပဲလေ။

မေး ။    ။ ရှမ်းပြည်နယ်အတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေနေမှုတွေကိုရော SSA-S က ဘယ်လိုမျိုး ဖြေရှင်းပေးသွားမလဲ။

ဖြေ ။    ။ စစ်အစိုးရနဲ့ သူ့ရဲ့ စစ်တပ်တွေက ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက လျော့သွားတယ်ဆိုတာ မရှိဘူး။ ကျနော်တို့ကလည်း ဒီကိစ္စကို ဘာမှ ကျယ်ကျယ်ပြန့်ပြန့် မလုပ်ပေးနိုင်သေးပါဘူး။ ဒါပေမယ့် ကျနော်တို့ တပ်ဖွဲ့တွေရှေ့မှာ ရှမ်းဒေသခံတွေကို အနိုင်ကျင့်တာတွေ အတင်းအဓမ္မ ခိုင်းစေတာတွေ ရှိရင်တော့ လက်နက်နဲ့ပဲ အရင်ဆုံး တိုက်ရမှာပဲ။

မေး ။    ။ သိပ်မကြာခင်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တော့မယ်လို့ သတင်းတွေ ထွက်နေတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ ။    ။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ် ဆိုပေမယ့်လည်း လွတ်လာပြီးနောက်ပိုင်း စစ်အစိုးရက ဘာပြန်လုပ်မလဲဆိုတာ ရှိသေးတယ်။ ကိစ္စတခုခုကို အကြောင်းပြပြီးတော့ ပြန်ပြီးဖမ်းချင်ရင် ဖမ်းနိုင်တာပဲလေ။ ဒါပေမယ့် စစ်အစိုးရအနေနဲ့ လုပ်ချင်တာတွေ မလုပ်နိုင်အောင် ပြည်တွင်းမှာရှိတဲ့သူတွေရော ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရော ဒီမိုကရေစီ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံကြရမယ်။ စစ်အစိုးရကလည်း တကယ့် ဒီမိုကရေစီ နိုင်ငံတော်ကို လိုချင်တယ်ဆိုရင်တော့ သူ့ကို လက်ခံရမယ်၊ သူလုပ်နေတာတွေကို အသိအမှတ်ပြုရမယ်။ အဲဒါမှ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်မယ်။ တကယ်လို့ စစ်အစိုးရက တိုင်းရင်းသားတွေနဲ့ ဆွေးနွေးမယ်လို့ပြောလာရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ သူများတွေကို နောက်ကျောကနေ ဓားနဲ့ထိုးတဲ့ လုပ်ရပ်မျိုး သူတို့မကြာခဏ လုပ်ခဲ့ဖူးပြီလေ။

မေး ။    ။ အခုလောလောဆယ် နယ်စပ်ဂိတ်တွေကို ပိတ်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဘယ်လို ဖိအားပေးမလဲ။ ထိုင်းအစိုးရရဲ့ အနေအထားကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ ။    ။ ဒါက စစ်အစိုးရက ပိတ်ထားတာပါ။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ သတင်းဌာနတွေ၊ မြန်မာနိုင်ငံထဲဝင်မှာကို မလိုလားလို့ ခုလိုပိတ်လိုက်တာပါ။ ဒါကလည်း မကြာခင်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲက ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု မရှိဘူးဆိုတာ ပြနေတာပါ။ တကယ်လို့ သူတို့လုပ်တဲ့ ရွေးကောက်ပွဲက တရားမျှတမယ်ဆိုရင် သူတို့အခုလို နယ်စပ်ဂိတ်တွေ ပိတ်စရာမလိုပါဘူး။ သတင်းဌာနတွေက သတင်းဝင်ယူမယ်၊ နိုင်ငံခြားသတင်းထောက်တွေလည်း သတင်းဝင်ယူမယ်ဆိုတာက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမရှိခဲ့တာ ကြာလှပြီ၊ နိုင်ငံတကာရဲ့ အမြင်မှာထူးဆန်းနေတယ်၊ တကယ်လို့ စစ်အစိုးရက သူ့ရဲ့ ရွေးကောက်ပွဲကို တရားဝင်စေချင်တယ် ဆိုရင်တော့ အကုန်လုံးကို ပေးဝင်ရမှာပဲ။ ထိုင်းနိုင်ငံထဲကို ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ နယ်စပ်က ဒုက္ခသည်တွေကိုလည်း မဲပေးပိုင်ခွင့်ရှိအောင် စစ်အစိုးရက လုပ်ပေးရမယ်။ ဒီလို ကိစ္စတွေအတွက် တံခါးဖွင့်ပေးရမယ်။

မေး ။    ။ အဲဒီလို တံခါးတွေ ပြန်ဖွင့်လာအောင်ရော ဘယ်လိုမျိုး လုပ်ရမလဲ။ Sanction ဆိုတာက စစ်အစိုးရအတွက် တကယ်ရော ထိရောက်မှုရှိတယ် ထင်ရဲ့လား။

ဖြေ ။    ။ စစ်အစိုးရ ပြောပြောနေတဲ့ ဒီမိုကရေစီနိုင်ငံ စစ်စစ်လိုချင်တယ်ဆိုရင်တော့ သူတို့အနေနဲ့ ပြန်ဖွင့်ကို ဖွင့်ရမှာပဲ။ ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ သတင်း၊ မီဒီယာ လွတ်လပ်ခွင့် ဆိုတာကို အရင်ဆုံးလုပ်ပေးရမယ်။ သူတို့က ဒီမိုကရေစီ နိုင်ငံကို လိုချင်တယ်လို့ ပါးစပ်က ပြောပြောနေပြီး တခုမှ မလုပ်ပေးဘူးလေ။ တကယ်တမ်း Sanction ဆိုတာကလည်း စစ်အစိုးရကို ပိတ်နေတယ်သာပြောတယ်၊ သူတို့က တရက်ပြီးတရက် ပိုပို ချမ်းသာလာကြတယ်။

မေး ။    ။ မကြာခင်က စစ်အစိုးရက ရုရှားနိုင်ငံက ဝယ်ထားတဲ့ Mi 24 အမျိုးအစား စစ်သုံးရဟတ်ယာဉ်တွေကို တိုင်းရင်းသား အဖွဲ့တွေကို တိုက်ခိုက်ရာမှာ သုံးလာနိုင်သလား။

ဖြေ ။    ။ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ပြည်တွင်းစစ် ဆင်နွှဲမယ်ဆိုတဲ့လုပ်ရပ်ဟာ မှားမယ့် လုပ်ရပ်တခု ဖြစ်တယ်။ ပြည်တွင်းတော်လှန်ရေး အင်အားစုတွေအပေါ်ကို အခုလိုမျိုး လက်နက်ဆန်းတွေသုံးပြီး ချေမှုန်းတယ်ဆိုတာ အလွန်ရက်စက်တဲ့ လုပ်ရပ်တခုပါ။

မေး ။    ။ ရှမ်းပြည်ထဲမှာ ဖြစ်ပျက်နေတဲ့ မူးယစ်ဆေးဝါး ကိစ္စတွေကိုရော ဘယ်လိုပြောချင်လဲ။

ဖြေ ။    ။ မူးယစ်ဆေးဝါးကိုတော့ ကျနော်တို့ရဲ့ နံပါတ်တစ် ရန်သူအဖြစ် သတ်မှတ်ထားပါတယ်။ အခုချိန်ထိ ရှမ်းပြည်ထဲမှာ မူးယစ် ဆေးဝါးတွေ အမြစ်မပြတ်သေးဘူးဆိုတာက စစ်အစိုးရကြောင့်မို့ပါ။ ဘာလို့လဲဆိုတော့ သူတို့မှာ အာဏာရှိတယ်လေ။ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူတွေလေ။ သူတို့ အုပ်ချုပ်ပုံ နည်းစနစ်မကျတော့ တိုင်းပြည်ထဲမှာ ကုန်ဈေးနှုန်းတွေတက်၊ ပြည်သူတွေ လုပ်နေတဲ့အလုပ်နဲ့လည်း စားဝတ်နေရေး မဖြေရှင်းနိုင်တော့ ဘိန်းစိုက်ကြရတာပေါ့။ ကျနော်တို့ RCSS (သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ) ရဲ့ ပေါ်လစီကတော့ မူးယစ်ဆေးဝါးကို အမြစ်ဖြတ်လိုက်ဖို့ပဲရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လူတယောက်ကို အပြစ်ပုံချ၊ ဖမ်းတာ ဆီးတာ ဆိုတဲ့ ပေါ်လစီမျိုးတွေမရှိပါဘူး။

မူးယစ်ဆေးဝါးကို အမြစ်ကနေ သုတ်သင်ရှင်းလင်းဖို့ အဓိက ပြဿနာ ၄ ချက်ရှိတယ်လို့ RCSS က သတ်မှတ် ထားပါတယ်။

၁- မြန်မာပြည်တွင်းအခြေအနေ၊ ပြည်သူတယောက်ရဲ့ စီးပွားရေးတွေက ပုံမှန်အတိုင်း သွားနိုင်အောင် လုပ်ပေးရမယ်။
၂- တာဝန်ရှိသူတွေကနေ သတင်းထုတ်ပြန်တာတွေ လုပ်ပေးရမယ်။
၃- နိုင်ငံရေး အခြေအနေကို တည်ငြိမ်နေစေရမယ်။
၎- ပညာပေးကိစ္စတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နိုင်စွမ်းရှိရမယ်။

အဲဒါတွေမရှိလို့ အခုလိုမျိုး မူးယစ်ဆေးဝါးတွေ အမြစ်မပြတ်သေးတာ ဖြစ်ပါတယ်။ အခုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာဆိုရင်လည်း ဘိန်းကုန်ကူးတဲ့သူတွေက ကိုယ်စားလှယ်လောင်းတွေအဖြစ် ဝင်ပြိုင်ကြတယ်။ ဒီလိုလူက လွှတ်တော်ထဲ ရောက်သွားပြီဆိုရင် မူးယစ်ဆေးဝါးကိစ္စတွေက ဘယ်လိုလုပ် အမြစ်ပြတ်နိုင်တော့မလဲ။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီကိုလည်း ကျနော်တို့ RCSS ထဲမှာ ဖွဲ့စည်းထားပါတယ်။ မူးယစ်ဆေးဝါးကြောင့် လူငယ်တွေ တော်တော်များများ ထိခိုက်ပျက်စီးကြရတယ်ဆိုတာကို ကျနော်တို့ မြင်ခဲ့လို့ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်ကာလ တလျှောက်လုံး ဘယ်သူ့အကူအညီမှ မယူဘဲနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွေ လုပ်ဆောင်ခဲ့တယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်