အနုပညာရှင်၏ အလင်းရောင်

E-mail Print
ဝတ်လစ္စလစ် မြန်မာအမျိုးသမီးငယ်တဦး … ဗလာကျင်းနေသည့် သူ့ရင်သားအစုံနှင့် မျက်နှာကို လက်နှစ်ဘက်နှင့် ကွယ်ဝှက်ဖို့ ကြိုးစားနေသည်။ သူက ကုတင်ပေါ်တွင် ခပ်ကွေးကွေး အနေအထား တစောင်းအိပ်နေခြင်းဖြစ်သည်။

အချိုးအဆစ် ကျနသော သူ၏ အဝတ်မဲ့ခန္ဓာကိုယ် တခုလုံးပေါ်တွင် ပြူတင်းပေါက်က ဝင်လာသည့် အလင်းရောင် က ဖြာကျနေ၏။ သူ့ကိုယ်သူ ဖုံးကွယ်ဖို့ကြိုးစားနေသည့် ရှက်သွေးဖြာနေပုံကိုက သူ့ အလှတရားကို ဖော်ပြနေ သလိုပင်။

ထိုမြင်ကွင်းကား အသက်ဝင်လှ၏။

ပန်းချီကြီးမြင့်စော၏ “အလင်းရောင်” ဆိုသော ပန်းချီပြပွဲကို ဝင်ဝင်ခြင်း အထက်ပါ ပန်းချီကားက ဆီးကြိုနေ ခြင်းဖြစ်သည်။ ထို ပန်းချီကားကို ပန်းချီဆရာက “ပြူတင်းပေါက်မှ လာသည့် အလင်းရောင်” ဟု အမည် ပေးထားသည်။ ပြပွဲတွင် ယင်းပန်းချီကားက ဈေးအကြီးဆုံး၊ ဈေးနှုန်းမှာ ထိုင်းဘတ် ၁၃၆၀၀၀ (ဒေါ်လာ ၃၆၀၀ ကျော်) ဖြစ်သည်။

သဘာဝအတိုင်းရသည့် အလင်းရောင်၊ လူသားတို့ဖန်တီးထားသည့် အလင်းရောင် .. ထို နှစ်မျိုးစလုံးမှ အရိပ် ဆိုသည့်အရာ ရရှိသည် ..။ ထိုအချက်က သူ့စိတ်ကို တောက်လျှောက်လွှမ်းမိုးကာ ခံစားမှု အတွေးတို့ ရလာပြီး သူ့လက်များက “အလင်းရောင်” ဆိုသည့် ပန်းချီကားများကို ဖန်တီးခဲ့ခြင်းပဲ ဖြစ်သည်။

{slimbox images/multimedia/Painting/01.jpg,images/multimedia/Painting/01-sm.jpg, ပြူတင်းပေါက်မှလာသည့် အလင်းရောင်;images/multimedia/Painting/02.jpg,images/multimedia/Painting/02-sm.jpg, အလင်းရောင်; images/multimedia/Painting/03.jpg,images/multimedia/Painting/03-sm.jpg, အငေး; images/multimedia/Painting/04.jpg,images/multimedia/Painting/04-sm.jpg, Seated Nude; images/multimedia/Painting/05.jpg,images/multimedia/Painting/05-sm.jpg, ရန်ကုန်ည; images/multimedia/Painting/06.jpg,images/multimedia/Painting/06-sm.jpg, ရန်ကုန်ည; images/multimedia/Painting/07.jpg,images/multimedia/Painting/07-sm.jpg, အလင်းနှင့် လိမ္မော်သီး; images/multimedia/Painting/08.jpg,images/multimedia/Painting/08-sm.jpg, Nude နှင့် အလင်းရောင်}

“ကျနော်ကိုယ်တိုင်က အလင်းရောင်ကို တွေ့သွားတာလား၊ ဒါမှမဟုတ် အမှောင်ထဲမှာ ရောက်နေလို့ အလင်းရောင်ကို ငတ်မွတ်နေတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် အဲဒီ အလင်းရောင်ဆိုတဲ့ စကားလုံးကို စိတ်ဝင်စားပြီး သုံးဖြစ်တာပါ” ဟု ပြပွဲခေါင်းစဉ်နှင့် ပတ်သက်၍ ပန်းချီကြီးမြင့်စောက ရှင်းပြသည်။

ပန်းချီကြီးမြင့်စောသည် နှစ်ပေါင်း ၄၀ ခန့် ပန်းချီလောကတွင် ကျင်လည်ခဲ့သူ၊ လူလေးစားခံရသည့် ပန်းချီဆရာ တဦးဖြစ်သည်။ သူကိုယ်တိုင်တော့ ပြပွဲကျင်းပရာ ချင်းမိုင်သို့ မလာနိုင်ခဲ့။ ဧရာဝတီ မဂ္ဂဇင်းက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း ရာတွင် ဖြေကြားခဲ့ခြင်းပဲ ဖြစ်သည်။

ပြပွဲတင်ထားသော သူ၏ Nude ကားများတွင် “အလင်းရောင်” ဆိုသော စကားလုံးကို သုံးစွဲထားကြောင်း တွေ့ရသည်။ သူ၏ အသက် ၇၀ ပြည်မွေးနေ့ အထိမ်းအမှတ် ပန်းချီပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ သုဝဏ္ဏဘူမိ ပန်းချီပြခန်းတွင် ဧပြီ ၂၅ ရက်နေ့က စတင်ကျင်းပခဲ့ရာ ဆီဆေးနှင့် ရေးဆွဲထားသည့် ရန်ကုန်ည ရှုခင်း ပန်းချီ ကား ၁၀ ကားနှင့် Nude ပန်းချီကား ၆ ကား၊ စုစုပေါင်း ၁၆ ကား ပြသထား၏။

ပြပွဲတင်ထားသည့် ပန်းချီကားများတွင် “ရန်ကုန်ည” ပန်းချီကားအများစုက Nude ကားများထက် အရွယ်ငယ် သည်။ ဈေးနှုန်းမှာ ထိုင်းဘတ် ၂၅၀၀၀ (ဒေါ်လာ ၇၀၀ ခန့်) မှ ဘတ် ၁၃၀၀၀၀ ကျော်(ဒေါ်လာ ၃၆၀၀ ခန့်)အထိ ဖြစ်သည်။

အလင်း၊ အမှောင် နှင့် အရိပ် သုံးခုပေါင်းစပ်ကာ ထုထည်ကို ဖြစ်စေသည် ဟူသည့် ပန်းချီသဘောတရားရှိသည်။ ပန်းချီကြီးမြင့်စော၏ Nude ကားများ အားလုံးတွင် အလင်းရောင် နှင့် အရိပ်များ၏ အလှကို မြင်တွေ့ရ၏။

ပြူတင်းပေါက်မှ ဝင်လာသည့် အလင်းရောင်၊ တံခါးပေါက်မှ ဝင်လာသည့် တဝက်တပျက် အလင်းရောင် တို့က ပုံစံအမျိုးမျိုးဖြင့် တည်ရှိနေသည့် အဝတ်မဲ့ မိန်းကလေးများ၏ ခန္ဓာကိုယ်များပေါ် ကျရောက်နေရာ ပျော့ပြောင်း သော ကောက်ကြောင်းများကြောင့် ဖြစ်ပေါ်လာသည့် ထူးခြားသော အရိပ်များကို ပန်းချီဆရာက အမိအရ ရေးဆွဲ ပြထားသည်။

ချင်းမိုင်တွင် နေထိုင်သည့် ပန်းချီမျိုးမြင့်က “သက်ရှိမော်ဒယ်တွေကို ရေးထားတယ်ဆိုတာ သိသာတယ်။ သက်မဲ့ ဓာတ်ပုံကို ကြည့်ရေးရင် ထုထည်က လိုသလို မရဘူး။ အလျား၊ အနံ၊ ထု နဲ့ အလင်းအမှောင် အရိပ်တွေကိုရဖို့က သက်ရှိ တွေကို ကြည့်ရေးမှ ရမယ်” ဟု ရှင်းပြသည်။

သက်ငြိမ်ကားများအဖြစ် ပန်းချီဆရာတိုင်း ပန်းအိုး၊ သစ်သီး၊ ဖန်ခွက် စသည့် သက်မဲ့ ပစ္စည်းများကို ကြည့်ရှု ရေးဆွဲလေ့ရှိကြသည်။ သို့ရာတွင် လူသားကို မော်ဒယ်အဖြစ်ထား၍ ရေးဆွဲဖို့၊ အထူးသဖြင့် လူသား၏ အဝတ်မဲ့ ခန္ဓာကိုယ် ကောက်ကြောင်းကို ရေးဆွဲဖို့က ပန်းချီဆရာတိုင်း အာသာ ပြင်းပြကြသည်ဟု သူက ဆိုသည်။

“Still အနေနဲ့ ပန်းအိုးတို့၊ ရေအိုးတို့၊ သစ်သီးတို့ကို ဆွဲကြတာပဲ ..။ ဒါပေမယ့် လူကိုမှ ဘာလို့ဆွဲချင်တာလည်း ဆိုတော့ သက်မဲ့တွေက လိုင်းမာတယ်၊ လူကျတော့ ပျော့ပြောင်းတယ် ..။ ပျော့တဲ့ လိုင်းတွေကို ရဖို့ Nude တွေ ရေးချင်ကြတာ” ဟု သူက ပြောပြသည်။

လူသား၏ Nude များကို ရေးခြင်းဖြင့် လိုင်း အပျော့များအပြင် ခံစားချက်ကိုပါ ထည့်သွင်းရေးဆွဲနိုင်သဖြင့် စိတ်ဝင်စားဖို့ ကောင်းကြောင်း ပန်းချီမျိုးမြင့်က မျက်နှာကို လက်ဖြင့်ကွယ်ထားသည့် အမျိုးသမီးပုံကို ညွှန်ပြကာ ပြောသည်။

အမျိုးသမီးသုံးဦး ကုတင်ပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် ထိုင်နေသည့် ပန်းချီကားကို “အငေး” ဟု အမည်ပေးထား၏။ ပန်းချီကြီးမြင့်စော၏ Nude ကားတိုင်းမှ မော်ဒယ်များမှာ အဝတ် တမျိုးမျိုးပေါ်တွင် ထိုင်နေ၊ အိပ်နေ .. ပုံစံ အမျိုးမျိုးဖြင့် ရှိနေကြသည်။

“အများသောအားဖြင့်တော့ Nude ကားတွေကိုရေးရင် အဝတ်အောက်ခံမှာ မော်ဒယ် ထိုင်ခိုင်းပြီး ရေးလေ့ရှိတယ်။ အဝတ်ရဲ့ပျော့ပြောင်းမှုနဲ့ လူရဲ့ ပျော့ပြောင်းမှုကို ယှဉ်ရေးကြတယ်။ အဲဒီကရတဲ့ အရိပ်တွေကလည်း အားကောင်းတယ်” ဟု ပန်းချီမျိုးမြင့်က ရှင်းပြသည်။

ပြပွဲသို့လာသည့် ဧည့်သည်ထဲတွင် မြန်မာပြည်က မကြာသေးခင်ကမှ လာလည်သည့် အမျိုးသမီးငယ် တဦးကို လည်းတွေ့ရသည်။ သူကတော့ အလွန်အံ့အားသင့်မိသည်ဟု ဆိုသည်။ ပြခန်းထဲဝင်ဝင်ချင်း တွေ့လိုက်ရသော Nude ပန်းချီကားများက သူ့ကို ကြက်သေသေသွားစေသည်ဟု ပြောပြသည်။

“မြန်မာပြည်မှာ ဒီလို ပန်းချီကားမျိုးတွေ ပြခန်းတင်တာ တခါမှ မတွေ့ဖူးဘူး” ဟု သူက ဆိုသည်။ မြန်မာပြည် မှာတော့ Nude ကားများကို ပြပွဲတင်လိုလျှင် သံရုံးများက ပြပေးမှသာ ဖြစ်နိုင်သည်။ အများပြည်သူ အနေနှင့် ယခုကဲ့သို့သော ပန်းချီကားများကို ကြည့်ရှုခွင့်မရနိုင်။

ဧရာဝတီမဂ္ဂဇင်း၏ ပင်တိုင်ကာတွန်းဆရာ ကိုဟန်လေးကတော့ ပန်းချီကြီးမြင့်စော၏ Nude လက်ရာများမှာ အလွန်မြန်မာဆန်သည် ဟု ပြောပြသည်။ ဆက်လက်၍ သူက မြင်တွေ့ရသည့် ပန်းချီကားများမှာ ကာမစိတ် နိုးကြွ စေသော ပုံများမဟုတ်ဘဲ သဘာဝဘက်ကို ပိုမိုအားသာသည်ဟုဆိုသည်။

“ဘယ်သူမဆို အနုပညာစိတ်နဲ့ ကြည့်နိုင်တဲ့ ကားတွေပါ။ မျက်နှာအမူအရာတွေ၊ အသားအရေတွေ၊ အချိုး အဆက်တွေက မြန်မာဆန်တယ်။ ပြီးတော့ ကြည့်ရတာ လုံးဝ မရိုင်းဘူး” ဟု ကိုဟန်လေးက ပြောသည်။

ပြခန်းတနေရာတွင် ပန်းချီကြီးမြင့်စော၏ ပုံတူကို ကိုဟန်လေးကိုယ်တိုင် ဆီဆေးဖြင့် ရေးဆွဲထားသည် ကိုလည်းမြင်တွေ့ရသည်။

“Nude နှင့် အလင်းရောင်” ဆိုသည့် ပန်းချီကားကို လူအများနှစ်ခြိုက်ကြ သည်။ ဒူးနှစ်လုံးပေါ်တွင် မျက်နှာမှောက်ချကာ ထိုင်နေသည့် ပုံဖြစ်သည်။ “အလင်းနှင့် လိမ္မော်သီး” ဟု အမည် ပေးထားသော ပန်းချီကားမှာ အိပ်ရာပေါ်တွင် ကန့်လန့်ဖြတ် ပက်လက် အနေအထား အိပ်နေသည့် အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်သို့ အလင်းရောင်တဝက် အရိပ်တဝက် ကျနေသည်။ သူ့ဘေးတွင် လိမ္မော်သီးတလုံး ရှိသည်။ သက်ရှိနှင့် သက်မဲ့အရာနှစ်ခုပေါ်သို့ ကျရောက်နေသည့် အလင်း၏ အရိပ်ကို ပန်းချီဆရာက ရေးဆွဲပြထားခြင်း ဖြစ်၏။

“အငေး” ဆိုသည့် ပန်းချီကားမှလွဲ၍ ကျန်ကားများအားလုံးမှာ မော်ဒယ်များ၏ မျက်နှာကို မမြင်ရပေ။

ယခင်က သူနာမည်ကြီးခဲ့သော “ရန်ကုန်ည” ပန်းချီကားများမှာ ဒြပ်ရှိသဘောရေးနည်းဖြင့် ရေးဆွဲထား ခဲ့ခြင်း ဖြစ်သော်လည်း ယခုပြပွဲတွင် ပြသထားသည့် ပန်းချီကားတချို့မှာ ဒြပ်မဲ့ (Abstract) သဘောဖြင့် ရေးဆွဲ ထားသည်ကို မြင်တွေ့ရသည်။

သူ၏ “ရန်ကုန်ည” ပန်းချီကားများကို အမည်ပေးပုံကလည်း ပြောင်းလဲလာသည် ..။ “ရန်ကုန်ည” သက်သက် မဟုတ်တော့ဘဲ “ည၏ဝိဥာဉ်” ဟု အမည်ပေးထားသည့် ကားများလည်းတွေ့ရသည်။

“တကယ်က သူ့ရဲ့ ရန်ကုန်ည ကားတွေချည်းပဲ သတ်သတ်၊ Nude ကားတွေချည်းပဲ သတ်သတ် ပြပွဲ လုပ်နိုင်ရင် ပိုကောင်းမှာ ..။ ခုလို နှစ်ခုရောပြလိုက်တော့ အားကောင်းသင့်သလောက် မကောင်းဘူး” ဟု ပန်းချီမျိုးမြင့်က ဝေဖန်သည်။

ဦးကြီးမြင့်စောသည် စီးပွားရေးတက္ကသိုလ်တွင် သင်္ချာဆရာအဖြစ် သင်ကြားပြသခဲ့ပြီး ၎င်း အသက် ၆၀ တွင်မှ တကိုယ်တော်ပန်းချီပြပွဲ ခင်းကျင်းပြသခဲ့သူဖြစ်သည်။ သူ့ကိုယ်သူ ထိုအချိန်ကျမှ ပန်းချီဆရာအဖြစ် ခံယူ ခဲ့သော်လည်း ထိုကာလတွင် သူ၏ ပန်းချီဆွဲသက်မှာ နှစ် ၃၀ ခန့်ရှိနေပြီဖြစ်သည်။

ယခုပြသထားသည့် Nude ကားများကို လွန်ခဲ့သည့် ၂ နှစ်ကမှ စတင် ဆွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ဖလော်ဘဲ ဆိုတဲ့ ပြင်သစ် စာရေးဆရာကြီးက မဒမ်ဗိုဘာရီ ဆိုတဲ့ ဝတ္ထုကြီးတပုဒ်ကို ရေးတယ်။ အဲဒီဝတ္ထုက အရမ်းနာမည်ကြီးတော့ ဝေဖန်ရေးဆရာတွေက ဝတ္ထုဇာတ်ကောင် မဒမ်ဗိုဘာရီက ဘယ်သူလဲတဲ့။ အဲဒီတော့ ဖလော်ဘဲက ပြန်ဖြေတယ် ငါပဲ တဲ့။ ကျနော်လည်း အဲလိုပဲ ဖြေရမှာပဲ။ အဲဒီ Nude တွေဟာ ဘယ်သူလဲ ဆိုရင် ကျနော်ကိုယ်တိုင်ပဲပေါ့” ဟု ပန်းချီကြီးမြင့်စောက သူ့ Nude ပန်းချီကားများနှင့် ပတ်သက်၍ ပြေားပြသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်