ဒေါ်စု၏ လုံခြုံရေး ပြည်တွင်းပြည်ပတွင် မေးခွန်းထုတ်

E-mail Print
ယမန်နေ့က မြန်မာနိုင်ငံ သတင်းစာများတွင် ဖော်ပြခဲ့သည့် အမေရိကန် နိုင်ငံသားတဦး ဒေါ်အောင်ဆန်း စုကြည်၏အိမ်မှ အပြန်တွင် ဖမ်းဆီးခံရသည် ဟူသော သတင်းမှာ အုတ်အော် သောင်းတင်း ဖြစ်နေသည်။

John William Yeattaw ဟု အမည်ရသော အဆိုပါ ပုဂ္ဂိုလ်သည် ဒေါ်စု၏ နေအိမ်မှ ထွက်လာပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်သည် ဟု အစိုးရက ကြေညာထားသည်။

စစ်အစိုးရက အဖြစ် အပျက် အပြည့်အစုံကို ထုတ်ဖော်ခြင်း မရှိသေးသဖြင့် ရန်ကုန်မြို့ခံ အများအပြားက သတင်းစာတွင် ပါရှိသော အချက်အလက်များကို မယုံတဝက် ယုံတဝက် ဖြစ်နေကြသည်။

နိုင်ငံခြားသားတဦး ဒေါ်စု၏ နေအိမ်သို့ ကျူးကျော် ဝင်ရောက်ခဲ့သည် ဟူသော ဖြစ်ရပ်မှာ ဒေါ်စုအား အကျယ်ချုပ် ချထားမှု ၆ နှစ်ပြည့်တော့မည့် အချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

“အင်းလျားကန် အတွင်း၌ မသင်္ကာဖွယ် နိုင်ငံခြားသား တစ်ဦးသည် ၅ လီတာဝင် ရေသန့်ဘူး အကူအညီဖြင့် ရေ ကူးခပ် နေကြောင်း သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများက ယနေ့နံနက် ၅ နာရီခွဲတွင် တွေ့ရှိ၍ လုံခြုံရေးအရ ခေါ်ယူ စစ်မေးမှု ပြုလုပ်ခဲ့သည်” ဟု စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။ သတင်းတွင် အဆိုပါ ပုဂ္ဂိုလ်၏ ဓာတ်ပုံ ပါဝင်ခြင်း မရှိပေ။

“ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် အတွင်းသို့ တိတ်တဆိတ် လျှို့ဝှက် ဝင်ရောက် နေထိုင်ခဲ့ကြောင်း” ဟု သတင်းတွင် ရေးသားထားသည်။ တနင်္ဂနွေနေ့ညမှ အင်္ဂါနေ့ ညအထိ နေထိုင်ခဲ့သည်ဟု ဆိုသည်။

ရန်ကုန်မြို့ အမေရိကန်သံရုံးက အဆိုပါ ပုဂ္ဂိုလ်အား တွေ့ဆုံခွင့် ရရန် တောင်းဆိုခဲ့သော်လည်း အာဏာပိုင်တို့က လက်မခံဟု သိရသည်။

“သတင်း အချက် အလက်တွေကို ကျနော်တို့ ကိုယ်တိုင် အတည်ပြုချင်ပါတယ်၊ ကျနော်တို့က ဒီပုဂ္ဂိုလ်နဲ့ တိုက်ရိုက် စကား ပြောချင်ပါတယ်” ဟု သံရုံး ပြောခွင့်ရ အရာရှိ Richard Mei က ပြောသည်။

ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သည့် ရန်ကုန် ဒေသခံ ပြည်သူများ၊ စာနယ်ဇင်းသမားများက အဆိုပါ အဖြစ် အပျက်ကို သံသယ ဝင်နေကြသည်။

“ဒီမှာတော့ ဒေါ်စုခြံထဲ ရေကူးပြီး ဝင်သွားတယ် ဆိုတဲ့ သတင်းအကြောင်းကိုပဲ ပြောနေကြတယ်” ဟု အမည် မဖော်လိုသူ ရန်ကုန်မှ စာနယ်ဇင်းသမား တဦးက ပြောသည်။

ဤသတင်းမှာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာ ကျစေလိုသောကြောင့် လည်းကောင်း၊ ဆက်လက် ချုပ်နှောင် ထားလိုသောကြောင့် လည်းကောင်း ထုတ်ပြန်လိုက်သည့် သတင်းဖြစ်သည်ဟု အများက ယူဆကြကြောင်း အဆိုပါ စာနယ်ဇင်းသမားက ပြောပြသည်။

ရန်ကုန်မှ အကူအညီ ပေးရေး အဖွဲ့ တခုတွင် လုပ်ကိုင်နေသူ တဦးကလည်း ဤသတင်းမှာ အခြေအနေများကို ရှုပ်ထွေးစေသည့် သတင်းတပုဒ် ဖြစ်သည်ဟု ဆိုသည်။

“ဒီသတင်းကတော့ လူပြောအများဆုံး သတင်းပဲ၊ ဒါပေမယ့် ဒီသတင်း မှန် မမှန် ဆိုတာကို ဒေါ်စု တယောက်တည်းကပဲ ပြောနိုင်မယ်။ ဘယ်သူမှလည်း မသိဘူး၊ ဘယ်သူမှလည်း ဒေါ်စုကို သွားမမေးနိုင်ဘူး” ဟု သူက ပြောသည်။

ဤသတင်းကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် ပြည်တွင်း ပြည်ပ အတိုက်အခံများက ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အထူး စိုးရိမ်နေကြသည်။

“ဒီသတင်း မှန်တယ် မမှန်ဘူး ဆိုတာကို ကျနော်တို့ အတည်ပြုလို့ မရသေးပါဘူး။ ဒါပေမယ့်လည်း ဒီဖြစ်ရပ်က အမှန် တကယ် ဖြစ်ပျက်ခဲ့တယ် ဆိုရင်တော့ အခြေ အနေတွေက ဒေါ်အောင်ဆန်းစုကြည်အတွက် အင်မတန် အန္တရာယ် ကြီးနေပါတယ်” ဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဟံသာမြင့်က ဧရာဝတီကို ပြောသည်။

“သိတဲ့အတိုင်းပဲ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အင်းလျားကန်စပ်မှာ၊ သူ့ အိမ်ပတ်ဝန်းကျင်မှာ ရှိနေရမှာ ဖြစ်တယ်” ဟု သူက ထောက်ပြသည်။

ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီကလည်း ယမန်နေ့က ကြေညာချက် ထုတ်ပြန်ရာ ဒေါ်စု၏ အသက် အန္တရာယ်အတွက် အထူးစိုးရိမ်သည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာပင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တင်ပြ တောင်းဆိုထားသော အယူခံလွှာအား ပယ်ချလိုက်သည်။ အယူခံတွင် ဥပဒေနှင့် အညီ ခိုင်လုံသော သက်သေ အထောက်အထား မရှိ၍ ပယ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သည့် ၁၉ နှစ်အတွင်း အာဏာပိုင်တို့က ဒေါ်စုအား အကျယ်ချုပ် ချထားသည့် အချိန်မှာ စုစုပေါင်း ၁၃ နှစ် ရှိသည်။ ပြီးခဲ့သည့်နှစ်တွင် အာဏာပိုင်တို့က ဒေါ်စုအား အကျယ်ချုပ် ချသည့် သက်တမ်းကို တနှစ် ထပ်တိုးလိုက်သည်။

အကျယ်ချုပ် သက်တမ်း ကုန်ဆုံးသည့် ရက်စွဲနှင့် ပတ်သက်ပြီး ဒေါ်စု၏ ရှေ့နေ နှင့် အာဏာပိုင်တို့ ဖော်ပြချက်မှာ ကွဲပြားနေသည်။ အကျယ်ချုပ် သက်တမ်းမှာ ယခုလကုန်တွင် ပြီးဆုံးပြီဟု ရှေ့နေက ပြောကြောင်း၊ သို့သော်လည်း အစိုးရကမူ နိုဝင်ဘာလမှသာ သက်တမ်း ကုန်မည်ဟု ပြောကြောင်း အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးဟံသာမြင့်က ရှင်းပြသည်။

အာဏာပိုင်တို့က ဒေါ်စု၏ အိမ်ကို မိတ်ဆွေများ ဝင်ရောက်ခွင့် မပြုဘဲ ဝေယျာဝစ္စ ဆောင်ရွက်ပေးသူ ၂ ဦး၊ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း တို့ကိုသာ ဝင်ထွက်ခွင့် ပြုထားသည်။ ဆရာဝန်က လစဉ် လတိုင်း ပထမဦးဆုံး ကြာသပတေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကျန်းမာရေး စစ်ဆေးရန် သွားရောက် နိုင်ရေးအတွက် အာဏာပိုင်တို့ထံမှ သဘောတူညီချက် ရထားသည်။

ယမန်နေ့က ဒေါက်တာတင်မျိုးဝင်း ဒေါ်စုထံသို့ သွားရောက်ရမည့်နေ့ ဖြစ်သည်။ ဧရာဝတီက ဒေါက်တာတင်မျိုးဝင်းအား ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ် မရသေးပေ။

အစိုးရ၏ သတင်းထုတ်ပြန်ချက်များ မှန်ကန်သည် ဆိုပါက ဒေါ်စု၏ အိမ်အတွင်းသို့ ကျူးကျော် ဝင်ရောက်သည့် အဆိုပါ နိုင်ငံခြားသား၏ နောက်ကွယ်တွင် နိုင်ငံရေး အဖွဲ့အစည်း သို့မဟုတ် အစိုးရ တခုခု ရှိမရှိ၊ တကိုယ်တော် လှုပ်ရှားခြင်း ဟုတ်မဟုတ် စသဖြင့် အများက မေးခွန်း ထုတ်နေကြသည်။

ယခင်ကလည်း နိုင်ငံခြားသား တချို့ မြန်မာပြည် အတွင်းသို့ ဝင်ရောက်ပြီး နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်လေ့ ရှိသည်။ အများစုမှာ ပြည်နှင်ဒဏ် ပေးခံရသည်။

အမေရိကန် ပြည်ထောင်စု အခြေစိုက် မြန်မာ့ ဒီမိုကရေစီအရေး လုပ်ကိုင်နေသည့် အဖွဲ့ တခု ဖြစ်သော US Campaign for Burma က ၎င်းတို့အဖွဲ့အနေဖြင့် သတင်းတွင် ဖော်ပြထားသော အဆိုပါ နိုင်ငံခြားသားနှင့်  ပတ်သက်မှု မရှိကြောင်း ကြေညာထားသည်။ အခြားသော ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် အဖွဲ့များကလည်း အလားတူ ငြင်းဆိုထားသည်။

ဤဖြစ်ရပ် နောက်ပိုင်းတွင် မြန်မာပြည်ရောက် အမေရိကန် နိုင်ငံသားတို့ကို စောင့်ကြည့်မှု ပိုမို များပြားလာသည် ဟု ရန်ကုန်မြို့ သတင်းရပ်ကွက်များက ပြောသည်။

ယမန်နေ့ကလည်း အမေရိကန် စာနယ်ဇင်းသမား ၂ ဦး မြန်မာပြည်မှ နှင်ထုတ်ခံရသည်ဟု သိရသည်။ မန္တလေးတွင် စာနယ်ဇင်း သင်တန်းများ ပြုလုပ်ခဲ့သောကြောင့် အာဏာပိုင်တို့က ၎င်းတို့ ၂ ဦးကို ပြည်နှင်ဒဏ် ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဤဖြစ်ရပ်ကြောင့် အာဏာပိုင်တို့က ဒေါ်စု၏ အိမ်ပတ်ဝန်းကျင်တွင် တာဝန်ကျသော ရဲတပ်ဖွဲ့ဝင်များကို နေရာ အပြောင်းအလဲ ပြုလုပ်လိုက်သည်ဟု ဒေါ်စု၏ အိမ်နီးချင်းများထံမှ သိရသည်။

မကြာသေးမီကလည်း အင်တာနက် ဘလော့စာမျက်နှာများတွင် ဒေါ်စုအား ပုဂ္ဂိုလ်ရေး တိုက်ခိုက် ပုတ်ခတ်မှုတချို့ ပေါ်ထွက်လာသည်။ ထိုတိုက်ခိုက်မှုများမှာ အစိုးရဘက်တော်သားများ၏လက်ချက် ဟု အကဲခတ်များက သုံးသပ်ကြသည်။

“ပြီးခဲ့တဲ့လက အဖွဲ့ချုပ် ဥက္ကဌကို ကျနော် ပြောလိုက်ပါသေးတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ လုပ်ကြံမှုတွေ၊ ပုံမှန်မဟုတ်တဲ့ သတင်းတွေ ထွက်လာနိုင်တယ် ဆိုပြီး ကျနော် ပြောလိုက်တယ်။ အကျယ်ချုပ် သက်တမ်းကလည်း ကုန်တော့မယ်လေ” ဟု အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သည့် ဦးသိန်းညွန့်က ဧရာဝတီကို ပြောပြသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်