ဒေါ်အောင်ဆန်းစုကြည်အမှု အမေရိကန် မူဝါဒ အပြောင်းအလဲကို ထိခိုက်

E-mail Print
ဒေါ်အောင်ဆန်း စုကြည်အား တရားစွဲဆို ခြင်းကြောင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရေး အတွက် အမေရိကန် အစိုးရ၏ ဆောင်ရွက်မှုများ  အခက်အခဲ ဖြစ်နေရသည်ဟု အရှေ့အာရှဆိုင်ရာ နိုင်ငံခြားရေးဌာန အကြီးအကဲတဦးအဖြစ် သမ္မတအိုဘားမား အဆိုပြုထားသူက ပြောကြားလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး မကြာသေးခင်က အဖြစ်အပျက်တွေဟာ အင်မတန့် အင်မတန်ကို စိုးရိမ်စရာတွေ ဖြစ်တယ်၊ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးတက် ဆောင်ရွက်ဖို့ တကယ့်ကို အဟန့်အတား ဖြစ်နေပါတယ်” ဟု အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အဆိုပြုခြင်း ခံထားရသူ Kurt Campbell က အထက် လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ကြားနာပွဲတခုတွင် ပြောကြားလိုက်သည်။

“တရားစွဲဆိုထားမှု အခြေအနေတွေ၊ ပြီးတော့ စစ်အစိုးရက ဘယ်လို ရှေ့ဆက်သွားဖို့ စဉ်းစားနေတယ် ဆိုတာတွေကို ကျနော်တို့ စောင့်ကြည့်နေပါတယ်” ဟု Kurt Campbell က ပြောသည်။ အမေရိကန်အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်နေကြောင်း၊ ယခု တရားစွဲဆိုထားမှုသည် ပြန်လည်သုံးသပ်ရာတွင် ထည့်သွင်း စဉ်းစားရမည့် အချက်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားလိုက်သည်။

နိုင်ငံခြားရေး ကော်မတီ ကြားနာပွဲတွင် အထက်လွှတ်တော်အမတ် James Webb ကလည်း သူ့အနေဖြင့် မြန်မာနိုင်ငံအား ပုံစံအမျိုးမျိုး သုံးပြီး ချဉ်းကပ်ရေးကို နှစ်အတော်ကြာ ဆော်သြခဲ့ဖူးကြောင်း  ပြောကြားလိုက်သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး အရင်နှစ်တွေတုန်းကလည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ ကျနော် ကောင်းကောင်း ဆွေးနွေးဖူးပါတယ်၊ သူ ဝန်ကြီးမဖြစ်ခင်ရော ဖြစ်ပြီးရောမှာပေါ့လေ။ အခု မြန်မာပြည်မှာ နောက်ဆုံးဖြစ်ပေါ်ခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတဲ့ ဖြစ်ရပ်ပါပဲ။ မြန်မာနိုင်ငံမှာ ဒီလို ဖြစ်နေတာ နှစ်ပေါင်း ၆ဝ ရှိပါပြီ၊ တချို့လူတွေ ပြောသလို အနှစ် ၂ဝ မကပါဘူး” ဟု James Webb က ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ၁ဝ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ အဖြစ်အပျက်များနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၏ သြဇာ တဖြည်းဖြည်း ကျဆင်းလာကြောင်း၊ စီးပွားရေး၊ အကူအညီပေးရေး အဖွဲ့ နှင့် အစိုးရနှင့် သက်ဆိုင်သော အဖွဲ့များမှာ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ရကြောင်း James Webb က သုံးသပ်ပြသည်။

“တရုတ် နဲ့ တခြားနိုင်ငံတွေက မြန်မာနိုင်ငံနဲ့ ဆက်သွယ်ရေး စီမံကိန်းတွေ၊ တွင်းထွက်ပစ္စည်း လုပ်ငန်းတွေမှာ အရင်ကထက် ပိုပြီးတော့ ဆက်သွယ် ဆောင်ရွက်နေကြတယ်။ တရုတ်နိုင်ငံ ဆိုရင် သိပ်မကြာသေးခင်ကပဲ ရေနံနဲ့ ပတ်သက်တဲ့ သဘောတူညီချက်ကြီးတခုကို လက်မှတ်ထိုးထားတယ်” ဟု သူက ထောက်ပြသည်။

ကြိုတင် ရေးသား ပြင်ဆင်ထားသော ပြောကြားချက်တွင်မူ Kurt Campbell က မြန်မာ ပြည်သူများ အနေဖြင့် လက်ရှိ ရင်ဆိုင်နေရသည့် အခြေအနေထက် ပိုပြီး  ကောင်းမွန်သည့် အခြေအနေများကို ရရှိထိုက်ပါသည်ဟု ဖော်ပြထားသည်။

“နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က အင်ဒိုနီးရှားမှာ ပြောခဲ့သလိုပဲ ကျနော်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှု နည်းလမ်းရော၊ အာဆီယံရဲ့ အပြု သဘော ဆောင်တဲ့ ချဉ်းကပ်မှု နည်းလမ်းရော အလုပ် မဖြစ်သေးဘူး၊ ဒီတော့ စစ်တပ်၊ အတိုက်အခံ၊ တိုင်းရင်းသား လူမျိုးစုတွေ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်လာမယ့်၊ အကျဉ်းသားတွေ လွတ်မြောက်လာမယ့်၊ ပြုပြင်ပြောင်းလဲရေးတွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်လာမယ့် နည်းလမ်းတွေအတွက် အမေရိကန် အစိုးရက မူဝါဒရေးရာ တွေကို ပြန်သုံးသပ်တာ ဖြစ်ပါတယ်” ဟု သူက ပြောကြားသည်။

“မကြာသေးခင်က စစ်အစိုးရရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြုမူချက်တွေက အင်မတန် ကြီးမားတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒီအချက်တွေကို ကျနော်တို့ မူဝါဒ ပြန်လည်သုံးသပ်တဲ့နေရာမှာ ထည့်သွင်းစဉ်းစားမှာပါ” ဟု ဆိုသည်။

“မူဝါဒ သုံးသပ်မှုကနေ ဘယ်လို အဖြေထွက်လာမယ် ဆိုတာ ကိုတော့ မခန့်မှန်းနိုင်ပါဘူး။ ဒါပေမယ့် ကျနော့်ရဲ့ ချဉ်းကပ်မှုကတော့ ကွန်ဂရက်လွှတ်တော်၊ ဒေသအတွင်းထဲက ကျနော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေ၊ မြန်မာပြည်ကို ပိုပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် ကျနော်တို့ အကောင်းဆုံး ဘယ်လို တွန်းအားပေးနိုင်မယ် ဆိုတာအတွက် မြန်မာပြည်အကြောင်းကို လက်တွေ့ရော သဘောတရားရေးရာအရပါ နားလည်တဲ့ပုဂ္ဂိုလ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆောက်ရွက်ဖို့ပါပဲ”ဟု Kurt Campbell က ပြောကြားသည်။

Mr.Campbell သည် အီရတ်နိုင်ငံ သံအမတ်ကြီးဖြစ်သွားသော ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Christopher Hill ၏ နေရာအတွက် လျာထားခံရသူဖြစ်သည်။ ပင်တဂွန်စစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့၏ အာရှဒေသ၊ နိုင်ငံတကာလုံခြုံရေး၊ ကာကွယ်ရေး မူဝါဒရေးရာ အကြံပေးပုဂ္ဂိုလ်တဦး ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်