နိုင်ငံရေးအမှုလိုက်ရှေ့နေများ ခြိမ်းခြောက် ဖိနှိပ်ခံရ

E-mail Print
မြန်မာနိုင်ငံ၌ လတ်တလော ရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်အမှု အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှား သူများ၏ အမှုလိုက် ရှေ့နေ အများအပြားသည် စစ်အစိုးရ၏ ခြိမ်းခြောက်ဖမ်းဆီး ဖိနှိပ်မှု ဘေးအန္တရာယ်များနှင့် ရင်ဆိုင် နေကြရသည်။

အဆိုပါရှေ့နေများကဲ့သို့ပင် နိုင်ငံရေးလှုပ်ရှားသူများနှင့်ပတ်သက် သူများကိုလည်း စစ်အစိုးရက မကြာခဏ ခြိမ်းခြောက် မှုများ ပြုလုပ်ခြင်း သို့မဟုတ် ရာဇဝတ်မှုများဖြင့် တရားစွဲဆို အရေးယူခြင်းများကို ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုနှင့် ပတ်သက်ပြီး ရှေ့နေများအပါအဝင် ထင်ရှားသည့် လူရွှင်တော်၊ အဆို တော် စသည့် အနုပညာရှင် များ၊ ဆရာဝန် များ၊ ပုဂ္ဂလိက ကျောင်းဆရာများ၊ စာရေးဆရာ၊ သတင်းစာဆရာများ နှင့် ၎င်းတို့၏ မိသားစုဝင်များကိုလည်း စစ်အစိုးရက ခြိမ်းခြောက်အရေးယူမှုများ ပြုလုပ်လေ့ရှိခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ အမှုလိုက်ရှေ့နေတဦးဖြစ်သူ ဦးလှမျိုးမြင့်၏ ဇနီး ဒေါ်ခင်ခင်အေးကို အကြောင်းပြချက်မပေးဘဲ ၎င်း လုပ်ကိုင်နေသော ဗဟို သမဝါယမ အသင်းမှ အလုပ်ထုတ် ပယ် ခဲ့သည်။

တချို့သော ရှေ့နေများသည် ၎င်းတို့၏ ရှေ့နေလိုက်ခွင့် လိုင်စင်များကို ယာယီရုပ်သိမ်းခံရခြင်း၊ အပြီးတိုင် ပယ်ဖျက် ခံရခြင်းနှင့် ထောင်သွင်း အကျဉ်းချခံရခြင်းများပင်ရှိကြောင်း သိရသည်။

နိုင်ငံတဝန်းတွင် ဒီမိုကရေစီရေးလှုပ်ရှားသူများ၏ အကျိုးဆောင် ရှေ့နေ ၁၁ ဦးခန့် လက်ရှိ အကျဉ်းကျ ခံနေရ ဆဲဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ အဆိုအရ ဗဟို တရား ရုံးရှေ့နေများအပါအဝင် ၁၉၈၈ ခုနှစ်မှ စတင်၍ နိုင်ငံတဝန်းတွင် ဥပဒေ နည်းလမ်းတကျ မဟုတ်ဘဲ သတိပေးခံရသူ၊ ယာယီ လိုင်စင်ရုပ်သိမ်းခံရသူ၊ အပြီးတိုင် လိုင်စင်ဖျက်သိမ်းခံရသူ ရှေ့နေပေါင်း ၂၀၇ ဦး ရှိကြောင်း သိရသည်။

“ခင်ဗျားဟာ နိုင်ငံရေးလှုပ်ရှားသူတွေအတွက် အကျိုးဆောင်ပေးတဲ့ ရှေ့နေ တဦးဆိုရင် အချိန်မရွေး ခင်ဗျားရဲ့ ရှေ့နေလိုင်စင် ဖျက်သိမ်းခံရနိုင်တယ်”ဟု နိုင်ငံရေးအမှုလိုက်ရှေ့နေ တဦးဖြစ်သည့် ကိုညီညီလှိုင်က ပြောသည်။

“တခါတလေ တရားရုံးက သူတို့ တရားစီရင်ရေး လုပ်ငန်းစဉ်မှာ စိတ်အခန့်မသင့်တာရှိရင်လည်း ကျနော်တို့ကို အပြစ်ပေးလို့ရတယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုတာမျိုး ရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။

ယမန်နှစ် က တရားရုံး မထီမဲ့မြင်ပြုသည်ဆိုသော အကြောင်းပြချက်ဖြင့် ထောင်ဒဏ် ၄ လ ကျခံခဲ့ရပြီးနောက် ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့က ရှေ့နေလိုင်စင် အပိတ်ခံခဲ့ရသော ထင်ရှားသည့် ရှေ့နေကြီး ဦးအောင်သိန်းက လည်း“ဒီလို အရေး ယူခံရတဲ့ ရှေ့နေက ၂ မျိုး ရှိတယ်၊ ကိုယ်တိုင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် အရေးယူခံရတဲ့ ရှေ့နေနဲ့ နိုင်ငံရေးလှုပ်ရှားသူရဲ့အမှုကို လိုက်ပါ အကျိုးဆောင်လို့ အရေးယူခံရတဲ့ ရှေ့နေ ဆိုပြီးတော့ ၂ မျိုး ရှိ တယ်”ဟု ပြောသည်။

တခြားသော နိုင်ငံရေးအမှုလိုက် ရှေ့နေ တဦးဖြစ်သူ ဦးခင်မောင်ရှိန်သည်လည်း ဦးအောင်သိန်းနှင့် အတူ တရားရုံး မထီမဲ့မြင်မှုဖြင့် ပြီးခဲ့သည့် နှစ်က ထောင်ဒဏ် ၄ လ ကျခံခဲ့ရပြီး မေလ ၁၅ ရက်နေ့တွင်ပင် ၎င်း၏ ရှေ့နေလိုက်ခွင့် လိုင်စင်ကို ပိတ်ပင်ခံခဲ့ရသည်။

“ကျနော်တို့ကို လိုင်စင်ပိတ်လိုက်တာဟာ မျှတမှုမရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တရားရုံးမထီမဲ့မြင်မှုနဲ့ လည်း ထောင် ၄ လ ကျခံခဲ့ရပြီးပြီ”ဟု ဦးအောင်သိန်းက ပြောဆိုသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက နိုင်ငံရေး လှုပ်ရှားသူများ၏ အမှုကို လိုက်ပါ အကျိုးဆောင်မှု အပါအဝင် တရားရုံး မထီမဲ့မြင် မှုဖြင့် ရန်ကုန် တရားရုံး တရုံးက ၎င်းအား စီရင်ချက်ချခံရသည်မှာ မျှတမှုမရှိ၍ ပြန်လည်ချေပခဲ့ ကြောင်း ရှေ့နေ ကိုစောကျော်ကျော်မင်း ကလည်း ပြောသည်။

“ကြည့်မြင်တိုင်မြို့နယ် တရားရုံးမှာ ကျနော်က အစိုးရသက်သေ ရဲ ကို အစစ်ခံဖို့ အတွက် တရားရုံးအနေနဲ့ ဆင့်ခေါ်ဖို့ တောင်းဆိုတယ်၊ ရဲက မလာဘူး၊ အဲဒီလို မလာတော့ ဒါ တရားရုံးကို မထီမဲ့မြင်ပြုတာပဲ၊ တရားရုံး အနေနဲ့ အရေးယူဖမ်းဆီးခွင့်ရှိတယ်လို့ လျှောက်လဲတော့ အဲဒီ တရားသူကြီးမက ရဲ ကို ဖမ်းဖို့ မပြောနဲ့တဲ့၊ ကံမကောင်းရင် ကျနော့် ရှေ့နေလိုင်စင်တောင် အသိမ်းခံရမယ်လို့ ခြိမ်းခြောက်တယ်၊ အဲဒါ တရားရုံးထဲမှာ ပြောတာ”ဟု ၎င်းက ပြောပြသည်။

ကိုစောကျော်ကျော်မင်းသည် တခြားသော နိုင်ငံရေးအမှုလိုက်ရှေ့နေ ကိုညီညီထွေးနှင့်အတူ တရားရုံး မထီမဲ့မြင် မှုဖြင့် ထောင်ဒဏ် ၆ လ တရားရုံးကစီရင်ချက်ချခံရပြီးနောက် ထောင်ချမခံရရန် ထိုင်းမြန်မာနယ်စပ်သို့ထွက်ပြေး တိမ်းရှောင်လာခဲ့သူ ဖြစ်သည်။

နိုင်ငံရေး လှုပ်ရှားသူများ၏ အမှုကို လိုက်ပါအကျိုးဆောင်သည့် တခြားသော ရှေ့နေများသည်လည်း ထိုကဲ့သို့ ခြိမ်းခြောက်အရေးယူခံကြရကြောင်း၊ ယခုကဲ့သို့သော အစိုးရ၏ လုပ်ရပ်သည် ယင်းရှေ့နေများ၏ အသက်မွေးမှု ကိုလည်း ထိခိုက်ကြောင်း လေ့လာသူများက ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်