ဘန်ကီမွန်း ခရီးစဉ် မြန်မာလူထု စိတ်ဝင်စား

E-mail Print
မြန်မာနိုင်ငံသို့ရောက်ရှိနေသော ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်သည် အောင်မြင်မှုရရှိရန် မလွယ်ကူကြောင်း ပြည်သူအများစုက ခန့်မှန်းပြောဆိုနေကြပြီး အထူးစိတ်ဝင်စားလျက်ရှိ သည်ဟု သိရှိရသည်။

အခြေခံအလုပ်သမားလူတန်းစားများ၊ အစိုးရ၀န်ထမ်းအသိုင်းဝန်း၊ နိုင်ငံရေးသမားကြီးများ၊ သတင်းမီဒီယာများနှင့် ကျောင်းသားလူငယ်များ အပါအ၀င် ရန်ကုန်မြို့ရှိအလွှာအသီးသီးမှ ပြည်သူများအား ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်အပေါ်သဘောထားနှင့်ပတ်သက်ပြီး မေးမြန်းရာ ဖြေဆိုသူအားလုံး က အောင်မြင်ရန် ခက်ခဲလှသည်ဟု ပြန်လည်ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လည် လွှတ်ပေးရန် အကြိမ်ကြိမ်တောင်း ဆိုနေ သော အတွင်းရေးမှူးချုပ်၏ တိုက်တွန်းချက်မှာလည်း အကောင်အထည်ပေါ်လာရန် မဖြစ်နိုင်ကြောင်း ဒဂုံ တက္ကသိုလ် ကျောင်းသားတချို့ကပြောသည်။

ပြည်တွင်းသတင်းထောက်တစ်ဦးကလည်း “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့မပြောနဲ့ တွေ့ခွင့်ပေးဖို့ တောင်းတာကိုတောင် အမှုရင်ဆိုင်နေတဲ့သူ ဖြစ်လို့တွေ့ခွင့်ပေးဖို့ စဉ်းစားရဦးမယ်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အတွင်းရေးမှူးချုပ်ကို ပြောတယ်ဆိုတာကိုကြည့်ရင် ဗိုလ်ချုပ်မှူးကြီးဟာ ဘယ်လောက်သဘောထားတင်းမာ သလဲ ဆိုတာသိသာတယ်၊ သူ့ရှေ့မှာ ရောက်နေသူက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်တစ်ဦး၊ ကမ္ဘာ့ ထိပ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်တယ် ဆိုတာကို သူဂရုမစိုက်ဘူးဆိုတာ ထင်ရှားတယ်”ဟု ဆိုသည်။

မစ္စတာဘန်ကီမွန်းမြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းသည် မြန်မာ့နိုင်ငံရေးပြသာနာများ ပြေလည်စေမည့် အဆင့် အမြင့်ဆုံးသော သံတမန်ရေးဖြေရှင်းမှုဖြစ်သကဲ့သို့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အတိုက်အခံနှင့် စစ်အစိုးရ တို့ အကြား တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်စေမည့် တစ်ခုတည်းသော နောက်ဆုံးအခွင့်အလမ်းဆိုလျှင်လည်း မမှား နိုင်ကြောင်း ပြည်သူတချို့က သုံးသပ်သည်။

အထက်တန်းရှေ့နေတဦးကမူ“သံတမန်ရေးနည်းနဲ့ နိုင်ငံရေးအကျပ်အတည်းပြေလည်စေဖို့ ကုလသမဂ္ဂ အထွေ ထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ၀င်ပြီးဖြေရှင်းနေပြီ၊ ဒီတစ်ကြိမ်မှ မအောင်မြင်ရင်ဒါဟာနောက်ဆုံး အခွင့် အရေး ပျက်ပြယ်သွားပြီလို့ ပြောလို့ရတယ်”ဟု ဆိုသည်။

မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်မှ အမျိုး သားရင်ကြားစေ့ရေးအတွက်လမ်းပွင့်နိုင်သော အခြေအနေမျိုးမျှော်လင့် သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့နေ လည်းဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီခရီးစဉ်မှာ NLD လိုချင်တဲ့ဟာတွေ အကုန်လုံးတပြိုင်တည်းရမယ်လို့မမျှော်လင့်ပါဘူး၊ မျှော်လင့်တာက ဒီခရီး စဉ်ကနေပြီးတော့ အမျိုးသားရင်ကြားစေ့ရေး လမ်းပွင့်တဲ့အခြေအနေမျိုးကိုတော့ မျှော်လင့်တယ်”ဟု ဦးဉာဏ်ဝင်း က ဆိုသည်။

မစ္စတာဘန်ကီမွန်းလာရောက်ခြင်းက မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ဘေးဖယ်ထား၍ မရသည်ကို ထောက်ပြခြင်းဖြစ်ပြီး မကြာမီ ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ နိုင်ငံရေးအကျဉ်းသား တချို့လွှတ်ပေးခြင်း စသည့် ဟန်ပြသဘောဆောင်ရွက်ချက်များ စစ်အစိုးရကလုပ်ဆောင်လာနိုင်သည်ဟုရှစ်လေး လုံးအရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သူ ရန်ကုန်တက္ကသိုလ် နည်းပြဆရာဟောင်း တဦးက ပြောသည်။

“ဒေါ်စုကလွဲလို့ အခြားနိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတာမျိုး လုပ်လာနိုင်တယ်၊ နိုင်ငံတကာဖိအားလျော့ နိုင် မယ့် လုပ်ရပ်တွေကိုပဲ အစိုးရရွေးလုပ်လိမ့်မယ် ပုံစံမျိုးရှိတယ်၊ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန် လွှတ် ပေး လိုက်ရင်တောင်မှ ခဏလွှတ်ပြီး အကြောင်းမရှိအကြောင်းရှာ ပြန်ဖမ်းလိမ့်မယ်၊ ဒီလိုမျိုး နိုင်ငံရေးကစားပြီး စစ်အစိုးရ ရပ်တည်လာတာ ကြာနေပြီ”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် အစိုးရနှင့်ပူးပေါင်းပြီး မိမိတို့လိုချင်သော ဒီမိုကရေစီစနစ်သို့ တဖြည်းဖြည်း ပြောင်းယူရမည်ဆိုသော တတိယအင်အားစုများစာရင်းတွင် ပါဝင်သူတဦးက မစ္စတာ ဘန်ကီမွန်း၏ ခရီးစဉ်သည် ရလဒ်ကောင်းတခု ထွက်ပေါ်လာမည်ဟု မှတ်ချက်ပြုသည်။

“ရလဒ်ကောင်းဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တာကို ပြောတာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် မပါဘဲ NLD နဲ့အစိုးရ တိုက်ရိုက်စကားပြောတာမျိုးဖြစ်လာနိုင်တယ်၊ ဒီလို အချိန်မျိုးမှာ NLD က ဒေါ်စုမပါလို့ ဆိုပြီး ဆက်တင်းခံနေမယ် ဆိုရင် အခြေအနေက ပြောင်းဖို့မရှိဘူး”ဟု သူက ဆိုသည်။

မြန်မာနိုင်ငံသို့ မစ္စတာဘန်ကီမွန်းလာရောက်သည့် သတင်းကြောင့် ဇူလိုင် ၃ရက်နေ့ညပိုင်း  မြန်မာ့ရုပ်မြင် သံကြား သတင်း ကြည့်ရှုသူ အရေအတွက်တိုးပွားများပြားလာသကဲ့သို့ ပြည်ပအခြေစိုက် မြန်မာရေဒီယို သတင်း များ နားထောင် ကြသူလည်း များပြားနေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။

မစ္စတာ ဘန်ကီမွန်း၏ ဇူလိုင်လ ၃ ရက်နေ့မှ စတင်သည့် မြန်မာနိုင်ငံ ၂ ရက် ခရီးစဉ်သည် စစ်အစိုးရ၏ ဖိတ်ကြား ချက်အရ လာရောက်ခြင်းဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်