မြန်မာ့စီးပွား ပိတ်ဆို့မှုသက်တမ်း အိုဘားမား တိုးမြှင့်

E-mail Print
စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်အား စီရင်ချက်ချရန် ပြင်ဆင်နေချိန်တွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူသည့် ဥပဒေ ကို သက်တမ်း တိုးမြှင့်လိုက်သည်။

မြန်မာနိုင်ငံမှ သွင်းကုန်များ ၃ နှစ် ပိတ်ပင်ရေး ဥပဒေမူကြမ်းကို အောက်လွှတ်တော်က တညီတညွတ်တည်း အတည်ပြုပြီးနောက် အိုဘားမားက အင်္ဂါနေ့တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန် ကြေညာခဲ့သည်။

ယခင် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများသည် ရက်ပိုင်း အတွင်း သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။
စစ်အစိုးရ ကိုင်တွယ်ခဲ့သည်ဟု ယူဆရသည့် ၂၀၀၃ ခုနှစ် ဒီပဲယင်းဒေသ အကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်းတွင်  မြန်မာပြည်၏ ထွက်ကုန် မှန်သမျှကို အမေရိကန်က စတင် ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။

“မြန်မာပြည်ကို ဖိနှိပ်အုပ်ချုပ်နေတဲ့ လက်ရှိ စစ်အုပ်စုရဲ့ လုပ်သမျှတွေမှာ အကျိုးဆက် ရှိတယ် ဆိုတာ ကျနော်တို့ ပြသဖို့ လိုပါတယ်” ဟု အိုဘားမား၏ ဒီမိုကရက်တစ်ပါတီမှ နယူးယောက် လွှတ်တော်အမတ် Joseph Crowleyက ပြောသည်။

မကြာသေးခင်က မြန်မာပြည်သို့ သွားရောက် လည်ပတ်ခဲ့သော ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပိတ်ပင်မှု အပါအဝင် စစ်အစိုးရက မြန်မာနိုင်ငံသားများ အပေါ် ရက်စက် ကြမ်းကြုတ်မှုများကြောင့် ဒုက္ခသည် ပြဿနာများ ဖြစ်ပွားရမှုများကိုလည်း ၎င်းက ရှုတ်ချ ပြောဆိုလိုက်သည်။

၂ဝဝ၈ ခုနှစ် ဇူလိုင်လအတွင်းက တွမ်လန်းတော့စ် မြန်မာ့ ကျောက်မျက် ရတနာ ပိတ်ပင်ရေး အက်ဥပဒေ ဟု အမည်ရသည့် မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် အဖိုးတန် ကျောက်မျက်များ တင်သွင်းမှုအပေါ် တားမြစ်သည့် ကို အမေရိကန် ပြည်ထောင်စုက ပြဌာန်း၍ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု တဆင့် တိုးမြှင့်ထားသည်။

စီးပွားရေး ပိတ်ဆို့ထားသော်လည်း ကျောက်မျက်များသည် အိမ်နီးချင်းနိုင်ငံများမှတဆင့် နိုင်ငံတကာသို့ ရောက်နိုင်သည် ဟု ရန်ကုန်မြို့မှ ကျောက်စိမ်း ကုန်သည်တဦးက ပြောသည်။

“အကျိုးသက်ရောက်မှု သူ့နည်း သူ့ဟန်တော့ ရှိပါတယ်၊ ဈေးကွက်တွေက အရင်လောက် မကောင်းဘဲ၊ ဈေးကွက် ကျသွားတယ်၊ တန်ရာ တန်ကြေး မရဘူး၊ တရုတ်က အဓိက ဈေးကစားတာပေါ့၊ အာဏာပိုင်က ဘာမှ စိတ်မဝင်စားဘူး၊ ကျောက်ပြပွဲ လုပ်လိုက်ရင် သူ့အတွက် ဘယ်လောက်ရမလဲပဲ စိတ်ဝင်စားတယ်”  ဟု ၎င်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တယောက်ဖြစ်သည့် ဦးဝင်းတင်က စီးပွားရေး ပိတ်ဆို့မှုကို ထောက်ခံသည်ဟု ဆိုသည်။

“ကျနော်တို့မှာ မလှုပ်နိုင် ဖြစ်နေတဲ့ အခြေအနေမျိုးမှာ အခုလို ဒီမိုကရေစီနိုင်ငံကနေ စစ်အစိုးရကို အရေး ယူတဲ့ သဘောနဲ့ စီးပွားရေး ပိတ်ဆို့မှု ထပ်တိုးမြှင့် ချတာဟာ ကောင်းတဲ့ လက္ခဏာပဲလို့ ကျနော် ယူဆတယ်” ဟု ဦးဝင်းတင်က ပြောသည်။

ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံတခု ဖြစ်သော မြန်မာနိုင်ငံသည် ကျောက်စိမ်း၊ ကမ္ဘာ့အလှပဆုံးသော ပတ္တမြား စသည့် ကျောက်မျက်များ ထွက်ရှိသော နိုင်ငံအဖြစ် ထင်ရှားသည့် နိုင်ငံဖြစ်သည်။

တချို့သော အာရှနိုင်ငံများက မြန်မာ့ကျောက်မျက်ကို ဝယ်ယူကြသော်လည်း  သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန် နှင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတို့က မြန်မာ့ကျောက်မျက် တင်သွင်းမှုကို ပိတ်ပင်ထားသည်။

စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းကလည်း ပြီးခဲ့သည့် စက်တင်ဘာလက ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မိန့်ခွန်းပြောရာတွင် စီးပွားရေး ပိတ်ဆို့မှုကို အပြင်းအထန် ကန့်ကွက်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့နိုင်ငံအပေါ် နိုင်ငံကြီးတချို့က တဖက်သတ် အရေးယူ ပိတ်ဆို့နေပါတယ်။ ဒီပိတ်ဆို့မှုတွေဟာ အကျိုး အကြောင်း ညီညွတ်ခြင်း မရှိသလို နိုင်ငံတကာ ဥပဒေတွေနဲ့လည်း မညီပါဘူး။ ဖွံ့ဖြိုး တိုးတက်ရေးကို ထိခိုက်စေပြီး ဆန့်ကျင်ဘက် ဆိုးကျိုးကိုပဲ ဖြစ်စေပါတယ်”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်